မွန်အမျိုးသားနေ့ စာပေပြိုင်ပွဲအတွက် စာမူ ၆၅စောင်ရရှိ

မော်လမြိုင် ဖေဖော်ဝါရီ

(၇၂)ကြိမ်မြောက် မွန်အမျိုးသားနေ့ စာပေပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် ပေးပို့ထားသော ဆောင်းပါး၊ ဝတ္တူရှည်အပါအဝင် စာမူပေါင်း ၆၅စောင် ရရှိခဲ့ကြောင်း မွန်အမျိုးသားနေ့ စာပေပြိုင်ပွဲဆပ်ကော်မတီမှ နိုင်မွန်ရာဇာက ဟင်္သာမီဒီယာသို့ ပြောကြားသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၃ရက်တွင် စာမူဖောင်ပိတ်ခဲ့ပြီး ဝတ္တူရှည် ၁၇ပုဒ်၊ ဆောင်းပါး ၂၉စောင်၊ ကဗျာ ၄ ပုဒ်၊ ပုံပြင် ၈ပုဒ် နှင့် ရုပ်ပြောင်ကာတွန်း ၇စောင် စုစုပေါင်း စာမူပေါင်း ၆၅စောင် ပေးပို့ခဲ့ကြကြောင်း ဆက်လက်ပြောသည်။

“စာမူကဏ္ဍမှာ ကလောင်ရှင်တွေကတော့ တစ်နှစ်ထက် တစ်နှစ်ပိုများလာတယ်၊ ပိုပြီးလည်း စိတ်ဝင်စားလာကြတယ်လို့ မြင်တယ်၊ ကျွန်တော်တို့က ဆုကို ငွေသားနဲ့လည်းပေးမယ်၊ ဂုဏ်ပြုလွှာနဲ့ ဒိုင်းလည်း ပေးမှာပါ”ဟု ၎င်းက ပြောသည်။

ဝတ္ထုရှည်နှင့်ဆောင်းပါးကဏ္ဍတွင် ပထမဆု ၇ဝဝဝဝ ကျပ်၊ ဒုတိယဆု ၆ဝဝဝဝ ကျပ်၊ တတိယဆု ၅ဝဝဝဝ ကျပ် နှင့် နှစ်သိမ့်ဆု နှစ်ဆုအတွက် ၂၅ဝဝဝ ကျပ်နှုန်းဖြင့်လည်းကောင်း၊ ကဗျာကဏ္ဍတွင် ပထမဆု ၄ဝဝဝဝ ကျပ်၊ ဒုတိယဆု ၃ဝဝဝဝ ကျပ်၊ တတိယဆု ၂ဝဝဝဝ ကျပ် နှင့် နှစ်သိမ့်ဆု နှစ်ဆုအတွက် ၁၅ဝဝဝ ကျပ်နှုန်း ချီးမြှင့်သွားမည်ဖြစ်ကြောင်း ဆက်လက်ပြောသည်။

ပုံပြင်ကဏ္ဍတွင် ပထမဆု ၃ဝဝဝဝ ကျပ်၊ ဒုတိယဆု ၂၅ဝဝဝ ကျပ်၊ တတိယဆု ၂ဝဝဝဝ ကျပ်နှင့် နှစ်သိမ့်ဆု နှစ်ဆုအတွက် ၁ဝဝဝဝ ကျပ်နှုန်းဖြင့်လည်းကောင်း၊ ကာတွန်းကဏ္ဍတွင် ပထမဆု ၂ဝဝဝဝ ကျပ်၊ ဒုတိယဆု ၁၅ဝဝဝ ကျပ်၊ တတိယဆု ၁ဝဝဝဝ ကျပ် နှင့် နှစ်သိမ့်ဆု နှစ်ဆုအတွက် ၇၅ဝဝ ကျပ်နှုန်း ချီးမြှင့်သွားမည်ဟု ထပ်မံပြောသည်။

ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိသော ကလောင်ရှင်များအနေဖြင့် ဆုရယူရန်အတွက် ပဲခူးမြို့တွင် ကျင်းပပြုလုပ်သော ၇၂ကြိမ်မြောက် မွန်အမျိုးသားနေ့ပွဲကို မဖြစ်မနေ တက်ရောက်ကြပါဟု နိုင်မွန်ရာဇာက တိုက်တွန်း ပြောကြားသည်။

ဆုရစာမူများကို စာအုပ်ထုတ်ဝေရန်အစီအစဉ်ရှိပြီး အဖွဲ့အစည်းများမှ ကြိုက်နှစ်သက်ပါက မူပိုင်ထားရှိကာ ထည့်သွင်းခွင့် ပေးမည်ဖြစ်ကြောင်း ဆက်လက်ပြောသည်။

မြို့နယ် အသီးသီးမှ ပေးပို့လာသော စာမူများ၌ မျိုးဆက်သစ်လူငယ်များ၏ အတွေးအမြင်အသစ်များကို ဖော်ပြနိုင်မည်ဟု မျှော်လင့်ထားကြောင်း ထပ်မံပြောသည်။

စာပေပြိုင်ပွဲ ကျင်းပပြုလုပ်ခြင်း၊ ဆုပေးအပ်ခြင်းများကို မွန်စာပေပြိုင်ပွဲ ကျင်းပရေး ဆပ်ကော်မတီ နှင့် ပြည်တွင်း၊ ပြည်ပမှ အလှူရှင်များက ပူးပေါင်းကာ ကုန်ကျခံခြင်းဖြစ်ကြောင်း ဖြည့်စွက်ပြောသည်။

လာမည့် ဖေဖော်ဝါရီ ၁ဝရက်တွင် ပဲခူးမြို့၌ ၇၂ကြိမ်မြောက် မွန်အမျိုးသားနေ့ကို ကျင်းပပြုလုပ်မည့်ဖြစ်ပြီး မွန်အမျိုးသားနေ့အတွက် စာပေပြိုင်ပွဲ ကျင်းပလာသည်မှာ ယခုနှစ်အပါအဝင် ၃၂ နှစ်တိုင်ခဲ့ပြီဖြစ်သည်။

ထိုက်ထိုက်

Leave a Reply