ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် နိုင်ငံသားတိုင်း၏ တာဝန်

42

အယ်ဒီတာ့ အာဘော်

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီတစ်ရပ် ဖွဲ့စည်းရန် အရေးကြီးအဆိုကို ပြီးခဲ့တဲ့ဇန်နဝါရီလ ၂၉ ရက်က ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်သို့တင်သွင်းခဲ့သည်။

အဆိုပါဖွဲ့စည်းပုံပြင်ဆင်ရေး အရေးကြီးအဆိုအပေါ် တပ်မတော်သား လွှတ် တော်ကိုယ်စားလှယ်တစ်ဦးက လုပ်ထုံးလုပ်နည်းနှင့်မညီညွတ်ဟုဆိုကာ ကန့်ကွက်ခဲ့သည်။ ပြည်ထောင်စု လွှတ်တော်နာယကက တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်၏ ကန့်ကွက်မှုကို ပယ်ချကာလွှတ်တော် အတွင်း စက်ခလုတ်နှိပ် မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ ၃၉၄ မဲ၊ ကန့်ကွက်မဲ ၁၇ မဲ၊ ကြားနေမဲ ၃ မဲဖြင့် အဆိုပါ အရေးကြီးအဆိုကို အတည်ပြုခဲ့သည်။

အထက်ပါအရေးကြီးအဆိုနှင့် စပ်လျဉ်းပြီး အကျဉ်းချုပ်ဖော်ပြခဲ့ခြင်းသာ ဖြစ်ပါသည်။ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီဖွဲ့စည်းရေး အရေးကြီးအဆိုကိုအတည်ပြုပြီးနောက်ပိုင်း ထွက်ပေါ်လာသော ဂယက်များက ပြည်သူလူထုအတွင်းမှာ အတော်ပဲ ရိုက်ခတ်ခဲ့တာကိုတွေ့ရသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရအပေါ် နိုင်ငံရေးအရ ရှုထောင့်အမျိုးမျိုးက ရေးသားပြောဆိုကြသလို တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များနှင့် တပ်မတော်အပေါ်အမြင်အမျိုးမျိုးဖြင့် ရေးသားပြော ဆိုကြတာတွေကို တွေ့မြင်ရသည်။

ပြောလိုတာကတော့ ယခုလိုပြည်သူလူထုတစ်ရပ်လုံးက စိတ်ဝင်စားသော နိုင်ငံ့အရေးအရာများထဲမှ အရေးကြီးကိစ္စရပ်တစ်ခုအပေါ် ပြည်တွင်းမီဒီယာများအားလုံးနီးပါးကမီဒီယာကျင့်ဝတ်နှင့်အညီ ဂုဏ်သိက္ခာရှိရှိ ရေးသားဖော် ပြလာကြတာကို တွေ့ရှိရခြင်းပဲဖြစ်သည်။ နောက်ဆက်တွဲသဘောထားအမြင်နှင့် ထင်ဟပ်မှုများအပေါ် ဤနေရာတွင် အကျယ်တဝင့် ဆွေးနွေးစရာမရှိပါ။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ နိုင်ငံတော်အခြေခံမူများတွင် ပြဋ္ဌာန်းထားသည့်အတိုင်း နိုင်ငံသားတစ်ဦး ချင်းစီ၏ ရပိုင်ခွင့်သည် ပြဋ္ဌာန်းထားပြီးဖြစ်သည်။ အဆိုပါရပိုင်ခွင့်ဟူသည်မှာ “နိုင်ငံတော်၏ အချုပ်အခြာအာဏာ သည်နိုင်ငံသားတိုင်းထံမှ ဆင်းသက်ပြီး နိုင်ငံတော်တစ်ဝန်းလုံး၌တည်သည်”ဟူသည်ပင်။

ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကို မျှော်မှန်းလျှောက်လှမ်းနေသော မိမိတို့နိုင်ငံအဖို့ ဖွဲ့စည်းပုံပြင် ဆင်ရေး၊ တရားဥပဒေစိုးမိုးရေး၊ တန်းတူညီမျှရေးသာမက မြစ်ဆုံအရေးအပါအဝင်အခြားအခြားများပြားစွာသော အရေးများစွာအတွက် နိုင်ငံသူ၊ နိုင်ငံသားတိုင်းက ဉာဏ်ပညာ၊ မေတ္တာတရားဖြင့် တက်ကြွစွာပါဝင်သွားကြဖို့ပင် ဖြစ်ပါကြောင်း။ ။

အယ်ဒီတာ

၂ ဖေဖော်ဝါရီ ၂၀၁၉

Advertisements

Leave a Reply