နိုင်ငံသားတို့၏ အချက်အလက်များ တွစ်တာနှင့် ဖေ့စ်ဘွတ်ခ်က လွှဲပြောင်းပေးရန် ရုရှားအစိုးရ ညွှန်ကြား

21

မော်စကို ဖေဖော်ဝါရီ

Twitter နှင့် Facebook တို့အနေဖြင့် ရုရှားမှ သုံးစွဲသူများ၏ ကိုယ်ရေးအချက်အလက်(database) များကို ရုရှားနိုင်ငံသို့ ရွှေ့ပြောင်းရန် တောင်းဆိုမှုကို ငြင်းဆန်ပါက အပြစ်ပေးသွားမည်ဖြစ်ကြောင်း ရုရှားနိုင်ငံ တယ်လီကွန်းစောင့်ကြည့်ရေးအဖွဲ့အစည်း Roskomnadzor က ဖေဖော်ဝါရီ ၁၂ရက်တွင် ပြောကြားခဲ့သည်။

“အဓိကကတော့ ရုရှားနိုင်ငံသားတွေရဲ့ ကိုယ်ရေးအချက်အလက်တွေဟာ ရုရှားနိုင်ငံမှာပဲ ရှိနေတာက ပိုပြီး လုံခြုံစိတ်ချရတယ်ဆိုတဲ့အချက်ကြောင့်ပဲဖြစ်တယ်။ သတ်မှတ်ကာလအတွင်း အချက်အလက်တွေ မလွှဲပေးရင် ကုမ္ပဏီတွေဘက်ကို ထိရောက်စွာအရေးယူမယ်” ဟု Roskomnadzor အဖွဲ့အစည်း အကြီးအကဲ Alexander Zharov က ပြောသည်။

ယင်းကုမ္ပဏီများသည် အချက်အလက်များကို ကာလတစ်ခုအတွင်း ရွှေ့ပြောင်းပေးရမည်ဖြစ်ကြောင်း၊ ယင်းအချိန်သည် ၉လခန့်ဟု ခန့်မှန်းရကြောင်း ၎င်းက ပြောသည်။

ယင်းကိစ္စ ဆွေးနွေးရန် Twitter နှင့် Facebook မှ ကိုယ်စားလှယ်များနှင့် Roskomnadzor မှ တာဝန်ရှိသူများ မော်စကိုမြို့၌ ဖေဖော်ဝါရီလမကုန်မီ တွေ့ဆုံသွားမည်ဟု ခန့်မှန်းထားကြောင်း ပြောသည်။

ရုရှားနိုင်ငံ တရားဥပဒေ အရ အင်တာနက်ဝန်ဆောင်မှုကုမ္ပဏီများသည် ရုရှားနိုင်ငံသားများ၏ ကိုယ်ရေးအချက်အလက်များကို ရုရှားပိုင်နက်အတွင်း၌သာ သိမ်းဆည်းလုပ်ဆောင်ရန် လိုအပ်ကြောင်းသိရသည်။

Roskomnadzor အဖွဲ့အစည်းအနေဖြင့် အင်တာနက်ကုမ္ပဏီများက စည်းမျဉ်းစည်းကမ်းဖောက်ဖျက်ပါက ဒဏ်ရိုက်ခြင်း (သို့) လုံးဝပိတ်ပစ်ခြင်းတို့ကိုပင် ပြုလုပ်ခွင့်ရှိကြောင်း သိရသည်။ သို့သော် ကုမ္ပဏီများဘက်မှ ရုရှားနိုင်ငံ၏ တောင်းဆိုချက်နှင့် ပတ်သတ်၍ တစ်စုံတစ်ရာ တုံ့ပြန်မှု မရှိသေးပေ။

၂၀၁၈ခုနှစ် ဒီဇင်ဘာလတွင်လည်း ယင်းအဖွဲ့အစည်းသည် တားမြစ်ထားသည့် သတင်းအချက်အလက်များကို ညွှန်းဆိုထားသော အင်တာနက်လိပ်စာများကို ပယ်ဖျက်ရန် ပျက်ကွက်ခဲ့သည့် Google အား ရုရှားရူဘယ် ၅၀၀,၀၀၀ (အမေရိကန်ဒေါ်လာ ၇,၆၂၅ ဒေါ်လာ) ဒဏ်ရိုက်ခဲ့ကြောင်းသိရသည်။

CNN

Advertisements

Leave a Reply