ပြည်ပအဝယ်ပိတ်ထား၍ မတ်ပဲများ ဈေးကျ

မော်လမြိုင် ဖေဖော်ဝါရီ

မြန်မာနိုင်ငံတွင် စိုက်ပျိုးနေသော မတ်ပဲများကို အိန္ဒိယနိုင်ငံမှ ဝယ်ယူမှု ပိတ်ထားသည့်အတွက် ဈေးနှုန်းများ ကျဆင်းနေကြောင်း မွန်ပြည်နယ် ပဲ၊ နှမ်းကုန်သည်များအသင်း အတွင်းရေးမှူး ဦးကျော်ခိုင်မြင့်က ပြောသည်။

ဇန်နဝါရီလတွင် မတ်ပဲ ဈေးနှုန်းများသည် အမြင့်ဆုံး မြင့်တက်နေခဲ့သော်လည်း ပြီးခဲ့သည့်အပတ်အတွင်း အိန္ဒိယနိုင်ငံမှ မတ်ပဲ အဝယ်ပိတ်လိုက်သောကြောင့် ပြည်တွင်း၌ ပဲဈေးနှုန်းများ ထိုးဆင်းလာခဲ့ကြောင်း ဆက်လက်ပြောသည်။

“အိန္ဒိယက မတ်ပဲတင်သွင်းခွင့်ကို ပိတ်ထားတယ်။ အဲဒီတော့ မတ်ပဲက ပြည်တွင်းမှာ အိုင်နေတာပေါ့၊ အထွက်လည်းမရှိတော့ဘူး၊ အရင်လတွေကတော့ အဝယ်ရှိတဲ့အတွက် ဈေးကလည်း မြောက်တယ်၊ အခုတော့ ဆင်းနေပြီ”ဟု ၎င်းက ပြောသည်။

ဖေဖော်ဝါရီ ၇ရက်တွင် မတ်ပဲ တစ်ပိဿာကျပ် ၉၇ဝ ပေါက်ဈေးရှိနေပြီး ယခင်လက မတ်ပဲ တစ်ပိဿာ ကျပ် ၁၃ဝဝ အထိ ပေါက်ဈေးရရှိခဲ့ကြောင်း၊ ယခုနှစ်တွင် မတ်ပဲ ဝယ်လိုအားများပြီး ဈေးနှုန်းပြန်လည်မြင့်တက်ခဲ့သောကြောင့် မတ်ပဲစိုက် တောင်သူများသည် ဧကတိုးချဲ့ စိုက်ပျိုးခြင်း၊ အသစ်စိုက်ပျိုးခြင်းများကို ပြုလုပ်ခဲ့ကြသည့်အတွက် ဈေးနှုန်းဆက်တိုက် ကျဆင်းနေပါက အခက်အခဲရှိနိုင်ကြောင်း ၎င်းက ထပ်မံပြောသည်။

မြန်မာနိုင်ငံတွင် မတ်ပဲစားသုံးမှု နည်းပါးသောကြောင့် ပြည်ပသို့တင်ပို့မှုမရှိပါက မတ်ပဲများ သိုလှောင်ရန် ခက်ခဲမည့်သာမက ပြည်တွင်း ပဲဈေးကွက်အတွင်း ဈေးနှုန်းကျဆင်းခြင်းများလည်း ကြုံတွေ့လာနိုင်ကြောင်း ၎င်းက သုံးသပ်ပြောကြားသည်။

ပြည်ပသို့ တင်ပို့နေသော မတ်ပဲ၊ ပဲစင်းငုံ နှင့် ပဲတီစိမ်း ပို့ဆောင်ခွင့်ကို ပိတ်ထားသော်လည်း တစ်နှစ်အတွင်း ပုံမှန်တင်ပို့နေရသော ပဲတီစိမ်း တန်ချိန် တစ်သိန်းခွဲ၊ မတ်ပဲ တန်ချိန် တစ်သိန်းခွဲ နှင့် ပဲစင်းငုံ တန်ချိန် သုံးသိန်းကိုမူ သတ်မှတ်ရက်အတိုင်း ပို့ခွင့်ပေးထားကြောင်း ဖြည့်စွက်ပြောသည်။

မတ်ပဲထွက်ရှိသော ရာသီရောက်လာပါက ပဲဈေးကွက် ပြန်လည် လည်ပတ်နိုင်ခြင်း မရှိခဲ့လျှင် တောင်သူများအတွက် အခက်အခဲများ ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း ချောင်းဆုံမြို့နယ်မှ မတ်ပဲစိုက်တောင်သူ ဦးအေးမောင်က ပြောသည်။

“တချို့စိုက်ခင်းတွေမှာဆို ပဲတွေက ထွက်နေပြီ၊ မတ်ပဲကလည်း မကြာခင် ထွက်လာတော့မယ်၊ ဈေးကွက်မကောင်းဘူးဆိုရင်၊ဈေးကတော့ ကျနေဦးမှာပဲဆိုရင၊် စိုက်တဲ့တောင်သူတွေအတွက် အခက်ခဲရှိတာပေါ့၊ အရင်းတောင်ကျေပါ့မလားမသိဘူး”ဟု ၎င်းက ပြောသည်။

လက်ရှိအချိန်တွင် မြေပဲ၊ ပဲတီစိမ်း၊ ပဲလွန်းဖြူ စသည့်ပဲများ ထွက်ရှိနေပြီး လာမည့် မတ်လ ပထမအပတ်တွင် မတ်ပဲများ စတင်ထွက်ရှိလာမည်ဖြစ်ကြောင်း သိရသည်။

ထိုက်ထိုက်

Advertisements

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်