မောင်းမကန်ကမ်းခြေဈေးကွက်ရှိ ကျောက်ပန်းများကို သိမ်းဆည်း အရေးယူ

ထားဝယ် ဖေဖေါ်ဝါရီ ၇

ပင်လယ်ပြင်ရှိ သဘာဝ သန္တာကျောက်တန်းများမှ ချိုးယူလာသည့် ကျောက်ပန်းများကို ထားဝယ်ခရိုင်လောင်းလုံးမြို့နယ်မောင်းမကန်ကမ်းခြေ ဈေးကွက်တွင် ရောင်းချသော ဈေးဆိုင်၁၆ဆိုင်အား အရေးယူခဲ့ကြောင်း သိရသည်။

ထားဝယ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွန်ကြားမှုဦးစီးဌာန၊ ခရိုင်ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ခရိုင်သစ်တောဦးစီးဌာန၊ ခရိုင်ငါးလုပ်ငန်းဦးစီးဌာန၊လောင်းလုံးမြို့နယ်စည်ပင်သာ ယာရေးအဖွဲ့တို့မှတာဝန်ရှိသူများပါဝင်သောအဖွဲ့က ဖေဖေါ်ဝါရီလ ပထမအပတ်တွင် မောင်းမကန်ကမ်းခြေရှိ ဈေးဆိုင်များသို့ သွားရောက်စစ်ဆေးခဲ့သည်ဟုသိရသည်။

ကျောက်ပန်းများကို ဈေးကွက်မှ သိမ်းဆည်းပြီး နောင် မရောင်းချရန် ဆိုင်ရှင်တို့ထံမှ ခံဝန်ကတိပြု လက်မှတ် ရယူခဲ့ကြောင်း ထားဝယ်ခရိုင်ငါးလုပ်ငန်းဦးစီးဌာန၊ယာယီခရိုင်ဦးစီးမှူး ဦးထွန်းထွန်းနိုင်ကပြောသည်။

“နောက်တစ်ကြိမ်ထပ်လုပ်ရင်မြန်မာ့ပင်လယ်ငါးလုပ်ငန်းဥပဒေပုဒ်မ၄၀နဲ့အရေးယူမယ်”ဟု ဦး ထွန်းထွန်းနိုင်က ဆိုသည်။

ပင်လယ်ထွက်ပစ္စည်းများကို မည်သူမျှ လိုင်စင်မရှိဘဲ ရှာဖွေခြင်း၊ စု ဆောင်းခြင်းမပြုရဟု အဆိုပါဥပဒေ ပုဒ်မ၄၀တွင် တားမြစ်ထားသည်။ ကျူးလွန်ပါက ထောင်၁၀နှစ် သို့မဟုတ် ဒဏ်ငွေ ကျပ် ၃သိန်း သို့မဟုတ် ဒဏ်နှစ်ရပ်စလုံး ချမှတ်ခံရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

မောင်းမကန်ကမ်းခြေ တွင် ကျောက်ခက်၊ ကျောက်ပန်းများ ဆက်လက် ရောင်းချခြင်းမရှိစေရန် ကမ်းခြေစည်း ကမ်းထိန်းသိမ်းရေးကော်မတီ၊ဟိုတယ်နှင့်ခရီးသွားညွန် ကြားမှုဦးစီးဌာနနှင့်ရဲတပ်ဖွဲ့က စောင့်ကြည့် ကြပ်မတ်မည်ဟု ငါးလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။

လောင်းလုံးဘုတ်ကျွန်းနှင့်မောင်းမကန်ဘုတ်ကျွန်းတို့မှ သန ္တာကျောက်ခက်၊ကျောက်ပန်းတို့ကို ကမ်းနီးစက်လှေ မှရေလုပ်သားများက ချိုးယူလာပြီး မောင်းမကန်ကမ်း ခြေရှိဈေးဆိုင်များသို့ တင်သွင်းလာကြောင်း၊ ကျောက်ပန်းတစ်ပွင့်လျှင်၂၅၀၀ကျပ်၊ ၅၀၀၀ကျပ်၊၇၅၀၀ ကျပ်စသော ဈေးနှုန်းအမျိုးမျိုးဖြင့် ရောင်းချခဲ့ကြောင်း ယင်းကမ်းခြေဈေးဆိုင်များထံမှ သိရသည်။

ယင်းသို့ ကျောက်ပန်းများချိုးယူခြင်း၊ ရောင်းချနေခြင်းနှင့် ပတ်သက်၍ လွှတ်တော်တွင် မေးခွန်းမေးမြန်းသွားမည်ဟု လောင်းလုံးမြို့နယ် မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးဗိုလ်ထွေးက ပြောသည်။

သန္တာကျောက်ခက်၊ ကျောက်ပန်း၊ခရုများကို နည်းအမျိုးမျိုးဖြင့် ထီးခီးလမ်းမှ တစ်ဆင့် ထိုင်းနိုင်ငံဖက်သို့ သယ် ယူသွားမည်ကိုစိုးရိမ်ကြောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်ရုံး မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဦးထွန်းထွန်းနိုင် ကဆိုသည်။

တားမြစ်ကန့်သတ်ကုန်စည်ဖြစ်သည့် ငါးမန်းခြောက်များကိုလည်း အဆိုပါဈေးကွက်တွင် ရောင်းချလေ့ရှိကြောင်း သိရသည်။

တင့်လွင်

Leave a Reply