မွန်ပြည်နယ် လွှတ်တော်တွင် information စင်တာ ထားရှိမည်

မော်လမြိုင် ဖေဖော်ဝါရီ ၇

မွန်ပြည်နယ်လွှတ်တော်တွင် လွှတ်တော်နှင့်ပြည်သူများအကြား သတင်းအချက်အလက်များကို သိရှိစေနိုင်ရန်အတွက် information စင်တာတစ်ခု ထားရှိသွားရန် စီစဉ်လျက်ရှိကြောင်း မွန်ပြည်နယ်လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

ယင်းအစီအစဉ်အတွက် UNDP မှ ကွန်ပျူတာများနှင့် နည်းပညာများကို ပံ့ပိုးကူညီပေးမည်ဖြစ်ပြီး ယခုလကုန်ပိုင်းတွင် ကွန်ပျူတာ စုစုပေါင်း အလုံး ၂၀ လာရောက် ပေးအပ်မည်ဖြစ်ကြောင်း ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

လွှတ်တော်က အဆိုပါစင်တာအတွက် ဒေတာသိုလှောင်နိုင်မည့် စင်တာတစ်ခု ဆောက်လုပ်နိုင်ရန် ဘတ်ဂျက်တင်ပြတောင်းခံထားပြီး လာမည့် ၂၀၁၉ နှစ်လယ်ပိုင်းတွင် စတင်နိုင်ရန် မျှော်မှန်းထားကြောင်း၊ အဆိုပါစင်တာ ပြီးမြောက်ပါက လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာများကို လွှတ်တော်မှအလွယ်တကူဆက်သွယ်နိုင်သည့် နည်းလမ်းများ ထားရှိမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောသည်။

“ရုံးမှာ သိမ်းထားတဲ့ စာအုပ်တွေ၊ စာရွက်စာတမ်းတွေကို ကိုယ်စားလှယ်တွေအနေနဲ့ ပြည်သူလူထုထဲရောက်လို့ ပြည်သူလူထုက သိချင်တာမေးရင် သူ့ဖုန်းကတစ်ဆင့် ဖတ်လို့ရအောင် ဖန်တီးပေးတဲ့ သဘောပါ” ဟု ရှင်းပြသည်။

ပြည်သူလူထုမှ သတင်းအချက်အလက်များကို သိရှိနိုင်ရန်အတွက် ဝက်ဘ်ဆိုက်၊ ပေ့ချ်၊ ကိုယ်ပိုင်ဆော့ဝဲလ်ပုံစံသော်လည်းကောင်း တစ်နည်းနည်းဖြင့် လုပ်ဆောင်သွားရန်ရှိကြောင်းသိရသည်။

တေဇ

Leave a Reply