မွန်တွင် ဆားဈေးနှုန်းများ မြင့်တက်

မော်လမြိုင် ဖေဖော်ဝါရီ ၈

မွန်ပြည်နယ်တွင် ဆားကွင်းပျက်စီးမှုများရှိခဲ့သော်လည်း ဝယ်လိုအား မြင့်တက်နေဆဲဖြစ်သောကြောင့် ဆားဈေးနှုန်းများ မြင့်နေကြောင်း ပငဆားကွင်းမန်နေဂျာ ဦးကျော်လွင်က ဟင်္သာမီဒီယာသို့ ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၈ ရက်တွင် မိုးရွာသွန်းမှုကြောင့် နေလှန်းဆားပိဿာချိန် ၁၃သိန်းနီးပါး ပျက်စီး ဆုံးရှုံးခဲ့သော်လည်း ပြည်တွင်းဝယ်လိုအား ကျဆင်းသွားခြင်းမရှိသောကြောင့် ဈေးကောင်းရနေကြောင်း ဆက်လက်ပြောသည်။

“ပြီးခဲ့တဲ့လက ကျွန်တော်တို့ ဆားတွေက နေလှန်းထားတုံး၊ ရေသွင်းထားတုန်းပဲ ရှိသေးတယ်၊ မိုးရွာတော့ အကုန်ပျက်ကုန်တယ်၊ ပြည်တွင်းအဝယ်က မပြတ်တော့ ဈေးကကောင်းနေတုန်းပဲ၊ အရင်နှစ်တွေထက်စာရင် ဈေးအများကြီးကောင်းတယ်”ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ဆားကြမ်းတစ်ပိဿာ ကျပ်၂၆ဝ ၊ ဆားချောတစ်ပိဿာကျပ် ၃၁ဝ အထိ ပေါက်ဈေးရှိနေပြီး ယခင်က ဆားကြမ်း တစ်ပိဿာကျပ် ၂ဝဝ ၊ ဆားချော တစ်ပိဿာကျပ် ၂၄ဝ ဖြင့် ရောင်းချခဲ့သည်။

ဇန်နဝါရီလလယ်တွင် ပုံမှန် ဆားကျုံးနိုင်သော အချိန်ဖြစ်သော်လည်း ဆားများ ပျက်စီးခဲ့သောကြောင့် ဇန်နဝါရီလကုန် သို့မဟုတ် ဖေဖော်ဝါရီလမှသာ ဆားကျုံးရမည်ဖြစ်ပြီး ဈေးနှုန်း ဆက်လက်မြင့်နေမည်ဟု မျှော်လင့်ကြောင်း ၎င်းကသုံးသပ်ပြောဆိုသည်။

နေလှန်းဆားများ ပျက်စီးသွားသောကြောင့် တောင်သူများအနေဖြင့် အချိန်ကုန် လူပင်ပန်းဖြစ်ခဲ့ရသောကြောင့် ဆားကျုံးရာသီတွင် အဖွင့်ဈေးကောင်းမှ ပျက်စီးမှုတန်ဖိုးကို ကာဗာလုပ်နိုင်မည်ဖြစ်ကြောင်း ၊ဆားထွက်ရာသီဖြစ်သော ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်၊ ဧပြီလတို့တွင် မိုးရွာသွန်းခြင်းမရှိဘဲ ရာသီဥတုကောင်းမွန်ပါက အထွက်နှုန်းပြန်တိုးလာမည်ဖြစ်ကြောင်း ပငကျေးရွာမှ ဆားလုပ်ငန်းရှင် ဦးမြင့်ဆောင်က ပြောသည်။

“ဆားအဖွင့်ဈေးကတော့ ကောင်းမှဖြစ်မယ်၊ မဟုတ်ရင် မိုးရွာလို ပျက်စီးထားတဲ့ တန်ဖိုးတွေ အသစ်ပြန်စထားရတော့ ၊လူရော အချိန်ရော တော်တော်ပေးထားရတာလေ၊ အဖွင့်ဈေးက ပိုကောင်းမှ ကာဗာလုပ်နိုင်မှာ”ဟု ၎င်းက ပြောသည်။

မွန်ပြည်နယ်အတွင်း ယခုနှစ်တွင် ဆားကွင်း ၈၆ကွင်း လုပ်ကိုင်နေပြီး ပေါင်၊ သံဖြူဇရပ် ပငကျေးရွာနှင့် ကျိုက္ခမီမြို့တို့တွင် အဓိက လုပ်ကိုင်ကြကြောင်း ပြည်နယ်ဆားလုပ်ငန်းဦးစီးဌာနမှ သိရသည်။

ထိုက်ထိုက်

Leave a Reply