Advertisements

စပါးအထွက်နှုန်းကျလို့ မိုးကာလမတိုင်မီ ကြိုမောရသူတွေ

ဘီလူးကျွန်းဒေသခံ လယ်သမားအများစုမှာ လာမည့် မိုးကာလကို သက်ပြင်းချရင်း ကြိုနေသည်ဟု ဆိုရပေမည်။

ယခုနှစ်တော့ သူတို့အဖို့ မိုးစပါး အထွက်နှုန်းနှင့်အတူ စိတ်ဓာတ်ပါ ကျဆင်းရသည့် အနေအထားပင်။

“မနှစ်က လယ် ၉ ဧကကိုစပါး တင်း ၄၅၀ ကျော်ထွက်ခဲ့ပေမယ့် ဒီနှစ်မှာ စပါးတင်း ၂၀၀ ကျော်လေးပဲရခဲ့တယ်”ဟု ချောင်းဆုံမြို့နယ် ကော့မုပွန်လယ်ကွင်းမှ လယ်သူမ ဒေါ်စမ်းစမ်းက ညည်းညူရင်း ပြောသည်။

အစိုးရဘဏ်မှ ထုတ်ချေးထားသည့် စိုက်ပျိုးစရိတ်ချေးငွေ ပြန်ဆပ်ရန်နှင့် ရိတ်သိမ်းခြွေလှေ့စရိတ်ကို ပေးချေရန်အတွက် စပါး တင်း ၁၀၀ ကို ရောင်းချရာမှ ရလာသော ငွေစက္ကူတစ်ထပ်ကို ရေတွက်ရင်း သူမက ယခုလို ပြော၏။

Advertisements

“မိသားစုစားဖို့အတွက်ဆန်တော့လုံလောက်ပေမယ့် တခြားစရိတ်တွေအတွက်က အပိုအလျှံမရှိဘူး ဖြစ်နေတယ် ။ လာမယ့်မဲ့နှစ်မိုးစပါးစိုက်ပျိုးစရိတ်ကအစိုးရဆီမှာ ထုတ်ချေးသုံးစွဲလို့လုံလောက်ရုံလေးပါ။ ကျန်တဲ့စရိတ်အတွက်မိုးကာလမှာဘယ်လိုဖြတ်သန်းရမယ်မသိသေးဘူး”ဟု သူမက ကြောင့်ကြစွာ ဆိုသည်။

အလားတူပင်၊ လယ်သူမ တစ်ဦးဖြစ်သည့် ဒေါ်အေးမြကလည်း ယခင်နှစ်ကမိုးစပါးစိုက်ပျိုးလုပ်ကိုင်ရာတွင်တစ်ဧကလျှင် တင်း ၄၀ ကျော်ထွက်ရှိ ခဲ့သော်လည်းယခုနှစ်တွင်မူ တစ်ဧက၂၅ တင်းသာထွက်ရှိကြောင်း ပြောသည်။
စပါးအထွက်နှုန်းမှာ ထက်ဝက်နီးပါး ကျဆင်းခဲ့ပြီး တစ်ကွင်းလုံးရှိ လယ်သမားများ အားလုံးနီးပါး ထိုနည်းနှင်နှင် ဖြစ်နေကြောင်း သူက စကားဖောက်သည်ချသည်။

လယ်သမား အချို့ဆိုလျှင် တစ်ဧကမှ ၁၀ တင်းနှုန်းနီးပါးမျှသာရ၍ အကျိုးရလဒ်နှင့် လုပ်အားခစရိတ်ကိုတွက်ချက်ချိန်ဆကာ ရိတ်သိမ်းမယူတော့ဘဲ ပစ်ထားလိုက်ကြရသည့်အနေအထားအထိ ရှိနေသည်ဟုဆိုသည်။

“အကျိုးအမြတ်မရှိမယ့် အတူတူ မရိတ်သိမ်းဘဲ တံစဉ်လွတ်ထားခဲ့တဲ့ လယ်တွေလည်းရှိတယ်” ဟု အချို့က ပြောသည်။

ယမန်နှစ် မိုးရာသီတွင် မကြာခဏ ရေကြီးနစ်မြုပ်ခဲ့၍ ရာသီဥတုဒဏ် ကြောင့် အကြိမ်ကြိမ်ပြန်လည်စိုက်ပျိုးခဲ့ရသူများလည်းရှိကြောင်း၊ မိုးကုန်ပိုင်းတွင်မိုးပြတ်စော၍ အောင်ရေ အလုံအလောက်မရသည့်အတွက် စပါးအထွက် ကျဆင်းသူလည်းရှိကြောင်း ရာသီဥတုအနေအထားကို ပြန်သုံးသပ်ဝေဖန်ကြသည်။

စပါးအထွက်တိုးသည့်လယ်သမားမှာ မရှိသလောက်ဟုပင် ဆိုရမတတ် ဖြစ်ခဲ့ရကြောင်း လယ်သူမ ဒေါ်အေးမြက မှတ်ချက်ပြုသည်။

သူတို့တင်ပဲလားဆိုတော့ မဟုတ်ချေ။

ကွမ်ရိုက်ကျေးရွာနေ လယ်သမား ဦးညီကလည်း “ဒေသတစ်ခုလုံးမှာ စပါးဘယ်လောက်ထွက်ရှိတယ် ၊ လယ်သမားတွေ ၊ ကုန်သည်တွေစပါးဘယ်လောက် သိုလှောင်ထားတာရှိတယ် ၊ စာရင်းအင်းအတိအကျတော့ မရှိဘူး ။ သေချာတာကတစ်ကျွန်းလုံးမှာအရင်နှစ်တွေ စပါးအထွက်နှုန်းနဲ့ နှိုင်းယှဉ်ရင် ဒီနှစ်က သုံးပုံတစ်ပုံ၊ ထက်ဝက်နီးပါး လျော့နည်းကျဆင်းမှုရှိတယ်ဆိုတာ ကတော့ ငြင်းလို့ရနိုင်မှာမဟုတ်ဘူး”ဟု သူ ကျင်လည်ဖြတ်သန်းခဲ့သမျှ အတွေ့အကြုံများနှင့် လက်တွေ့မျက်မြင်အပေါ် အခြေပြုပြီး ကောက်ချက်ချသည်။

ချောင်းဆုံမြို့နယ်တွင် စပါးအရည်အသွေးကောင်း ၊ အထွက်နှုန်းကောင်း အစဉ်အလာ ခိုင်မြဲခဲ့ရာ ကလော့ ၊ နှီးမုတ် ၊ ကမနင်း ၊ ရွာလွတ် ၊တော်ကနာ ၊ ကွမ်ရိုက် ၊ ကမာမို ၊ကလွီ ၊ ဒရယ်ကွင်းများပင်လျှင် စပါး အထွက်နှုန်းထက်ဝက်ခန့် ကျဆင်းခဲ့ကြကြောင်း ၊ စပါးတင်း ၅၀၀ ၊ ၁၀၀၀ သိုလှောင်နေကျ လယ်သမားများမှာလည်း မိသားစုစားသုံးရန် ဖူလုံရုံမျှသာ သိုလှောင်ထားနိုင်ကြောင်း ဦးညီက ဆက်ပြောသည်။

“လယ်သမားတွေ မိုးစပါးအထွက်ကျဆင်းခဲ့တဲ့ဂယက်ကလာမယ့်မိုးကာလမှာ ဆန်ရေစပါးရှားပါးလာနိုင်လေမလား၊ ပုစ္ဆာတစ်ပုဒ်ဖြစ်နေတယ်” ဟုလည်း သူက တွက်ဆ ပြောပြသည်။

သို့ဆိုလျှင် သူတို့ မည်သို့သော အခက်အခဲမျိုးကို ရင်ဆိုင်ရဖွယ် ရှိသနည်း။

ဒါသည်လည်းပဲ စာရင်းအင်း အတိအကျပြုစု ၊ လက်ချိုးရေတွက်ပြီး ပြောပြဖို့ မဖြစ်နိုင်ရကား သူတို့ သက်ပြင်းချ သက်မ ရှိုက်လျက်သာ နေကြရလေသည်။

“မိုးစပါးစိုက်ပျိုးစရိတ်ဆိုလို့ အစိုးရ ထုတ်ချေးပေးတဲ့ တစ်ဧက တစ်သိန်းခွဲက တစ်ကြိမ်စိုက်ပျိုးလုံလောက်ရုံလေးသာဖြစ်တယ် ။ ရာသီဥတုနဲ့တခြား အကြောင်းကြောင်းတွေကြောင့် တစ်ကြိမ်ထက်မက နှစ်ကြိမ်သုံးကြိမ်အထိစိုက်ပျိုးလုပ်ကိုင်ရတဲ့နှစ်တွေလည်းရှိတဲ့အတွက် လက်ထဲမှာရောင်းချဖို့စပါးအပိုမရှိတဲ့အခုလိုနှစ်မျိုးဆိုရင်တော့ တစ်ကြိမ်ထက်မကအပြန်ပြန်စိုက်ပျိုး ရမယ်ဆိုရင်တော့ အကျိုးအမြတ်ထက်အကြွေးတင်ဖို့ကသေချာပါတယ်” ဟု ကော့မုပွန်မှ လယ်သူမ ဒေါ်စမ်းစမ်းကဆိုသည်။

သူမက အစိုးရ ဘဏ်မှ စိုက်ပျိုးစရိတ် ချေးငွေ တိုးမြင့်လာမည့်အရေးကိုသာ ဆန္ဒပြုလိုက်သည်။ နောင် တစ်ရာသီကို မည်သို့ စိုက်ပျိုးမည်၊ မည်သို့ ပျိုးထောင်မည် ဆိုတာမျိုးသာ သူအပါအဝင် အတော်များများ အာရုံစိုက်နေခြင်းပင်။

အသေးစား စပါးကြိတ်ခွဲစက် ၊ ဒေသအခေါ် ဟာလာစက် လည်ပတ် လုပ်ကိုင်သူ ဦးစိုးက ယခုလက်ရှိ စပါးပေါ်ချိန်လွန်ကာလ သူ့လုပ်ငန်းခွင် အနေအထားကို ယခုလို ပြောပြ၏။

“နေ့တိုင်းစက်မလည်နိုင်ပါဘူး ။ ဆန်ချောအုပ်စု စပါး တင်း ၁၀၀ ကို ၁၃ သိန်းခွဲရှိတယ် ။ စပါးပေါက်ဈေးကမြင့်နေပေမယ့် ဆန်ကိုဈေးကွက်မှာတင်ပို့ရောင်းချတဲ့အခါတွက်ခြေမကိုက်ဘူးဖြစ် နေတယ်”ဟုပြောသည်။

စပါးအထွက် လျော့ကျခြင်းအပေါ် ဒေသခံတို့ မည်သို့ တုံ့ပြန်လုပ်ဆောင် ပြုမူနေကြသနည်း။ ဦးစိုးက သူ မြင်တွေ့ကြားသိသမျှကို ဆက်ပြော၏။

“ဝယ်ယူသိုလှောင်သူအချို့က စပါးအထွက်လျော့နည်းခဲ့ခြင်းအတွက် လာမယ့် မိုးကာလမှာစပါးဈေးမြင့်တက် ရမယ်ဆိုတဲ့အတွေးနဲ့ဝယ်ယူသိုလှောင်နေကြတယ် ။ လက်ရှိကြိတ်ခွဲရောင်းချမယ့်လူတွေအနေနဲ့မကိုက်ပေမယ့် သိုလှောင်သူတွေနဲ့ အပြိုင်ဝယ်ယူနေရတယ် ။ တောင့်ခံနိုင်တဲ့လယ်သမားတွေကလည်းဈေးနှုန်းထပ်တက်လာ လေဦးမလား စောင့်ဆိုင်းရောင်းချနေတဲ့သူတွေလည်းရှိတယ်”ဟု သူက ဆိုသည်။

ချောင်းဆုံမြို့နယ်တွင် ယခုလမှာ လယ်သမားများမိုးစပါးစိုက်ပျိုးစရိတ်ချေးငွေပေးဆပ်သည့် ကာလဖြစ် သော်လည်းစပါးအထွက်လျော့နည်းခဲ့သည့်အတွက် ယခင်နှစ်များကဲ့သို့ စပါးအလွယ်တကူဝယ်ယူရရှိနိုင်သည့် အနေအထားမျိုးမရှိကြောင်းဟာလာစက်လုပ်ငန်းရှင် တစ်ဦးဖြစ်သူ ဦးစိန်ထွန်းက ဆိုသည်။

ယခင်နှစ်များတွင်ကား ဘဏ်သို့ စိုက်စရိတ် ချေးငွေ ဆပ်ချိန်တိုင်း စပါး အရောင်းအဝယ် တွင်ကျယ် သွက်လက်ခဲ့ရိုး ထုံးစံရှိခဲ့သည်။ ယခုနှစ်မူ မဟုတ်တော့ပြီ။

စပါးအထွက်နှုန်းက လယ်သမားအပေါ် တိုက်ရိုက် အကျိုးသက်ရောက်သည်။ တစ်ဆက်တည်းတွင် စပါးကြိတ်ခွဲသူ၊ ရောင်းဝယ်သူတို့ထံကိုပါ သွယ်ဝိုက် အကျိုးသက်ရောက်သည်ကို သူတို့ အတွေ့အကြုံတွေအရ ကောင်းကောင်း သိနားလည်ကြလေသည်။

ယခုနှစ် စပါးပေါ်ချိန်အပြီး တွက်ခြေကိုက်တာ လုံးဝ မရှိ မဟုတ်၊ အနည်းငယ်တော့ ရှိခဲ့သည်။

ကမာကေးကျေးရွာနေ လယ်ဧက ၅၀ ကျော်လုပ်ကိုင်သည့်လယ်သမား ဦးအောင်ဝင်းက ယခုလို ပြောပြ၏။
ယခုနှစ်တွင် စပါးအထွက်နှုန်း တစ်ဧကတင်း ၄၀ ကျော်ထွက်ရှိခဲ့၍စပါးတင်း ၂၀၀၀ ကျော်သိုလှောင်ထားနိုင်ကြောင်း သူက ဆိုသည်။

ဒေသတွင် ၂၀၁၈ခုနှစ်မှစ၍ရရှိခဲ့သည့်စပါးဈေးအနေအထားအရ လယ်သမားများအသက်ရှူချောင်ရုံမျှရှိခဲ့ကြောင်း၊ ယခုကဲ့သို့စပါးတင်း ၁၀၀ လျှင် ၁၂ သိန်းကျော် ရရှိသည့်ဈေးနှုန်းများပုံမှန်ရရှိနေပါလျှင် တွက်ခြေကိုက်သည့်အတွက် လယ်သမားများအနေဖြင့် စပါးအထွက်ကောင်းမွန်အောင် ကြိုးပမ်းလုပ်ကိုင်သင့်ပြီဖြစ်ကြောင်း သူက တိုက်တွန်းလိုက်သည်။

“လွန်ခဲ့တဲ့သုံးလေးနှစ်ကဆိုရင်စပါးဈေးမကောင်းလို့လယ်သမားတွေကစိုက်ပြီးရင်ပြီးရောဆိုပြီးကြဲခင်းစနစ်တွေလုပ်ခဲ့တယ်။တချို့ကလည်းခရုဖျက်တဲ့ဒဏ်ကိုခံနိုင်အောင်ကျဲခင်းလုပ်ကြတယ်။ကြဲခင်းလုပ်တာနှစ်ကြာ လာတော့ မြက်တွေများလာတယ် ၊ အထွက်လျှော့လာတယ် ၊စပါးအရောအနှောတွေများလာတယ် ။ ဒါကြောင့်မို့လည်း စိုက်စနစ်ကိုလည်း ပြန်လည်လုပ်ကိုင်ဖို့လိုအပ်တယ်”ဟု ဦးအောင်ဝင်းက အကြံပြုစကားဆိုသည်။

စိုက်ပျိုးရေးဌာနအနေဖြင့် နည်းပညာနှင့်မျိုးစေ့များလိုအပ်ပါကဖြန့်ဝေဆောင်ရွက်ပေးနေကြောင်း၊ လယ်သမားများကိုယ်တိုင်ကလည်း အထွက်နှုန်းတိုးအောင် ၊ အောင်မြင်ဖြစ်ထွန်းအောင် လိုလိုလားလား ဆောင်ရွက်လိုစိတ် ရှိစေလိုကြောင်း မြို့နယ်စိုက်ပျိုးရေးဌာနမှူး ဦးဝင်းနိုင်က ဆိုသည်။

ဒါကတော့ မိုးကြိုကာလအတွက် အကြံပြုစကား တိုက်တွန်းစကားများပင်။

စပါးအထွက်နှုန်း ကျဆင်းခြင်း၏ နောက်ဆက်တွဲ အကျိုးသက်ရောက်မှုအဖြစ် လတ်တလော ရောက်လာတော့မည့် မိုးကြိုကာလဝယ် မည်သို့ ရင်ဆိုင်ရမည်ကို လယ်သမားအများစု စိုးရိမ်ကြောင့်ကြမှု ရှိနေသည်မှာလည်း အမှန်ပင်။

ချောင်းဆုံမြို့မိမြို့ဖ ဦးတင်လှိုင်ဦးကတော့ လယ်သမားတွေရဲ့ လက်ရှိအခက်အခဲနှင့်ပတ်သက်ပြီး နှစ်ခု အကြံပြု ဆွေးနွေးလိုသည် ဆို၏။

“အစိုးရအနေနဲ့စိုက်ပျိုးစရိတ်ထုတ်ချေးငွေကို ခုထက်ပိုပြီးထုတ်ချေးပေးဖို့၊ ပြန်ဆပ်ချိန်ကိုလည်း လယ်သမားတွေ စပါးဈေးဆွဲရောင်းနိုင်အောင် အချိန်ပိုပေးဖို့…”ဟူ၍ပင်။ စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သည့်အညီ စိုက်ပျိုးရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်အောင်မြင်လာမှသာနိုင်ငံတိုးတက်လာမည်ဖြစ်ကြောင်း၊ ဈေးကွက်နှင့်နည်းပညာများကိုလည်းလယ်သမားများအတွက်ကူညီဆောင်ရွက်ပေးစေလိုကြောင်း ၎င်းက ဆန္ဒပြု စကားဆိုသည်။

ကွမ်ရိုက်ကျေးရွာနေ လယ်သမား ဦးနိုင်က ဆယ်စုနှစ်ချီ သူ ဖြတ်သန်းလာသော အတွေ့အကြုံတို့အပေါ် မူတည်ကာ ယခုကဲ့သို့ တွက်ချက်သုံးသပ်ပြသည်။

“ဒီနှစ်ဒေသမှာထွက်တဲ့စပါးကတစ်ဝက်နီးပါးလျော့ခဲ့တယ်ဆိုတော့ တစ်ကျွန်းလုံးအနေအထားအရစပါး ဘယ်လောက်ကျန်သေးတယ် မသိ။ အနီးအနားပတ်ဝန်းကျင်မြို့နယ်တွေကလည်း နေ့တိုင်းလာရောက်ဝယ်ယူနေတယ် ။ စပါးအထွက်လျော့နည်းခဲ့တဲ့အတွက်မိုးကာလမှာ အရင်နှစ်ကအမြင့်ဆုံးဖြစ်ပေါ်ခဲ့တဲ့ ဆန်ချော တင်း ၁၀၀ ကို ၁၆သိန်း ၁၈ သိန်း ၊ ဆန်ကြမ်းတင်း ၁၀၀ ကို ၉ သိန်း ၁၀ သိန်းထက်ကိုမြင့်တက်လာနိုင်လေမလား။ ဆန်စပါးအထွက်လျော့နည်းကျဆင်းတဲ့ဂယက်ကလယ်သမားနဲ့စားသုံးသူတွေအပေါ်ဘယ်လောက်ထိရိုက်ခတ်လာနိုင်ဦးမလဲမသိသေးဘူး”ဟူ၍ ဆိုညည်းလေသည်။ ။

လွတ်လပ်မောင်(ယက္ခမြေ)

Advertisements

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်