တားမြစ်ကန့်သတ်ကုန် သန္တာကျောက်ပန်းများ မောင်းမကန်ကမ်းခြေ ဈေးကွက်တွင် ရောင်းဝယ်ဖောက်ကားနေ

ထားဝယ် ဖေဖော်ဝါရီ

ပင်လယ်ရေထွက်ပစ္စည်းတွင် ပါဝင်သည့် သန္တာကျောက်တန်းများမှ ချိုးယူလာသော ကျောက်ပန်းများကို ရောင်းဝယ်ခြင်း မပြုရန် တားမြစ် ကန့်သတ်ထားသော်လည်း ယခုနှစ်တွင် မောင်းမကန်ကမ်းခြေရှိ ဈေးဆိုင်များ၌ ရောင်းချလျက်ရှိသည်ဟု စုံစမ်းသိရှိရသည်။

ကမ်းနီးစက်လှေ ရေလုပ်သားများက ကျောက်ပန်းများကို လောင်းလုံးဘုတ်ကျွန်းနှင့် မောင်းမကန်ဘုတ် ကျွန်းများမှ ချိုးယူ တင်သွင်းလာကြောင်း ယင်းဈေးဆိုင်များထံမှ သိရသည်။
ယင်းသို့ မပြုလုပ်ကြရန် ကနဦးတွင် စည်းရုံးရှင်းပြမည်ဖြစ်ပြီး နောင် ဆက် ကျူးလွန်ပါက အရေးယူရမည်ဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာန ထားဝယ်ခရိုင် ဦးစီးမှူး ဦးတင့်အောင်က ပြောသည်။

“ပညာပေးပြီးနောက်ပိုင်း အရေးယူဖို့ စဉ်းစားမယ်”ဟု ၎င်းကဆိုသည်။

သန္တာကျောက်တန်းများဝန်းကျင် ရှင်သန် ကျင်လည် ကျက်စားသည့် ငါးမျိုးစိပ်နှင့်လိပ်များမှာ ရေနေသတ္တဝါများအတွက် အစာကွင်းဆက်ဖြစ်၍ ကျောက်တန်းပျက်စီးလျှင် အစာကွင်းဆက်ထိခိုက်နိုင်ကြောင်း ၎င်းက ဖြည့်စွက်ပြောသည်။

ကျောက်ပန်းများကို မောင်းမကန်ကမ်းခြေရှိ ဈေးဆိုင် ၅ဆိုင်တွင် ဇန်နဝါရီ ၂၉ ရက်က ရောင်းချလျက်ရှိပြီး ကျပ် ၂၅၀၀၊ ၅၀၀၀၊ ၇၅၀၀ စသဖြင့် အရွယ်အစားအလိုက် ဈေးနှုန်းအမျိုးမျိုးဖြင့် ရောင်းချနေကြောင်း သိရသည်။

ထားဝယ်မြို့ခံတစ်ဦးက ယမန်နှစ်တွင် လောင်းလုံးဘုတ်ကျွန်းသို့ သွားရောက် လည်ပတ်စဉ်က ကျောက်ပန်း အများအပြား တွေ့မြင်ခဲ့ရသော်လည်း ယခုလတွင် သွားရောက် လှည်ပတ်ရာ၌မူ မတွေ့ရတော့ကြောင်း ပြောသည်။

“အံ့သြသွားတယ်၊ ကျောက်ပန်းတစ်ပွင့်တောင် တော်တော် ရှာယူရတယ်” ဟု ၎င်းက ဆိုသည်။

ရေသယံဇာတ ထိန်းသိမ်းလိုစိတ် ထက်သန်စေရန် ရေလုပ်သားများကိုသာ အသိပညာပေးခြင်းလုပ်ဆောင်လေ့ရှိခဲ့ရာမှ ယခုမူ ဈေးဆိုင်များကိုလည်း ထည့်သွင်းအသိပညာပေးရမည်ဖြစ်ကြောင်း လောင်းလုံးမြို့နယ်ဦးစီးမှူး ဦးအောင်တင်စောက ပြောသည်။

မြန်မာ့ပင်လယ်ငါးလုပ်ငန်းဥပဒေ ပုဒ်မ၄၀တွင် မည်သူမျှ လိုင်စင်မရှိဘဲ ပင်လယ်ထွက်ပစ္စည်းများကို ရှာဖွေခြင်း၊ စုဆောင်းခြင်းမပြုရဟု တားမြစ်ထားပြီး ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထောင်ဒဏ် ၁၀နှစ်အထိဖြစ်စေ၊ ငွေဒဏ် ကျပ် ၃သိန်းအထိ ဖြစ် စေ၊ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်ရမည်ဟုဖော်ပြထားသည်။

တင့်လွင်

Leave a Reply