ဥရောပဈေးကွက်တွင် ပိုလန်နိုင်ငံထွက် အမဲသား နာမည်ပျက်နေ

ဝါဆော ဖေဖော်ဝါရီ

ပိုလန်နိုင်ငံရှိ သားသတ်ရုံများ၌ ကျန်းမာရေး မကောင်းသည့်နွားများကို အမဲပေါ်သည်ဟူသော သတင်းထွက်ပြီးနောက် ဥရောပသမဂ္ဂ – EU အဖွဲ့ဝင် နိုင်ငံအချို့တွင် ပိုလန်မှ တင်သွင်းလာသည့် အမဲသားများကို ဖေဖော်ဝါရီ ၂ ရက်တွင် သိမ်းဆည်း ဖျက်ဆီးခဲ့သည်။

ယင်း အမဲသားအချို့ကို စားသုံးသူများထံ ရောင်းချခဲ့ပြီးဖြစ်ကြောင်း ပြင်သစ်အာဏာပိုင်များက ပြောသည်။

ပိုလန်ကမူ အမဲသားတင်ပို့ထားသည့် နိုင်ငံများ စိုးရိမ်မှု လျော့ကျစေရန် အားထုတ်နေသလို ကျန်းမာရေးအတွက် အန္တရာယ်မရှိကြောင်း ချေပခဲ့သည်။

သံသယမကင်းဖွယ် အမဲသား ၂ ဒသမ ၇ တန်ကို ပြည်ပသို့ တင်ပို့ခဲ့ကြောင်း ပိုလန်နိုင်ငံမှ တိရစ္ဆာန်ဆေးကုဆရာဝန်များအဖွဲ့ အကြီးအကဲ ပါဝယ်နမ်ချောက်က အတည်ပြုပြောကြားခဲ့သည်။ ထိုစဉ်အတွင်း ဥရောပကော်မရှင်ကလည်း အဖွဲ့ဝင် ၁၃ နိုင်ငံသို့ ရောက်ရှိမည့် အမဲသားများကို ခြေရာခံရန်၊ ဈေးကွက်မှ ရုပ်သိမ်းရန်နှင့် ဖျက်ဆီးပစ်ရန် ပြောသည်။
ဥရောပကော်မရှင်က စစ်ဆေးရေးအဖွဲ့တစ်ဖွဲ့ ပိုလန်သို့ စေလွှတ်မည်ဖြစ်ပြီး သားသတ်ရုံအခြေအနေများကို အကဲဖြတ်စေမည်ဖြစ်ကြောင်း ဥရောပကော်မရှင်ပြောခွင့်ရ အန်ကာပါဒူရာယူက ဆိုသည်။

ပိုလန်အမဲသားများမှာ မလတ်ဆတ်ကြောင်း ဈေးကွက်အတွင်း ဇန်နဝါရီ ဒုတိယအပတ်ကတည်းက သတင်းထွက်ပေါ်ခဲ့ပြီး စစ်ဆေးမှုများကို တတိယအပတ်တွင် စတင်ခဲ့သည်။

သားသတ်ရုံများကို စစ်ဆေးပြီးပါက စည်းကမ်းချက်နှင့်မညီသည်များကို ပြည်ပတင်ပို့ခွင့် ပိတ်ပင်သွားမည်ဖြစ်ပြီး အကယ်၍ အားလုံးနီးပါး စည်းကမ်းမညီပါက ပိုလန်နှင့် ဥရောပ ၁၃နိုင်ငံ ကုန်သွယ်ခွင့်ကို ပြန်လည် စဉ်းစားသွားမည်ဖြစ်ကြောင်း ဥရောပကော်မရှင်က ထုတ်ပြန်ထားသည်။

ပိုလန်နိုင်ငံသို့ သွားရောက်စစ်ဆေးမည့် အဖွဲ့ကို ဖွဲ့စည်းထားပြီးဖြစ်ကာ ဖေဖော်ဝါရီလ ဒုတိယအပတ်မှ စတင်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

AFP

Leave a Reply