Advertisements

ဖွဲ့စည်းပုံ ပြင်ဆင်ရေး လက်တွေ့ ခရီးရောက်နိုင်မလား

NLD အစိုးရသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဟူသော ၂ဝ၁၅ ရွေးကောက်ပွဲ ကတိကဝတ်ကို လွှတ်တော်သက်တမ်း သုံးနှစ်အကြာတွင် ခြေလှမ်းပြန်စခဲ့လေပြီ။

ဇန်နဝါရီလ ၂၉ ရက် ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၄) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီဖွဲ့ရန် အရေးကြီးအဆိုတင်သွင်းခဲ့ခြင်းဖြစ်သည်။

ယင်းအဆိုကို လုပ်ထုံးလုပ်နည်းနှင့် မညီညွတ်ဟုဆိုကာ တပ်မတော်သားကိုယ်စားလှယ်များက မတ်တတ်ရပ် ကန့်ကွက်ခဲ့ကြ၏။

သို့သော် မဲပေးခွင့်ရှိသောကိုယ်စားလှယ် ၆ဝ၁ ဦးအနက် ထောက်ခံမဲ ၃၉၄ မဲ၊ ကြားနေ ၃ မဲ၊ ကန့်ကွက် ၁၇ မဲ ဖြင့် ထောက်ခံသူ သုံးပုံတစ်ပုံနှင့်အထက် ရရှိသဖြင့် အဆိုကို အတည်ပြုခဲ့သည်။
လုပ်ထုံးလုပ်နည်းအရမူ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၁၂ အရ အခြေခံဥပဒေပြင်ဆင်ရန် အခြားအဆိုများ မပါရှိသည့် အဆိုကို ဥပဒေမူကြမ်းအဖြစ် ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းကာ လွှတ်တော်ကိုယ်စားလှယ်စုစုပေါင်း၏ ၂ဝ ရာခိုင်နှုန်းက တင်ပြလာလျှင် ပြည်ထောင်စုလွှတ်တော်က လက်ခံဆွေးနွေးမည်ဟု ပါရှိသည်။

Advertisements

မည်သို့ပင်ဆိုစေကာမူ ဖွဲ့စည်းပုံပြင်ဆင်ရေးပူးပေါင်းကော်မတီဖွဲ့ရန်အဆိုကို အတည်ပြုခဲ့ပြီး ယင်းအဆိုကို ဆွေးနွေးမည့် လွှတ်တော်ကိုယ်စားလှယ်များမှ ဇန်နဝါရီ လကုန်တွင် အမည်စာရင်းတင်သွင်းခဲ့ကြသည်။

တစ်ဖက်ကလည်း ပူးပေါင်းကော်မတီဖွဲ့စည်းရန်ကိစ္စကို လွှတ်တော်က အတည်မပြုနိုင်အောင် ကြံ့ခိုင်ရေးပါတီမှ ကန့်ကွက်ဆွေးနွေးသွားမည်ဟုသိရသည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးကို ယခင်ကတည်းက သဘောတူထားပြီးဖြစ်သည်ဟု မိတ္ထီလာလွင်ပြင်မှာ ပြုလုပ်ခဲ့သည့် တပ်မတော် ကြည်း/လေ ပူးပေါင်း လေ့ကျင့်ရေးအပြီး သတင်းထောက်တစ်ဦး၏ မေးမြန်းချက်ကို ဖြေကြားခဲ့သည်။

NLD အနေဖြင့် အရေးကြီးအဆို မတင်သွင်းဘဲ လွှတ်တော်တွင်း ရရှိထားသော မဲအရေအတွက်ဖြင့် လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်နိုင်ကြောင်း ထောက်ပြမှုများလည်းရှိနေသည်။

ယင်းအခြေအနေနှင့် ပတ်သက်၍ မွန်ပြည်နယ်လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ အောင်နိုင်ဦးက ယခုကဲ့သို့ပြောသည်။

“အမှန်တကယ်က ကော်မတီမဖွဲ့လည်း သွားလို့ရတယ်။ ကျွန်တော့်အမြင်ပြောရရင် ကော်မတီဖွဲ့စည်းခြင်းကို မသွားဘဲနဲ့ ဥပဒေကြမ်းအနေနဲ့ ပြင်ဆင်ချင်တဲ့ အပိုဒ်တွေအကုန်လုံး စုစည်းပြီး တင်မယ်ဆိုလည်းရတယ်။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၂ဝရာခိုင်နှုန်း ထောက်ခံချက်နဲ့ သူတို့က တင်သွင်းလို့ရတယ်” ဟုဆိုသည်။

ပုံမှန်ဆောင်ရွက်နိုင်ပါလျက် အရေးကြီးအဆိုတင်သွင်းကာ ကော်မတီဖွဲ့စည်းခြင်းအပေါ် နားလည်မှု ကွဲလွဲကြသည်ဟု ယူဆကြောင်း ၎င်းက ထင်မြင်ချက်ပေးသည်။

နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးကျော်စံဝင်းက “ပြင်လို့ရတယ်။ ဒါပေမဲ့ အရေးကြီးအဆိုသွင်းစရာမလိုဘူး။ ကော်မတီဖွဲ့ဖို့။ ပြောရမယ်ဆိုရင် ၄၃၆ ပေါ့ဗျာ။ ၄၃၆ ကို ပဲပြောကြတာ။ ၄၃၃၊ ၄၃၄၊ ၄၃၅ ဘယ်သူမှ မပြောကြဘူး။ အခြေခံဥပဒေပြင်မယ်ဆိုရင် အဲဒီအခန်း ၁၂ မှာပါတဲ့ ပုဒ်မတွေအတိုင်း လွှတ်တော်က အလုပ်လုပ်ဖို့လိုတယ်” ဟု ပြောသည်။

လွှတ်တော်ရှိ ကိုယ်စားလှယ် အများစုမှာ NLD ပါတီဝင်များဖြစ်သည့်အတွက် ပုဒ်မ ၄၃၅ အရ ကိုယ်စားလှယ် ၂ဝ ရာခိုင်နှုန်း ထောက်ခံလျှင် ပြင်ဆင်ချက် တင်သွင်းနိုင်သည်ဟုဆိုသည်။

NLD က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လေ့လာသုံးသပ် အကြံပြုချက် စာတမ်း တစ်စောင် ထုတ်ပြန်ခဲ့ပြီး ယင်းစာတမ်းတွင် တပ်မတော်၏ အခန်းကဏ္ဍကိုလျှော့ချခြင်း၊ ဒုတိယသမ္မတ တစ်ဦးတည်းထားရှိခြင်း၊ ဒေါ်အောင်ဆန်းစုကြည် သမ္မတအဖြစ် တာဝန်ထမ်း ဆောင်နိုင်ရန် ဟန့်တားနေသည့် ပုဒ်မ ၅၉ (စ) ကို ပယ်ဖျက်ခြင်း၊ အခြေခံဥပဒေ ပြင်ဆင်ရေး ခက်ခဲနေသည့် ပုဒ်မ ၄၃၆ ကို ပြင်ဆင်ခြင်း၊ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်များက ပြည်နယ်/တိုင်းဝန်ကြီးချုပ်များကို တိုက်ရိုက်တင်မြှောက်နိုင်ခြင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပိုမိုရရှိလာခြင်း ဟူသော အဓိက အချက် ၁၇ ချက် ပါဝင်သည်။

လွှတ်တော်တွင် တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းပါဝင်နေမှုကို ပယ်ဖျက်ပါက အခက်အခဲရှိနိုင်သည့်အတွက် အဆိုပါပုဒ်မများကို ချန်လှပ်ကာ တပ်မတော် အခန်းကဏ္ဍပါဝင်မှုမရှိသည့် ပုဒ်မများကို တစ်ဆင့်ချင်း ပြင်နိုင်ကြောင်း ဦးကျော်စံဝင်းကဆိုသည်။

“ဖြည်းဖြည်းချင်းသွားမယ်ဆိုရင်တော့ ဖြစ်နိုင်တယ်။ ပြင်စရာတွေမှ အများကြီး။ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးတို့ ဘာတို့ကိုလည်း ပြည်သူ့လက်ထဲ ထည့်လို့ရတယ်။ အုပ်ချုပ်ရေးပိုင်းကို အရင်ပြင်စမ်းပါ အဲဒါတွေကို ပြင်လို့ရဖို့အတွက် လက်ရှိ အင်န်အယ်လ်ဒီမှာ လုပ်ပိုင်ခွင့် အရှိဆုံး” ဟု ၎င်းကပြောသည်။

မြန်မာ့နိုင်ငံရေးက တပ်မတော် ထွက်ခွာရန်မှာ နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်းမှုများ အမှန်တကယ် လုပ်ဆောင်နိုင်ပြီး လမ်းကြောင်းများပေါ်လာလျှင် တပ်မတော်က ထွက်ခွာသွားမည်ဟု ယုံကြည်ကြောင်း ၎င်းကဆက်ပြောသည်။

“အဓိကကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဆက်ဆံရေးဘယ်လောက်ထိ ကောင်းလည်းဆိုတာ အများကြီးစကားပြောတယ်။ မူတွေ ဘာတွေ ရှိတယ်ဆိုတာကလဲ လူပေါ်လည်း ကြည့်ရသေးတယ်။ နောက်တစ်ခုက ဖြစ်နိုင်တဲ့ ပုဒ်မတွေကို ပြင်မယ်ဆိုရင် မြန်မြန်တော့ ဖြစ်သွားလိမ့်မယ်” ဟုဆိုသည်။

မြန်မာ့နိုင်ငံရေးတွင် တပ်မတော်ကို အလုံးစုံဖြုတ်ချပြီးမှ ဒီမိုကရေစီစစ်စစ်ရမည်ဟု ထင်မြင်ချက်မျိုး ရှိနေပါက ဆွေးနွေးညှိနှိုင်းမှုများသည် အဆင်ပြေနိုင်မည်မဟုတ်ကြောင်း ဦးကျော်စံဝင်းက ထောက်ပြသည်။

ဖွဲ့စည်းပုံပြင်ဆင်ရေး အဆိုမတင်သွင်းခင်က တပ်မတော်၊ အစိုးရနှင့် တိုင်းရင်းသားခေါင်းဆောင်များအကြား အလွတ်သဘော ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်သင့်ကြောင်း ဒေါက်တာအောင်နိုင်ဦးက အကြံပြုသည်။

“တကယ်ပြင်ဆင်သင့် ပြင်ဆင်ထိုက်တာကို တိုင်းရင်းသားပါတီတွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေ တပ်မတော်သားဘက်ကလည်း အကျေအလည်ဆွေးနွေးပြီး ပြင်ဆင်ရယူရင်တော့ အားလုံးအတွက် ကောင်းမယ်လို့ ကျွန်တော်ယူဆတယ်” ဟုဆိုသည်။

ပြင်ဆင်လိုသည့်ပုဒ်မများကို ဘုံသဘောတူညီချက် ရယူကာ အားလုံးပူးပေါင်းဆောင်ရွက်မှုဖြင့် သွားစေချင်သည်ဟု ၎င်းက ဆက်ပြောသည်။

“အဖွဲ့အစည်းတစ်ခုတည်း၊ ပါတီတစ်ခုတည်း အနေနဲ့ သွားမယ်ဆိုရင်တော့ ပူးပေါင်းဆောင်ရွက်မှု အားနည်းသွားနိုင်တဲ့အနေအထားတစ်ခုရှိတယ်။ နောက်ပြီးတော့လည်း တကယ့်ပြင်ဆင်သင့်တဲ့အချက်တွေကို ရယူနိုင်စွမ်း တချို့အပိုင်းတွေ အားနည်းသွားမယ်” ဟုဆိုသည်။

“ဘယ်သူပဲ စစ အခြေခံဥပဒေပြင်ဆင်ရေးကို အားလုံး ပူးပေါင်း ချိတ်ဆက်ပြီးတော့ အကြံ ဉာဏ်ရယူပြီး လုပ်သွားရင်တော့ နိုင်ငံအတွက် ကောင်းတာပေါ့” ဟု ဒေါက်တာအောင်နိုင်ဦးကဆိုပါသည်။

ဖွဲ့စည်းပုံပြင်ဆင်မည့်စံနှုန်းများနှင့် ပတ်သက်၍ မွန်ညီညွတ်ရေးပါတီ တွဲဖက်အတွင်းရေးမှူး ၁ နိုင်လယီတမက အောက်ပါအတိုင်း မေးခွန်းထုတ်လိုက်သည်။

“ဖွဲ့စည်းပုံပြင်မယ်ဆိုတဲ့အခါမှာ ဘယ်လိုပြင်မလဲ။ ဘယ်အတိုင်းအတာထိ ပြင်မလဲ။ ဒီမိုကရေစီ စံချိန်စံညွှန်းမမီတဲ့ ပုဒ်မတွေ၊ ဖက်ဒရယ်စနစ် စံချိန်စံညွှန်းမမီတဲ့ပုဒ်မတွေကို စံချိန်စံညွှန်းမီအောင် ပြင်မလား။ ဒါမှမဟုတ် အပေါ်ယံလောက်ပဲ ပြင်မလားဆိုတာကလည်း ကျွန်တော်တို့ စောင့်ကြည့်ဖို့လိုဦးမယ်” ဟူသည်။

ပုဒ်မ ၄၃၆ ပါ ပြဋ္ဌာန်းချက်အရ တပ်မတော်က ဆန္ဒမရှိလျှင် မပြင်နိုင်သည့် အနေအထားမျိုး ဖြစ်သောကြောင့် ယင်းစိန်ခေါ်မှုကို ကျော်လွှားရန် လွှတ်တော်က နည်းလမ်းရှာသင့်ကြောင်း နိုင်လယီတမက သုံးသပ်ပြောဆိုသည်။

ဖွဲ့စည်းပုံပြင်ဆင်ရေး အမှန်တကယ် ခရီးရောက်နိုင်ရန် တပ်မတော်နှင့် လက်ရှိအစိုးရကြား နားလည်မှုသည် အဓိကကျကြောင်း၊ နိုင်ငံရေးသည်းခံနိုင်မှု မြင့်မြင့်ထားကာ တပ်မတော်နှင့် လုပ်ပိုင်ခွင့်အာဏာများကို ညှိယူနိုင်သည့် အတိုင်းအတာပေါ်မူတည်နေကြောင်း ဦးကျော်စံဝင်းကဆိုသည်။

လက်ရှိတွင် NLD အစိုးရ၏ ဖွဲ့စည်းပုံ ပြင်ဆင်ရေးသည် ယေဘုယျဆန်ကာ ပွင့်လင်းမြင်သာမှု အားနည်းနေပြီး အစိုးရအနေဖြင့် တိုင်းပြည်ကို တည်ဆောက်ချင်သည့် ပုံစံ၊ အတူတကွ ပြင်ဆင်လိုသည့် ပုံစံကို ပွင့်ပွင့်လင်းလင်း ညှိနှိုင်းမှုလုပ်သင့်သည်ဟု ၎င်းကဆိုသည်။

ဖွဲ့စည်းပုံ ပြင်ဆင်ရေး လက်တွေ့ ခရီးရောက်နိုင်ရန်အတွက် ဦးကျော်စံဝင်းက ယခုကဲ့သို့ မှတ်ချက်ပေးသည်။

“ပြင်ဆင်ချင်တဲ့ အချက်တွေကို ပွင့်ပွင့်လင်းလင်းညှိနှိုင်းဖို့ လိုတယ်။ အဓိကက လမ်းတူရင် လူချင်းတွေ့မှာပဲ” ဟုဆိုသည်။

ထိုက်ထိုက် ၊ စန္ဒာဉာဏ်

Advertisements

Leave a Reply