တနင်္သာရီဂျာနယ်အမှု အမိန့်ချမည့် ရက် နောက်တစ်ကြိမ် ထပ်ရွှေ့

တရားစွဲဆိုခံရသူ ဦးမျိုးအောင်ကို ရုံးချိန်းတစ်ရက်က တွေ့မြင်ရစဉ်။

ထားဝယ် ဖေဖေါ်ဝါရီ ၈

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က တနင်္သာရီဂျာနယ်ကို သတင်းမီဒီယာဥပဒေပုဒ်မ၂၅(ခ)ဖြင့် တ ရားစွဲဆိုထားမှုမှာ အမိန့်ချရန်အဆင်သင့်မဖြစ်သေးသည့်အတွက်ကြောင့်ဟုဆိုကာ ဖေဖေါ်ဝါရီ ၁၈ ရက်သို့ ရက်ရွှေ့ ချိန်းဆိုလိုက်ကြောင်း ထားဝယ်မြို့နယ်တရားရုံးထံမှသိရသည်။

“ အပြီးသတ်အမိန့်ချဖို့အတွက်က အဆင့်သင့်မဖြစ်သေး တာကြောင့်မို့လို့ လာမယ့် ၁၈ရက်ကို ပြောင်းလဲ ချိန်းဆိုခဲ့ပါတယ်”ဟု မြို့နယ်တရား သူကြီးဦးကျော်မြင့်က ပြောသည်။ ရုံးချိန်း ၃၅ ကြိမ်မြောက်ဖြစ်သော ဖေဖေါ်ဝါရီ ၇ရက်တွင် ယင်းသို့ ပြောခဲ့ခြင်း ဖြစ်သည်။

ယခင်တစ်ကြိမ်က ဇန်နဝါရီ ၂၄ရက်တွင်အမိန့်ချရန် ချိန်းဆိုထားသော်လည်း တရားသူကြီးမှာ နေပြည်တော်တွင် အစည်းအဝေးတစ်ရပ် တက်ရောက်နေရသည့်အတွက် ဖေဖေါ်ဝါ ရီ ၇ ရက်သို့ ရက်ရွှေ့ခဲ့သည်။

“နည်းနည်းတော့ ကသီတာပေါ့နော်၊ ရုံးချိန်းတစ်ချိန်းလာရတာ ၊ အဲ ဒီအတွက်ပြင်ဆင်ရတာ စိတ်ထဲမှာတေးထားတာအများ ကြီးပဲ”ဟု တရားစွဲခံရသူ တနင်္သာရီအပတ်စဉ်ဂျာနယ် တာဝန်ခံအယ်ဒီတာ ဦးမျိုးအောင် ကဆိုသည်။

သက်ဆိုင်ရာလုပ်ထုံးလုပ်နည်းအရ ဘောင်ဝင်နေသည့်အတွက် မိမိအနေဖြင့် အထွေအထူးပြောစရာမရှိကြောင်း ဦးမျိုးအောင်က ပြောသည်။

အဆိုပါဂျာနယ်အတွဲ၅၊အမှတ်၁၇ပါ ကလောင်ရှင် မူးဆေးအိုး၏ “ မဲဆွယ်အပြုံး”အမည်ရ သရော်စာပါ ရေးသားဖော်ပြချက်များနှင့်ပတ်သက်၍ ဂျာနယ်တာဝန်ခံအယ်ဒီတာအား အရေးယူပေးရန် တိုင်းအ စိုးရအဖွဲ့ကိုယ်စား တိုင်းအစိုးရရုံး ဒုတိယညွှန်ကြားရေးမှူး ဦးအေးလူက ထားဝယ်မြို့နယ် တရားရုံးသို့ ၂၀၁၇ နိုဝင်ဘာလတွင် ဦးတိုက်လျှောက်ထားခဲ့ခြင်းဖြစ်သည်။ အဆိုပါအမှု တရားရင်ဆိုင်နေရသည်မှာ တစ်နှစ်ကျော်ကြာမြင့်ခဲ့ပြီဖြစ်သည်။

တင့်လွင်

Leave a Reply