ဇာတ်သဘင်အဖွဲ့များ ပွဲချီ ကူးပြောင်းသွားလာတွင် ယာဉ်နှစ်စီး သုံးနိုင်ရန် ညှိနှိုင်းဆောင်ရွက်မည်

အကတိုက် လေ့ကျင့်နေသည့် အနုပညာရှင်အချို့ကို တွေ့ရစဉ်။

မော်လမြိုင် ဖေဖော်ဝါရီ

မွန်ပြည်နယ်ရှိ ဇာတ်သဘင်အဖွဲ့များအနေဖြင့် ပွဲချီ အကူးအပြောင်း ဒေသတစ်ခုမှ တစ်ခုသို့ ကူးသန်းသွားလာရာတွင် လူအတွက် ယာဉ်တစ်စီး၊ ကုန်ပစ္စည်းအတွက် ယာဉ်တစ်စီး၊ ပေါင်း နှစ်စီး အသုံးပြု သွားလာ သယ်ယူပို့ဆောင်နိုင်ရန် ညှိနှိုင်းကြိုးပမ်းမည်ဖြစ်ကြောင်း မွန်ပြည်နယ် သဘင်အစည်းအရုံး အတွင်းရေးမှူး လူရွှင်တော် ကိုဂွတ်ရှယ်က ဖေဖော်ဝါရီ ၁ ရက်တွင် ဟင်္သာသို့ ပြောသည်။

“ပစ္စည်းသက်သက် လူသက်သက်၊ ကျွန်တော်တို့ မွန်ပြည်နယ်မှာ အဲဒီလို ကူးချင်တယ်။ ရန်ကုန်မှာဆိုလည်း တကယ့် အထင်ကရ ဇာတ်တွေက အဲဒီလို ပုံစံမျိုး ကူးနေပါတယ်။ မန္တလေးဘက်မှာလည်း ဇာတ်တွေက အဲဒီလို ကူးနေတယ်”ဟု ၎င်းက ပြောသည်။ အဓိက အခက်အခဲမှာ ပွဲငှားဈေးနှုန်းဖြစ်ပြီး ယခုအချိန်တွင် အလွန်အမင်း ဈေးနှုန်း ကျဆင်းနေကြောင်း ၎င်းကပြောသည်။

“တကယ့် ထင်ပေါ်တဲ့ ဇာတ်တွေတောင်မှပဲ တစ်ညရှစ်သိန်း ကိုးသိန်းရဖို့ မလွယ်ဘူး၊ နေရာအပေါ် မူတည်ပြီးတော့ ရက်အပေါ်မူတည်ပြီးတော့ အဲဒီလောက်ပဲ သွားတာ”ဟု ကိုဂွတ်ရှယ်က ပြောသည်။ နောက် ဆက်လက်၍ “ကျွန်တော်တို့ ဒီပွဲကူးပွဲလာ အခက်အခဲ ဖြစ်တာတွေ ပြုပြင်ဖို့အတွက်ကို ကျွန်တော်တို့ ပွဲဈေးပိုင်းဆိုင်ရာပြုပြင်မှရမယ် ၊ ကျွန်တော် အဲဒီလိုပဲမြင်ပါတယ် ၊ အခုကျွန်တော်တို့ ဖြစ်နေတာ မွန်ပြည်နယ်မှာ ပွဲဈေးတွေ အရမ်း ဆိုးရွားစွာ ကျဆင်းနေတယ်”ဟုလည်း ဖြည့်စွက်ပြောသည်။

လက်ရှိအခြေအနေတွင် ဇာတ်အဖွဲ့များ ဒေသ အကူးအသန်းပြုရာ၌ ယာဉ်နှင့် ဝန် မမျှတ ရာမှ ယာဉ် မတော်တဆ တိမ်းမှောက်မှုအချို့ကို မြင်တွေ့လာရပြီး မလိုလားအပ်သည့် နစ်နာဆုံးရှုံးမှုများ ကြုံတွေ့နေရကြောင်း သိရသည်။ လိုက်ပါသူတို့အတွက်လည်း အန္တရာယ် စိုးရိမ်ရကြောင်း အစည်းအရုံး ဒု ဥက္ကဌ ဦးဆန်းလင်းကပြောသည်။

“အခုကျွန်တော်တို့က ကားတစ်စီးတည်း သွားလာနေရတဲ့ အတွက်ကြောင့်မို့ အခက်အခဲတွေ့တယ်။ နောက် လူတွေ အကုန်လုံး ကုန်အပေါ်မှာ စီးရတာဖြစ်တဲ့အတွက် အန္တရာယ်များပါတယ်”ဟု ၎င်းကဆို၏။

ဇာတ်သဘင်အဖွဲ့ဝင်များ၊ တည်ထောင်သူများ၊ မြို့နယ် ၊ ပြည်နယ်အတွင်းရှိ သက်ဆိုင်ရာ အားလုံး စည်းစည်းလုံးလုံးနှင့် လက်တွဲ ညှိနှိုင်းလုပ်ဆောင်ပါက အဆိုပါ ကိစ္စ ဖြစ်မြောက်နိုင်ကြောင်း သဘင်အစည်းအရုံးဝင်များက မှတ်ချက်ပြုသည်။

မကြာသေးမီ ဇန်နဝါရီ ၂၃ ရက်ကလည်း ကျိူက်ထိုမြို့နယ် ရန်ကုန်- မော်လမြိုင် အဝေးပြေးကားလမ်းတွင် ဇာတ်ပဲွဲ ကားတစ်စီး တိမ်းမှောက်ခဲ့ရာမှ ထိခိုက်ဒဏ်ရာရမှု ပျက်စီးဆုံးရှုံးမှု ဖြစ်စဉ်တစ်ရပ် ဖြစ်ပွားခဲ့သေးသည်။ “လမင်းတစ်ရာ” လူငယ်စံပြသဘင်ဇာတ်အဖွဲ့သား ၁၀ ဦးခန့်နှင့် ဇာတ်သဘင်ပစ္စည်းများ တင်ဆောင်လာသော ၆ ဘီးကုန်တင်ယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးထိုးကျတိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။

မွန်ပြည်နယ်တွင် မြန်မာဇာတ်အဖွဲ့ ၃၅ ဖွဲ့ နှင့် မွန်ဇာတ်အဖွဲ့ ၉ ဖွဲ့ စုစုပေါင်း ၄၄ ဖွဲ့ရှိပြီး အနယ်နယ်အရပ်ရပ် လိုက်လံကပြဖျော်ဖြေလျက်ရှိကြောင်း မွန်ပြည်နယ်သဘင်အစည်းအရုံးထံမှ သိရသည်။

လျှမ်းထက်

Leave a Reply