သုံးနှစ်ပြည့် လွှတ်တော်အပေါ် သူတို့အမြင်

မွန်ပြည်နယ်လွှတ်တော် ပုံမှန်အစည်းအဝေးတစ်ရပ်ကို မြင်တွေ့ရစဉ်။

မွန်ပြည်နယ်လွှတ်တော် ဒုတိယအကြိမ် ပြည်နယ်လွှတ်တော် ၃ နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ဇန်နဝါရီ ၁ ရက်နေ့က ပြည်နယ်လွှတ်တော်ရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

လွှတ်တော် (၃) နှစ်တာ ကာလအတွင်း အားသာချက်များ ရှိခဲ့သလို အားနည်းချက်များရှိခဲ့ကြောင်းကို မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိ ကိုယ်တိုင် အခမ်းအနားတွင် ပြောကြားခဲ့သည်။

ထိုအားသာချက် အားနည်းချက်များနှင့် ပတ်သက်၍ အစိုးရပိုင်း၊ နိုင်ငံရေး လေ့လာသူများနှင့် အရပ်ဖက်အဖွဲ့အစည်းများ၏ အမြင်များကို ဟင်္သာမီဒီယာမှ ကောက်နုတ်ဖော်ပြလိုက်ပါသည်။

ကိုကြည်ဇော်လွင်(နိုင်ငံရေး လေ့လာသူ)

Advertisements

ခုလွှတ်တော်က အပြန်အလှန်ထိန်းကျောင်းမှုတွေနဲ့ လုပ်နေပြီး နောက်တစ်ခုက အရင်လွှတ်တော် သက်တမ်းထက်စာရင် မြေပြင်ကွင်းဆင်းတဲ့ အလုပ်တွေက အရင်လွှတ်တော် သက်တမ်းထက် ပိုပြီးတော့ လုပ်ဖြစ်လာတယ်ဆိုတော့ အားရမှု ရှိတယ်ပေါ့လေ။

ခြုံငုံပြီးတော့ တစ်ခုလုံးကိုပြောတာပါ။ ကဏ္ဍအလိုက်ပြောရရင်တော့ ဥပဒေပြုရေး အပိုင်းကတော့ အားနည်းမှုတွေ ရှိနေသေးတာပေါ့၊ ရှိပြီးသား ဥပဒေမှာ ပြန်သုံးသပ်မှု အပိုင်းမှာ သူတို့တော့ လုပ်နေတာပေါ့နော်၊ လက်တွေ့ အခြအနေမှာ အကောင်အထည်ဖော်တာ အားနည်းတယ်၊ အဲဒီတစ်ချက်တော့ ရှိတယ်။ ရေးရာ ကော်မတီ အပိုင်းနဲ့ ပတ်သက်လာရင် လှုပ်ရှားတာကတော့ တော်တော်လေး အားရမှုရှိတာပေါ့နော်။ တကယ့်ကို လူထုအတွက် လိုအပ်တဲ့ ရေးရာကေ်ာမတီတွေဖွဲ့တယ်။ ထိထိရောက်ရောက်လည်း အလုပ်လုပ်ကြတာပေါ့နော်၊ အဲဒီအပိုင်းတွေရှိတယ်။ နောက်တစ်ခုက အဆိုတွေ မေးခွန်းတွေ အပိုင်းမှာ ကျတော့လည်း လွှတ်တော်ကိုယ်စားလှယ်တွေဘက်က တော်တော်လေး မေးထားတာတော့ ရှိတယ်။

သို့သော်လည်း၊ ဒီအပေါ်မှာပေါ့နော်၊ အများပြည်သူအတွက် ပိုမိုကောင်းမွန်တဲ့ အဖြေရရှိမှု အပိုင်းမှာတော့ တော်တော်လေး အားနည်းမှု ရှိပါတယ်။ ကျန်တာကတော့ အပြင် အစိုးရအဖွဲ့တွေနဲ့ ထိတွေ့ ဆက်ဆံမှု အပိုင်းမှာတော့ အရှိန်တော်တော် ကောင်းတယ်။

အခြားပြည်နယ်နှင့်တိုင်းတွေမှာတော့ သတင်းတွေ ကြားတဲ့ အပေါ်မှာတော့ မွန်လွှတ်တော်ကတော့ အားသာချက်ရှိမယ်လို့ ထင်ပါတယ်။ အပြန်အလှန် ထိန်းကျောင်းမှုက အားကောင်းလာတယ်၊ သတင်းမီဒီယာ ဆက်ဆံတဲ့အပိုင်းတွေ အခြားဆက်ဆံတဲ့ အပိုင်းတွေမှာ လွှတ်တော်ကတော့ အားသာချက်ရှိမှာပါ။

အဓိကကတော့ ဥပဒေပြုရေးအပိုင်းမှာ ဥပဒေကြီး အလုံးစုံ အကောင်အထည်ဖော်လာဖို့ထိ လွှတ်တော်က ထပ်ပြီးတော့ စွမ်းဆောင်ဖို့ လိုဦးမယ် ထင်တယ်၊ နောက်တစ်ခုက လွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့လည်း တကယ်လို့ ဥပဒေပြုတဲ့ အပိုင်းဖြစ်ဖြစ် ထိန်းကျောင်းတဲ့ အပိုင်းဖြစ်ဖြစ် ရေရှည် အမြော်အမြင်ကို စဉ်းစားပေါ့လေ။ ဒီမိုကရေစီရဲ့ တကယ့် အခြေခံ အုတ်မြစ်ကောင်းလေးတစ်ခုကို ကောင်းကောင်းမွန်မွန်ကြီး တည်ထောင်နိုင်မယ်ဆိုတဲ့ဟာမျိုးပေါ့နော်၊
လွှတ်တော်ဘက်က လုပ်ရမယ့်ဟာတွေကို အထူးဂရုပြုလုပ်ဆောင်ဖို့တော့ ပြောလိုပါတယ်။

Advertisements

ဒေါက်တာ မင်းကြည်ဝင်း(ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး)

လွှတ်တော်ဆိုတာ အင်မတန်မှ အလုပ်များပြားတဲ့ နေရာတစ်ခုပေါ့နော် ။ ရွေးချယ်လိုက်တဲ့ ကိုယ်စားလှယ်တွေက ကိုယ့်ရဲ့ ဒေသတစ်ခု မြို့နယ်တစ်ခုကို ကိုယ်စားပြုပြီးတော့ ရွေးချယ်ထားတာဆိုတော့ ဒေသရဲ့ အကျိုး ၊ ဒေသမှာ ရှိနေတဲ့ ပြည်သူတွေရဲ့အကျိုး သယ်ပိုးနိုင်ရမယ်၊ နောက်တစ်ခုက အစိုးရအဖွဲ့နဲ့ ပြန်ပြီးတော့ ချိတ်ဆက်လုပ်ဆောင်ရတယ်၊

ဖွဲ့ထားတဲ့ ရေးရာကော်မတီရဲ့ လုပ်ဆောင်ချက်တွေကိုတော့ အားရတယ်လို့ ပြောလို့ရတယ်ပေါ့၊

အားနည်းတယ်လို့ ပြောလို့မရဘူး၊ သဘောကတော့၊ ဥပမာ ကိုယ့်ပြည်နယ်တွက် ပြုသင့် ပြုထိုက်တဲ့ ဥပဒေပြုရေးနှင့် ဥပဒေကလည်း ပြုထားတဲ့ အားနည်းချက် ရှိရင်ရှိမယ်၊ ဒါကို ပြောင်းလဲဖို့၊ ပြင်ဆင်ဖို့ လိုအပ်တာပေါ့၊ ကျွန်တော်တို့က သက်တမ်းသုံးနှစ်ပြည့်ပြီပေါ့၊ သက်တမ်း နှစ်နှစ်ပဲ ကျန်တော့တယ်။ ပြုစရာရှိတဲ့ ဥပဒေတွေကို ပြုဖို့ပေါ့၊ ဥပမာအားဖြင့် သတ္တုထုတ်လုပ်ရေးနဲ့ ပတ်သက်ပြီး ပြည်နယ်ကို ခွဲဝေပေးလိုက်တဲ့ အသေးစားနဲ့ အလတ်စား လုပ်ငန်းတွေ ရှိတယ်၊ အဲဒီအတွက် ဥပဒေ အမြန်ဆုံး ပေါ်ပေါက်ဖို့ လိုတယ်၊ အဲဒါကို ကျွန်တော်တို့ ဌာနကနေ မူကြမ်းရေးပြီးတော့ တင်လိုက်၊ ဒါကို လွှတ်တော်က အမြန်ဆုံးဆွေးနွေးဖို့ လိုတာပေါ့နော်၊ ဒီဥပဒေထွက်ပြီးရင်လည်း နည်းဥပဒေထွက်ဖို့ လိုတယ်၊ ဒီဥပဒေနဲ့ နည်းဥပဒေထွက်မှ သာလျှင် ခုသူတို့ လွှဲပေးလိုက်တဲ့ အသေးစားနဲ့ လက်လုပ်လက်စား လုပ်ငန်းတွေကို မြန်မြန်ဆန်ဆန်နဲ့ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

ဦးမင်းကျော်လွင်(ပြည်နယ် ဆောက်လုပ်ရေး ဝန်ကြီး)

လွှတ်တော်က ကောင်းကောင်း လုပ်တယ် ။ သူလည်း သူ့အပိုင်း သူလုပ်တာပဲ၊ လွှတ်တော်ကလည်း ကောင်းတဲ့အတွက် တို့လည်း ပိုပြီးတော့ အလုပ်ကို ပိုအာရုံစိုက်ဖြစ်တာပေါ့ ။ ပိုပြီးတော့ ကောင်းတာပေါ့နော်၊ ကော်မတီဖွဲ့တဲ့ နေရာမှာ စနစ်တကျ စီစဉ်ပြီးတော့ အဲဒီလို လုပ်ပေးနိုင်မယ်ဆိုရင်တော့ ဒီအစိုးရပိုင်းကလည်း စိစစ်လုပ်နိုင်မှာပေါ့၊ ရေးရာကော်မတီတွေကို စနစ်တကျ စိစစ်ပြီးတော့ မေးခွန်းတွေ မေးမယ် ၊ လုပ်နိုင်မယ် ဆိုရင်တော့ အစိုးရပိုင်းအနေနဲ့ ပိုပြီးတော့ အာရုံစိုက်နိုင်တာပေါ့၊ အားနည်းတာတော့ မရှိပါဘူး။ ဥပဒေပြုရေး အပိုင်းမှာတော့ ပြည်နယ်အကျိုးအတွက် တိုင်းပြည်အကျိုးတွေ လုပ်နေတဲ့အတွက် ကောင်းအောင်တော့ ဆက်လုပ်သွားမယ်လို့ ပြောတာပဲပေါ့နော်။ စနစ်တကျနဲ့ ပိုကောင်းတာပေါ့နော်။

မင်းအောင်ထူး(မွန်ပြည်နယ် အရပ်ဖက်အဖွဲ့အစည်း ညှိနှိုင်းရေးမှူး)

လွှတ်တော်သုံးနှစ်သက်တမ်းမှာ သူလည်း လုပ်နိုင်သလောက် လုပ်နေတာပေါ့နော်၊ ဒါပေမယ့် ကျွန်တော်တို့ မျှော်မှန်းထားတဲ့ အဲဒီလောက်ထိတော့ မရောက်သေးဘူးပေါ့နော်၊ အဲဒီလိုတော့ ယူဆမိပါတယ်။ တစ်ဖက်မှာက ရေးရာ ကော်မတီရဲ့ လုပ်ငန်းတွေအလိုက် လုပ်ငန်း အကောင်အထည်ဖော်မှုတွေကို လုပ်နေတာတွေရှိတယ်။ သို့သော်လည်းပဲ လွှတ်တော်ဘက်က ဥပဒေတွေ လုပ်ရမယ့် ကိစ္စတွေ အကောင်အထည်ဖော်တဲ့ အပိုင်းမှာ အစိုးရဘက်ကသော်လည်းကောင်း အခြားသောလုပ်ငန်းတွေမှာ နောက်က လိုက်စစ်ဆေးတာမျိုးအားနည်းတယ်။ ကျွန်တော်တို့တွေ့ရသလောက် လွှတ်တော်သက်တမ်းမှာ ဥပဒေပြုခဲ့တာတွေကို ဘာတွေများ အကောင်အထည်ဖော်ပြီးပြီလဲ၊ ဘာတွေများ မလုပ်နိုင်သေးဘူးလဲ၊ လုပ်နိုင်အောင်ရော ဘယ်လိုမျိုးတိုက်တွန်းမလဲ ဆိုတာကို သေသေချာချာ လုပ်စေချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ လွှတ်တော်က ပြုလိုက်တဲ့ ဥပဒေကို တစ်ဖက်က အကောင်အထည်မဖော်နိုင်ဘူးဆိုပြီး ဖြစ်လာတဲ့ အခါမှာ လွှတ်တော်က

ကြိုးစားပမ်းစားလုပ်ထားသမျှတွေဟာ အလကားဖြစ်တယ်။ လူထုအတွက်အကျိုးခံစားခွင့် တကယ်တမ်း ရသင့်တဲ့ဟာတွေက မရတာမျိုးတွေ တွေ့နေရတာပေါ့။

နောက်တစ်ချက်ကတော့ လွှတ်တော်ကိုယ်စားလှယ်သည် ဘယ်အဆင့်မှာရှိနေလဲဆိုတာ လွှတ်တော် ကိုယ်စားလှယ်ကိုယ်တိုင် သိစေချင်တယ်။သိကောင်းသိမှာပေါ့လေ။

တစ်ခါတစ်လေပြည်သူဘက်ကအမြင် အချို့သော ကိစ္စတွေမှာ လွှတ်တော်ကိုယ်စားလှယ်တွေက အုပ်ချုပ်ရေးပိုင်ဆိုင်တဲ့ ကိစ္စတွေ အဲဒီမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ပြီးတော့ လုပ်နေတာတွေ တစ်ခါတစ်လေမှာ တွေ့နေရတာမျိုးတွေရှိတယ်။ အဲဒီဟာမျိုးတွေလည်း နည်းနည်းလေး သတိထားပြီးတော့ ကိုယ့်ဘက်က တာဝန်ပိုင်းကိုလည်း ပိုပြီးတော့ လုပ်စေချင်တယ်။ အားလုံးကိုတော့ မဆိုလိုပါဘူး၊ အချို့ပေါ့လေ။

ထိုက်ထိုက် ၊ စန္ဒာဉာဏ်

Advertisements

Leave a Reply