စည်းလုံးညီညွတ်ရေးကို အစဉ် ရှေးရှုနေသည့် မွန်အမျိုးသားနေ့

(ဓါတ်ပုံ အညွှန်း – မွန်အမျိုးသားနေ့ကို တရားဝင်ရုံးပိတ်ရက်ရရှိရန် မွန်လူငယ်များက မွန်အမျိုးသားနေ့များတွင် နှစ်စဉ်ကမ်ပိန်းပြုလုပ်နေကြသည်။)

တပို့တွဲလပြည့်ကျော်တစ်ရက်နေ့သည် ဟံသာဝတီမြို့ပြနိုင်ငံတော်ကို မွန်လူမျိုးတို့စတင်တည်ထောင်သောနေ့ရက်ဖြစ်သည်။ ဤကဲ့သို့ ထူးခြားလှသော ဤနေ့ ဤရက်ကို “မွန်အမျိုးသားနေ့” (MON NATIONAL DAY) အဖြစ် အဘယ့်ကြောင့်ရွေးချယ်သတ်မှတ်ခဲ့ကြပါသနည်း။

ဤအကြောင်းကိုပြန်လည်တင်ပြရလျှင် ၁၃၀၈ ခုနှစ်၊ နတ်တော်လဆန်း ၉ ရက်(၂.၁၂.၁၉၄၆) ရက်နေ့တွင် မွန်တိုင်းရင်းသားအစည်းအရုံးသည် သံဖြူဇရပ်မြို့နယ် ပငကျေးရွာ ဘလောက်ကျောင်းတိုက်တွင် အမျိုးသားညီလာခံတစ်ရပ်ကိုကျင်းပရာ မွန်အမျိုးသားထောင်ပေါင်းများစွာတက်ရောက်ခဲ့ပြီး၊ ညီလာခံတွင် အရေးကြီးသောဆုံးဖြတ်ချက် (၂) ချက်ချမှတ်နိုင်ခဲ့သည်။

၁။ သာသနာ သက္ကရာဇ် ၁၁၁၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် (၁) ရက်နေ့ကို မွန်အမျိုးသားနေ့အဖြစ် သတ်မှတ်ရန်။

၂။ လာမည့်ရွေးကောက်ပွဲတွင် မွန်အမျိုးသားတို့အတွက် သီးခြားမဲစာရင်း၊ မဲဆန္ဒနယ်သတ်မှတ်ပေးရန်၊ အကယ်၍ ဖဆပလ အစိုးရက မပြုလုပ်ပေးလျှင် ရွေးကောက်ပွဲကို သပိတ်မှောက်ရန် တို့ဖြစ်သည်။

၁၃၀၉ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၄ ရက်နေ့က မွန်တိုင်းရင်းသားအဖွဲ့ (ဥက္ကဋ္ဌ)နိုင်ဖိုးချိုသည် ချောင်းဆုံမြို့နယ် ရွာလွတ်ရွာ နိုင်ဖိုးအောင်နေအိမ်၌ ကျင်းပခဲ့သော အစည်းအဝေးတွင် မုဒုံမြို့နယ် ကမာဝက်ရွာ (ယခုအခါမြို့ဟုခေါ်တွင်သတ်မှတ်ပြီး) မှ တက်ရောက်လာသောအမျိုးသားကိုယ်စားလှယ်ဒါယကာ နိုင်ထောဟက လာမည့် တပို့တွဲလပြည့်ကျော်တစ်ရက်နေ့ကို မွန်အမျိုးသားနေ့အဖြစ် သတ်မှတ်ရန် အဆိုတင်သွင်းရာ မြို့နယ်အသီးသီးမှ တက်ရောက်လာကြသော မွန်တိုင်းရင်းသားကိုယ်စားလှယ်များ အားလုံးသဘောတူထောက်ခံခဲ့ကြ၍ ထိုနေ့ကို အတည်ပြုခဲ့ကြခြင်းဖြစ်သည်။

သက္ကရာဇ် ၁၃၀၉ ခု၊ တပို့တွဲလပြည့်ကျော်တစ်ရက်နေ့ ၆-၂-၁၉၄၇ ရက်နေ့ ကျရောက်သော မွန်အမျိုးသားနေ့ အထိမ်းအမှတ်ပွဲကိုကျင်းပနိုင်ခြင်းမရှိဘဲ ၁၃၁၀ ပြည့်နှစ်၊ တပို့တွဲလဆုတ် (၁) ရက်နေ့ ၂၃-၁-၁၉၄၈ နေ့ မော်လမြိုင်မြို့ ရွာလွတ်ကျောင်းတိုက်တွင် စတင်ကျင်းပနိုင်ခဲ့သည်။ ထိုနေ့မှစ၍ ယနေ့တိုင် အမျိုးသားနေ့ကို ဆက်တိုက်ကျင်းပနိုင်ခဲ့သည်မှာ ၂၀၁၉ ဖေဖော်ဝါရီ ၂၀ ရက်နေ့ တွင် ၇၂ကြိမ်မြောက်ရှိလာပြီဖြစ်သည်။

ရာဇဝင်နောက်ခံသမိုင်းလမ်းကြောင်း

မွန်ရာဇဝင် ဥပန္နသုဓမ္မဝတီ ရာဇာဝံသဂါထာကျမ်းအရ ဟံသာဝတီပြည် အေဒီ (၅၇၃)၊ သာသနာသက္ကရာဇ် ၁၁၁၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော်တစ်ရက်နေ့တွင် မွန်အမျိုးသားသမလတနင်္လာနေ့နှင့် ဝိမလ ညီနောင်နှစ်ပါးတို့က သိကြားမင်းအကူအညီဖြင့် ဟံသာဝတီနေပြည်တော် (ယခုအခါ ပဲခူးမြို့) ကို စတင်တည်ထောင်ပြီး ထီးနန်းကို အုပ်ချုပ်ခဲ့သောနေ့ကို အစွဲပြု၍ သတ်မှတ်ခဲ့ကြခြင်းဖြစ်သည်။ ယင်းအကြောင်းအရာများကို ယခုအချိန်တွင် ပဲခူးမြို့ ဟင်္သာကုန်းဘုရားစောင်းတန်းဓမ္မာရုံ၌ ပန်းချီကားနှင့်တကွရေးသားမှတ်တမ်းတင်ပြထားသည်။

ရှေးအကျဆုံးတိုင်းရင်းသားလူမျိုးများ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ယနေ့တွေ့ရှိနေရသည့် တိုင်းရင်းသားလူမျိုးများအနက် မွန်လူမျိုးများသည် ရှေးအကျဆုံးဖြစ်သည်ဟု ယူဆရသည်။ မြန်မာနိုင်ငံအောက်ပိုင်းတွင် ရှေးအခါက မွန်ခမာ (MON KHMAR) ဘာသာစုတွင် မွန်လူမျိုးများနေထိုင်ခဲ့သည်။ ပါမောက္ခဒေါက်တာ လု(စ်) အဆိုအရ ဘီစီ ၂၀၀၀ ခန့်တွင် ရာမည (ယခုဒေသ)သို့ ဆိုက်ရောက်သည်ဟု မှတ်တမ်းပြုသည်။ ထိုစဉ်ကစိုက်ပျိုးရေး၊ ယဉ်ကျေးမှုတို့ကို မွန်လူမျိုးများယူဆောင်လာခဲ့ကြသည်ဟုလည်း ဆက်လက်မိန့်ဆိုပြန်သည်။
အမျိုးအနွယ်အားဖြင့် မွန်ဂိုလွိုက်အနွယ်ဝင်ဖြစ်သော မြန်မာနှင့် အနွယ်တူသည်။ သို့သော် ဘာသာစကားဘက်တွင် လုံးဝကွဲပြားသည်။
ထိုသို့ကွဲပြားစေကာမူ မွန်ဂိုလွိုက်အနွယ်ဖြစ်၍ ရုပ်ရည်တူညီကြပြန်သဖြင့် ရင်းနှီးချစ်ခင်ကြသည်။

စာပေ ယဉ်ကျေးမှုနှင့် ဘာသာတရား

စာပေယဉ်ကျေးမှုသည် လူ့ဘောင်တစ်ခု၏ အသီးအပွင့်ရတနာများပင်ဖြစ်သည်။ မွန်လူမျိုးသည် သမိုင်းကြောင်းအရ ရှည်လျားစွာနေထိုင်လာခဲ့သောလူမျိုးဖြစ်သည်။ ကိုယ့်ထီး၊ ကိုယ့်နန်း၊ ကိုယ့်ကြငှန်းနှင့် နေထိုင်လာခဲ့သော လူမျိုးလည်းဖြစ်သည်။ ကိုယ်ပိုင်စာပေ၊ ကိုယ်ပိုင်ယဉ်ကျေးမှုနှင့်အတူ ဗုဒ္ဓဘာသာကိုမွန် သမိုင်းဦးအစကပင် ယုံကြည်ကိုးကွယ်ပြီး အဆင့်အတန်းမြင့်မားခဲ့သော လူမျိုးဖြစ်သည်။ စာပေ၊ ယဉ်ကျေးမှု၏ အတက်အကျအတိမ်အနက်ကိုကြည့်ခြင်းအားဖြင့် ထိုလူမျိုးတို့၏ အဆင့်အတန်းအခြေအနေကို ခန့်မှန်းနိုင်သည်။ စာပေယဉ်ကျေးမှုမြင့်လျှင် ထိုလူမျိုးတို့၏ အဆင့်အတန်းအခြေအနေကို ခန့်မှန်းနိုင်သည်။ စာပေယဉ်ကျေးမှု မြင့်လျှင် ထိုလူမျိုးသည် ကမ္ဘာ့အလယ်၌ အဆင့်အတန်းတင့်တယ်ကာ စာပေယဉ်ကျေးမှုအောက်ကျလျှင် ထိုလူမျိုးသည် အောက်ကျမည်ဖြစ်ပါသည်။

ထို့ကြောင့် မွန်အမျိုးသားတစ်ရပ်လုံး၏တာဝန်ဖြစ်သည့် ကိုယ့်အမျိုးစာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ သုခုမပညာ၊ ဘာသာစကားတို့ကို ထိန်းသိမ်းရမည့် အမျိုးဘာသာ၊ သာသနာ စသည်တို့ကို မျိုးချစ်စိတ်၊ အမျိုးသားရေး၊ အသွင်ဖြင့် အစွမ်းကုန် စည်းစည်းရုံးရုံးဆောင်ရွက်ကြဖို့ အမှန်လိုပြီ။ တိုးတက်သော ဉာဏ်အမြော်အမြင်များ၊ ခင်မင်တွယ်တာသော စိတ်ရင်းကောင်းများမွေးထုတ် ကြရန်လိုပါသည်။

မြင့်မြတ်သော ဟဒယ နှလုံးသား

မွန်အမျိုးသားနေ့ကို နှစ်စဉ် မြို့နယ်အလိုက် နှစ်တိုင်းမပျက်မကွက်ကျင်းပနိုင်ခဲ့သည်။ မွန်လူမျိုးများသည် ရိုးသားဖြူစင်၍ အများအားဖြင့် ဗုဒ္ဓဘာသာတရားကို သက်ဝင်ယုံကြည်ကြသည်။ ပေးကမ်းစွန့်ကြဲ လှူဒါန်းနိုင်သော သဒ္ဓါတရားကြီးမားပြီး မေတ္တာတရားလက်ကိုင်ထားသူများဖြစ်သည်။ မွန်လူမျိုးများသည် မွန်သမိုင်းကိုစိတ်ဝင်စားသင့်သည်။ ကိုယ့်သမိုင်းကို ကိုယ်သိမှပြုပြင်သင့်သည်များ ပြုပြင်ပြီး နောက်နောင်အနာဂတ်မွန်လူမျိုးအကျိုးကို ဖော်ဆောင်နိုင်ပါသည်။ ခေတ်အဆက်ဆက်က မွန်ပညာရှိများ၊ ခေါင်းဆောင်ကောင်းတို့၏ ဆောင်ရွက်ချက်များကို ထိန်းသိမ်းလာသည့် အမျိုးဘာသာ၊ ယဉ်ကျေးမှုစာပေများကို ယခုတိုင် တည်တံ့နေခြင်း၊ ခိုင်မြဲစေရန် အထူးအလေးပေးကြိုးစားကြရမည်။

တကယ်တမ်းချစ်တယ်ဆိုရင်

လူမျိုးတိုင်း နိုင်ငံတိုင်းတွင် မညီညွတ်လျှင် လျင်မြန်စွာပျက်စီးတတ်ပါသည်။ ကိုယ့်လူမျိုးအချင်းချင်း ကူညီရိုင်းပင်းမှုများရရှိရေး၊ တိုးတက်ကြီးပွားသည့်ကိုယ့်အမျိုးသားအချင်းချင်း မနာလိုဝန်တိုမှုများဖြစ်စေက လူမျိုးခြားတို့က သွေးခွဲဝါးမျိုနိုင်ကြသဖြင့် ဤစိတ်ဓာတ်မျိုးကိုမျိုးချစ်စိတ် အမျိုးကိုစောင့်သည့် စိတ်ဓာတ်များမွေးမြူ၍ ဖျောက်ဖျက်ပစ်ရန် အမှန်လိုအပ်သည်။ မွန်အမျိုးသားများသည် ယခင်ကသွေးစည်းမှုကင်းမဲ့မှု ၊ ရှင်သန်သော ဉာဏ်ရည်နည်းမှုကြောင့် ဘာသာခြားများက ဝင်ရောက်စွက်ဖက် ဖျက်ဆီးခြင်းခံခဲ့ရသည်ကို သတိမူသင့်ပါသည်။

လူမျိုးဆိုသည်မှာ သုခဒုက္ခအတူတူခံစားကြ၍ နီးနီးစပ်စပ်အကျိုးချင်းထပ်ပြီးလျှင် နှစ်ပရိစ္ဆေဒရှည်လျားစွာ တစ်မျိုးတစ်စားတည်းပင်ဟု စိတ်ထားရှိသူတို့ကို တစ်စုတည်းပေါင်း၍ ခေါ်ဝေါ်ခြင်းသာဖြစ်ပေသည်။ အမျိုးအနွယ်ကိုးကွယ်သည့် ဘာသာတရား၊ ပြောဆိုသည့်စကားတို့ကိုအလေးထားရမည်ဖြစ်သော်လည်း စင်စစ်မှာ အေးအတူပူအမျှ ကောင်းတူဆိုးဖက်ပူးပေါင်းနေလိုသော အစဉ်အလာပေါ်တွင် ဝံသာနုရက္ခိတ တရားသည် တည်နေပေသည်။

လူမျိုးတစ်ရပ်၏ အဓိကလက္ခဏာသည် ဘာသာစကားဖြစ်သည်။ ကိုယ်ပိုင်ဘာသာစကားမရှိသော လူမျိုးစုအနေဖြင့် ရပ်တည်ဖို့ခဲယဉ်းလှပေသည်။ လူမျိုးတိုင်းကိုယ်ပိုင်စကားရှိသ၍ လူမျိုးတစ်ရပ်အဖြစ် တည်တံ့နိုင်မည်သာဖြစ်၏။ ထို့ကြောင့် မွန်မျိုးချစ်ပုဂ္ဂိုလ်တိုင်း မွန်ဘာသာစကားများကို ကြိုးစားသင်ယူကြရမည်။ လေးစားလိုက်နာရမည်။ နေရာတကာတွင်ပြောကြားရမည်။ မွန်လူမျိုးတို့သည် မြန်မာစကားကို လွယ်ကူစွာတတ် မြောက်ကြပြီးလျှင် မွန်စကားကိုပစ်ပယ်၍ မြန်မာစကားကိုသာပြောဆိုကြသဖြင့် သားသမီးများသည်မိမိတို့မွန်လူမျိုးဖြစ်သည်ကိုမသိကြတော့ဘဲ မြန်မာလူမျိုးဟု ထင်မြင်ခဲ့ကြသည်။

ကလေးဘဝမှစ၍ မိမိဘာသာစကားနှင့် ထိတွေ့မှုမရှိလျှင် ကြီးကောင်ဝင်လာသောအခါ ပိုဆိုးဖို့သာရှိတော့သည်။ မိမိဘာသာစကားကို လေးစားမှုမရှိတော့ဘဲ သူများ၏ ဘာသာစကားကိုသာ အထင်ကြီးလာပေလိမ့်မည်။ မိမိလူမျိုး၏ ဘာသာစကား သားသမီးတို့အား လက်ဆင့်ကမ်းပေးရန် ပုခက်လွှဲသောပိုင်ရှင် မွန်မိဘတိုင်း၏ ကြီးမားသောတာဝန်ပင်ဖြစ်သည်။ လူ့လောကယဉ်ကျေးမှု စတင်ကတည်းက ဘာသာစကားသည် တစ်ဦးနှင့်တစ်ဦး နားလည်အောင် ဆက်သွယ်ရာပဓာနကျသော လက်နက်ကိရိယာတစ်ခုပင် ဖြစ်သည်။ ဘာသာစကား
ပေါ်ပေါက်ပြီးမှသာလျှင် ဘာသာစကားကိုမှတ်တမ်းတင်သည့် စာအရေးအသားပေါ်ပေါက်လာသည်။ မည်သည့်လူမျိုးများမှ စာပေအရေးအသား ကနဦးပေါ်၍ ဘာသာစကားနောက်မှ ပေါ်သည်ဟူ၍ မရှိပေ။ ထို့ကြောင့်စာပေသည် လူမျိုးတည်တံ့ရေး၏ ဒုတိယမှတ်ကျောက်စကားအတိုင်း သတိထားကြစေရန်၊ မီးမောင်းတစ်စိတ်တစ်ဒေသအားဖြင့် ထိုးပြထားပါသည်။

မွန်လူမျိုးတို့ စည်းရုံးကြဖို့လိုပြီ

“မျက်မှောက်နိုင်ငံရေး အခြေအနေအရ တန်းတူညီမျှရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒီမိုကရေစီရေးနှင့် လွတ်လပ်ပြီး တရားမျှတတဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အပြည့်အဝရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းဖို့ရာ အလိုအပ်ဆုံးဖြစ်နေပေသည်။ သို့မှသာ တိုင်းရင်းသားအားလုံးတို့က ရသင့်ရထိုက်တဲ့ တိုင်းရင်းသားအခွင့်အရေးများကို အပြည့်အဝ ရရှိနိုင်မှာဖြစ်တယ်။ ဒါ့ကြောင့် တိုင်းရင်းသားအားလုံးညီညွတ်ဖို့လိုအပ်သလို မွန်တိုင်းရင်းသား အချင်းချင်းတွေလည်း ညီညွတ်ကြဖို့အထူးပင်လိုအပ်နေပြီ၊ ဒါကို သမိုင်းရဲ့တောင်းဆိုချက်အဖြစ် လေးလေးနက်နက်ထားစေချင်တယ်” ဟု ကရင်ပြည်နယ် ဘာအံမြို့နယ်ဇာသပြင်ကျေးရွာ၌ ကျင်းပသည့် ၇၁ ကြိမ်မြောက် မွန်အမျိုးသား(ဗဟို)အခမ်းအနားတွင် အခမ်းအနားဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌ နိုင်ချစ်ဦး၏ မိန့်ဆိုချက်များသည် မွန်အမျိုးသားထုအတွက်ပို၍ အလေးထားရမည့်အချက် ကိုထောက်ပြခဲ့သည်။

မွန်ပြည်သူအများစုမျှော်လင့်နေသည်မှာ နိုင်ငံရေးပါတီပေါင်းစည်းရေးနှင့် မွန်နိုင်ငံရေးပါတီတစ်ခုတည်းပင်ဖြစ်ရေးကိုကြိုဆိုကြသည်။ မွန်နိုင်ငံရေးပါတီများပေါင်းစည်းရေးအတွက် ၂၀၁၂ ခုနှစ်ကတည်းကပင် စတင်ကြိုးပမ်းခဲ့သည်။ သို့သော်လည်း အခြေအနေအရပ်ရပ်ကြောင့် အောင်မြင်မှုမရရှိခဲ့ဘဲ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲကိုဖြတ်သန်းရာ ၂၀၁၆ ခုနှစ်စက်တင်ဘာလတွင် မွန်ပြည်သစ်ပါတီဦးဆောင်သော မွန်သံဃာတော်များ၊ မွန်ပညာရှင်များပူးပေါင်း၍ မွန်နိုင်ငံရေးပါတီများ၊ ညီညွတ်မှုတည်ဆောက်ရေး ညှိနှိုင်းရေးအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။

မွန်နှစ်ပါတီညီညွတ်ရေး၊ မွန်အမျိုးသားစည်းလုံးညီညွတ်ရေးသည် မွန်လူမျိုးတိုင်း၏တာဝန်သာဖြစ်သည်။ မွန်အမျိုးသားများ လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် ဆောင်ရွက်ရမည့် တာဝန်ဖြစ်သည်။ မွန်လူမျိုးတစ်ဦးချင်းအတွက် ငွေကြေး၊ ဓန၊ ပညာအရည်အချင်း၊ အလုပ်အကိုင် အဆင့်အတန်း၊ ပတ်ဝန်းကျင်နေရပ် စသည်တို့နှင့် မဆိုင်ဘဲ မွန်အမျိုးသားအားလုံး စည်းလုံးညီညွတ်ခြင်းအရေးသည်မိမိတို့ မွန်လူမျိုးအားလုံး၏ အရေးပင်ဖြစ်ပါသည်။

မွန်တို့ပေါင်းကြလေပြီ

စက်တင်ဘာ၂၁ ရက်က မွန်ပြည်သူများ ဝမ်းသာစရာသတင်းတစ်ပုဒ်ရှိခဲ့သည်။ ယင်းမှာကာလအတန်ကြာပေါင်းစည်းဖို့ကြိုးပမ်းနေသော မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ(AMDP)၊ မွန်အမျိုးသားပါတီ (MNP)နှင့် မွန်ကိုယ်စားပြုတည်ထောင်လိုသူအစုအဖွဲ့တို့ ပေါင်းစည်းနိုင်ခဲ့ခြင်းဖြစ်သည်။

ထိုအဖွဲ့သုံးခုသည် ပြီးခဲ့သည့် စက်တင်ဘာ၂၁ ရက်က ပေါင်းစည်းကြောင်းလက်မှတ်ရေးထိုး၍ မွန်ပါတီအမည်သစ်ကိုမွန်ပြည်သူထံ ချပြရှင်းလင်းထားသည်။ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ၆၁ ဦး၊ ဗဟိုကော်မတီဝင် ၁၄၀အထိ ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တွင် MNP မှ ၂၂ ဦး၊ AMDP မှ ၂၂ ဦး၊ မွန်ကိုယ်စားပြုပါတီ တည်ထောင်လိုသူအစုအဖွဲ့မှ ကိုးဦး၊ CSO နှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ် ရှစ်ဦး စုစုပေါင်း၆၁ ဦးတို့ဖြစ်၏။

ဗဟိုကော်မတီဝင်၌မူ MNP မှ အယောက် ၅၀ ၊ AMDP မှ ၅၀ ၊ မွန်ကိုယ်စားပြုပါတီတည်ထောင်လိုသူအစုအဖွဲ့ ၂၀၊ CSO နှင့်တစ်သီးပုဂ္ဂလကိုယ်စားလှယ် ၂၀ ၊ စုစုပေါင်းဦးရေ ၁၄၀ ဖြစ်လာခဲ့သည်။ လက်ရှိတွင် ဗဟိုအမှုဆောင်အစည်းအဝေးတစ်ကြိမ်၊ ဗဟိုကော်မတီဝင် အစည်းအဝေးတစ်ကြိမ်စီပြုလုပ်၍ ပါတီမှတ်ပုံတင်ရေး၊ ပါတီဖွဲ့စည်းပုံအတည်ပြုရေးနှင့် အောက်ခြေအဆင့်ပါတီ ပေါင်းစည်းရေးများကို ဆောင်ရွက်နေသည်။ ပါတီမှတ်ပုံတင်ရာတွင် “မွန်ပါတီ” အမည်ဖြင့် လျှောက်ထားမှုကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လက်မခံသောကြောင့် မွန်ညီညွတ်ရေးပါတီအမည်ဖြင့် ပြောင်းလဲလျှောက်ထားကြောင်းသိရသည်။

မွန်လူမျိုးနှင့်တကွ မြန်မာနိုင်ငံပြည်သူလူထု၏ အဓိကစိန်ခေါ်မှုမှာ ပြည်သူလူထုတစ်ရပ်လုံး၏ အသိပညာ၊ ဗဟုသုတ၊ အတွေးအခေါ်၊ အမျှော်အမြင်၊ အယူအဆမြင့်မားရေးပင်ဖြစ်ပါသည်။ ဆိုရိုးစကားတစ်ခုအရ “ပြည်သူလူထုသည် မိမိနှင့် ထိုက်တန်သောအစိုးရကိုသာရမည်” ဆိုလိုသည်မှာ ပြည်သူလူထု အသိဉာဏ်ပညာ၊ ဗဟုသုတ၊ အတွေးအခေါ်အမျှော်အမြင်ခေါင်းပါးလျှင် နိမ့်ကျသော အစိုးရအုပ်ချုပ်ရေးစနစ်ကိုသာခံစားရပါမည်။ ပြည်သူလူထုအသိပညာ၊ ဗဟုသုတ၊ အတွေးအခေါ်အမျှော်အမြင်မြင့်မား ကြွယ်ဝလျှင်အုပ်ချုပ်သူလည်း မိမိတို့နှင့်ထိုက်တန်သော အဆင့်မြင့် အုပ်ချုပ်မည့်သူကိုသာ ဖြစ်ရပါမည်။

ထို့ကြောင့် မွန်လူမျိုးတို့အဆင့်အတန်းမြင့်မားစေလိုပါက မွန်လူထုအား အသိဉာဏ်၊ ဗဟုသုတအတွေးအခေါ်မြင့်မားလာအောင် အဖွဲ့အစည်းပါတီတို့က တာဝန်ယူ၊ တာဝန်ခံမှုဖြင့်ဆောင်ရွက်ရပါမည်။ သို့ဖြစ်ပါ၍ မိမိတို့ မွန်လူမျိုးကောင်းစားရေးအတွက် ခေါင်းဆောင်ပိုင်းသည်စွန့်လွှတ်စွန့်စားခံနိုင်ရမည်ဖြစ်သည်။

မွန်သမိုင်းတစ်လျှောက်တွင် ဒုတိယဟံသာဝတီခေတ်သည် အတိုးတက်ဆုံး အတောက်ပြောင်ဆုံးဖြစ်ခဲ့ပါသည်။ ရာဇဓိရာဇ်ဘုရင်ခေတ်သည် အထွန်းကားအထွဋ်ထိပ်သို့ရောက်ခဲ့ပါသည်။ အဘယ့်ကြောင့်နည်း။ ခေါင်းဆောင် ကောင်းသောကြောင့်ဖြစ်သည်။ ခေါင်းဆောင်သည် သတ္တိ၊ ဗျတ္တိ၊ ရဲစွမ်းမှု၊ စွန့်လွှတ်မှုရှိခြင်းနှင့် ပညာရှင်တို့၏ အဆိုအမိန့်ကို လက်ခံသောကြောင့်ဖြစ်၏။

မွန်အမျိုးသားနေ့ရောက်တိုင်း နိုင်ငံအနှံ့နေထိုင်ကြကုန်သော မွန်တိုင်းရင်းသားများ၊ ပြည်ပရောက် မွန်တိုင်းရင်းသားများအားလုံးတို့သည် တစ်နှစ်မှတစ်ကြိမ်သာဆုံတွေ့ကြုံခဲ့ရပြီး ဇာတိသွေး၊ ဇာတိမာန်များ ရှင်သန်နိုးကြားကြရန် မွန်စာပေ၊ မွန်ယဉ်ကျေးမှု၊ ဓလေ့ထုံးစံများထိန်းသိမ်းဖော်ထုတ်လိုသောစိတ်များမြင့်မားတိုးတက်စေရန်၊ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းစေရေး၊ ဘာသာသာသနာထွန်းပြောင်စေရေးစသည့်အချက်များဖြင့် လာမည့်တပို့တွဲလပြည့်ကျော် ၁ ရက်နေ့ ဖေဖော်ဝါရီ ၂၀ တွင် ကျရောက်မည့် ၇၂ ကြိမ်မြောက် မွန်အမျိုးသားနေ့ (ဗဟို) အခမ်းအနားကျင်းပရာ မွန်လူမျိုးများ နေထိုင်သောဒေသတစ်ခုဖြစ်သည့် ပဲခူးမြို့ ရွှေမော်ဓောဘုရားကွင်းဆီသို့ တက်တက်ကြွကြွ အားမာန်ပြုလျက်ပူးပေါင်းပါဝင်လှုပ်ရှားကြဖို့ ဆန္ဒပြု လိုက်ရပေသည်။

ဘိုးရာဇာ(သံဖြူဇရပ်)

Leave a Reply