မွန်ပြည်နယ်တွင် မြေယာပြဿနာ အများဆုံး တိုင်ကြားခံရ

မော်လမြိုင်၊ ဖေဖော်ဝါရီ ၇

မွန်ပြည်နယ်လွှတ်တော် တိုင်ကြားစာ၊ အသနားခံစာ၊ တင်ပြစာများနှင့် အထွေထွေကိစ္စရပ်များ လေ့လာသုံးသပ်ရေး
ကော်မတီသို့ သုံးနှစ်အတွင်း တင်ပြတိုင်ကြားလာသော တိုင်ကြားစာ ၁၆၇၂ စောင်တွင် မြေယာပြဿနာအများဆုံးဖြစ်ကြောင်း ယင်းကော်မတီဥက္ကဋ္ဌ သထုံမြို့နယ် မဲဆန္ဒနယ် (၂) မှ ဦးအောင်ကျော်သူက ပြောသည်။

ပြီးခဲ့သည် ၂၀၁၆ မှစတင်ကာ ၂ဝ၁၉ ဇန်နဝါရီလအထိ ပြည်သူလူထုမှ တင်ပြ တိုင်ကြားလာသော တိုင်စာပေါင်း ၁၆၇၂ စောင်ရှိခဲ့ပြီး မြေယာပြဿနာနှင့် ပတ်သက်သည့် တိုင်ကြားစာ အများဆုံး ပါဝင်ကြောင်း ဆက်လက်ာသည်။

“တိုင်ကြားမှု ပထမအများဆုံးကတော့ မြေယာပြဿနာပေါ့၊ ဒုတိယကတော့ အုပ်ချုပ်ရေးမှူးကိစ္စတွေပေါ့၊၊ တတိယကတော့ တရားရေးနဲ့ပတ်သက်တဲ့အကြောင်းတွေပါတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်အတွင်း မွန်ပြည်နယ်လွှတ်တော် တိုင်ကြားစာ၊ အသနားခံစာ၊ တင်ပြစာများနှင့် အထွေထွေကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီသို့ လိပ်မူ၍ တင်ပြ၊ တိုင်ကြားလာသည့် တိုင်စာ ၄၂၄ စောင်၊ မိတ္တူပေးပို့လာသည့် တိုင်စာ ၁၆၅ စောင်ရှိခဲ့ပြီး ၂၀၁၇ ခုနှစ်၌ လိပ်မှု၍ တင်ပြ၊ တိုင်ကြားလာသည့် တိုင်စာ ၄၃၅ စောင်၊ မိတ္တူပေးပို့လာသည့်တိုင်စာ ၁၇၄ စောင်နှင့် ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှ ၂၀၁၉ ခုနှစ် ဇန်နဝါရီလအတွင်း မွန်ပြည်နယ်လွှတ်တော် တိုင်ကြားစာ၊ အသနားခံစာ၊ တင်ပြစာများနှင့် အထွေထွေကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီသို့လိပ်မူ၍ တင်ပြ၊ တိုင်ကြားလာသည့် တိုင်စာ ၃၄၄ စောင်၊ မိတ္တူပေးပို့လာသည့်တိုင်စာ ၁၃၀ စောင် လက်ခံရရှိခဲ့ကြောင်း သိရသည်။

ပြည်သူလူထုမှ တင်ပြ၊ တိုင်ကြားလာသည့် တိုင်စာများအပေါ်တွင် ကော်မတီသည် အစည်းအဝေး ၁၅ ကြိမ် ပြုလုပ်ကာအစည်းဝေးဆုံးဖြတ်ချက်ဖြင့် အမှုတွဲ ၉၄ မှုကို မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှတစ်ဆင့် သက်ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများသို့ ညှိနှိုင်းအကြောင်းကြားစာပေးပို့ခဲ့ပြီး အမှုတွဲ ၂၅ မှုမှာ အကြောင်းပြန်စာရရှိခဲ့သောကြောင့် ပြည်သူများထံ ဆောင်ရွက်ထားရှိသည့် အခြေအနေများ ပြန်ကြားခဲ့ကြောင်း ဦးအောင်ကျော်သူ
က ပြောသည်။

ကော်မတီအနေဖြင့် ကွင်းဆင်းဆောင်ရွက်ခြင်း ၂၂ ကြိမ် ပြုလုပ်ခဲ့ကာ အမှုတွဲပေါင်း ၅၆ မှုကို စစ်ဆေးဆောင်ရွက်ခဲ့ပြီး အစီရင်ခံစာများကို မွန်ပြည်နယ်လွှတ်တော် ဥက္ကဌမှ တစ်ဆင့် ပြည်နယ်အစိုးရထံ ပေးပို့ခဲ့ကြောင်း ၎င်းင်းက ပြောသည်။

တင်ပြ၊ တိုင်ကြားလာသည့် တိုင်စာများအပေါ်တွင် လိုအပ်ပါက သက်ဆိုင်ရာတိုင်ကြားသူ၊ တိုင်ကြားခံရသူ၊ ဌာနဆိုင်ရာများနှင့်တွေ့ဆုံ၍ မွန်ပြည်နယ်လွှတ်တော်ရုံးတွင် ကြားနာခြင်းများဆောင်ရွက်ခဲ့ပြီး ကြားနာခြင်း ရှစ်ကြိမ်အတွင်း အမှုပေါင်း ၁၈ မှု ဆောင်ရွက်နိုင်ခဲ့သည်။

ကော်မတီအနေဖြင့် သက်ဆိုင်ရာပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ ပေးပို့ရန်
ကျန်ရှိနေသေးသည့် အမှုများအပေါ် အကြောင်းပြန်ကြားချက်ရရှိပါက ပြည်သူလူထုများထံ ပွင့်လင်းမြင်သာစွာ ချပြသွားမည်ဖြစ်ကြောင်း ဖြည့်စွက်ပြောသည်။

မွန်ပြည်နယ်လွှတ်တော် တိုင်ကြားစာ၊ အသနားခံစာ၊ တင်ပြစာများနှင့် အထွေထွေကိစ္စရပ်များ လေ့လာသုံးသပ်ရေး ကော်မတီကို ၂ဝ၁၃ ခုနှစ်၊ ပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၆၂အရ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးဆုံးဖြတ်ချက်ဖြင့်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့်ပြင်ပပညာရှင် (နိုင်ငံသားများ) ပါဝင်သောအဖွဲ့ဝင် ၁၃ ဦးဖြင့် ဖွဲ့စည်းခဲ့ခြင်းသည်။

ထိုက်ထိုက်

Leave a Reply