Advertisements

သိကြားငို

တစ်နေ့သား၌ Google Tea House တွင် တီးသောက်နေသည့် ကြက်ဆူတော၏ အထင်ကရ
ဂုရု ကြီး စတုသစ္စထံသို့ တပည့်ကလေး မင်းဗညားထွေး အပြေးအလွှားရောက်လာ၏။

စတုသစ္စကြီးအေးအေး လူလူ တီးသောက်နေသည်ကို မနာလိုမရှုစိမ့်သည့်အလား စားပွဲတွင်ဝင်ထိုင်ရင်း သူရေးသားထားသည့် စာ မူတစ်ပုဒ်အားတည်းဖြတ်ခိုင်းလေတော့၏။ သူ့စာမူမှာ အောက်ပါအတိုင်းဖြစ်လေတော့သည်။

“အသေးစိပ်ချည်းကပ်လေ့လာချက်များအရ အီးအမ်ဘိုကာရှီမြေဆွေးလုပ်နည်းသည်- –
– – – – – – – – – – – – – -”

ဆရာမောင်လွမ်းမိုးလေးကား လဘက်ရည်ခွက်ကို ဘေးသို့အသာချရင်းဖြေကြားရှာလေ၏။

Advertisements

” မင်းဗညားထွေးရဲ့ အသေးစိတ်ကိုရေးတဲ့အခါ တ သတ်နဲ့စိတ်ရသကွ၊ ချဉ်းကပ်တယ်ဆိုတာ ထဲ ထဲဝင်ဝင် ပြီးတော့ ရောက်ရှိတယ်ဆိုတဲ့ အနက်ကိုပေးလို့ ခ ခွေးကို ယပင့် ညလေးသတ်နဲ့ ချဉ်းကသကွ၊ ခ ခွေးကို ညကြီးသတ်တော့(ချီး)ဆိုတဲ့အသံထွက်သွားသကွ”

မင်းဗညားထွေးကလည်းမလျော့ သူထင်တာသူစွတ်တင်လိုက်ပြန်၏။

“ကျွန်တော်က အဲဒီရေးထုံးကို ခေတ်မမီတော့ဘူးထင်လို့ဆရာ”

ဆရာမောင်လွမ်းမိုးထံမှ ပေါက်ကွဲသံတစ်သံထွက်ပေါ်သွားပြီး ဆေးလိပ်ပြာခံခွက်က မင်းဗညား ထွေးထံ လွင့်ပျံလာသောကြောင့် ဂျက်အင်ဂျင်ကဲ့သို့လျင်မြန်မှုမျိုးဖြင့် လုံချည်စွန်တောင်ဆွဲ၍ ပြေးထွက်ခဲ့ရ သည်ဟူ၏။

” ဂန်းမသား ”

ဆလိုင်းဂျစ်သိုးကား ဆက်စပ်စဉ်းစားတတ်သည့်အလေ့အကျင့်ရှိသူဖြစ်၏။

စာကိုကျက်မှတ်ခြင်းထက် နားလည်အောင်ဖတ်ရှုတတ်သည်က သူ၏ပင်ကိုယ်အကျင့်ဖြစ်သည်။ သို့သော် စေ့စေ့စပ်စပ်မဖတ်။ ကျောင်းတွင်စာသင်သည်ကလည်း၊ မှတ်စုအားပြု၍ သင်ကြားပေးသည့်ဟန်ဖြစ်သည်။ပြဌာန်းစာအုပ်ပါ သင် ခန်းစာများကို တစ်ယောက်ချင်းဖတ်စေပြီး ရှင်းလင်းဆွေးနွေးသွားသည့်ပုံစံမဟုတ်။ ထို့ကြောင့် တက္ကသိုလ် ဝင်တန်းစာမေးပွဲ မြန်မာစာဖြေဆိုပြီးပြန်လာသည့် မောင်ဂျစ်သိုးလေးအား ဖခင်ဦးတုတ်ဖြိုးက မည်ကဲ့သို့ဖြေ ဆိုလာခဲ့ကြောင်း သိချင်သောကြောင့် မေးခွန်းတောင်းယူပြီး သဒ္ဒါဆိုင်ရာမေးခွန်းမှဖြေဆိုလာသည့် အကြောင်းအရာများကို စူးစမ်း၏။

ဦးတုတ်ဖြိုး၏သား ဆလိုင်းဂျစ်သိုးကား ပေါ့သေးသေးကျောင်းသားမဟုတ်။ ထိုမေးခွန်းမှ ခရာဝန်း ဆိုသောမေးခွန်းကို အမှတ်တမဲ့ဖတ်လိုက်ပြီး၊ ခရာ(whistle) ကိုင်သောဝန်ကြီးဟုဖြေဆိုခဲ့သည်ဆို၏။ ဆလိုင်းဂျစ်သိုး၏စကားအဆုံးတွင် သားတော်မောင်၏ ဆက်စပ်စဉ်းစားတတ်မှုကို ဂုဏ်ပြုသောအားဖြင့် ဦးတုတ်ဖြိုးက အိမ်ပေါ်မှ ဆောင့်ကန်ချလိုက်သည်ဟူ၏။

တစ်နေ့တွင် ကျောင်းဆရာလေး ဆရာကောင်းမြတ်ဝေသည် ကဖေးဂျင်မီ၏ ကဖေးဆိုင်တွင် မြမန်း ဂီရိတေးသွားကိုနားဆင်ရင်း ကော်ဖီတစ်စိမ့်စိမ့်သောက်နေခိုက် ဘေးစားပွဲမှ တေးသော်ရီနှင့် ရွာစားကျော်
ဇင်လတ်တို့စကားဝိုင်းမှ အပြန်အလှန်ဆွေးနွေးနေသံကိုနားစွင့်နေ၏။ ရွားစားကျော်ဇင်လတ်ကလည်း ခေ လှသူတော့မဟုတ်။ မြန်မာစာအထူးပြုဘွဲ့ရထားသူဖြစ်၏။

” ငါးကွင်းဥသျောင်ဆိုတာ ဘာလဲရွာစားရဲ့”

” ဟာ – – – ဆရာသော်ကလဲ ညံ့ပါ့ဗျာ။ ငါးကွင်းဥသျောင်ဆိုတာ ထိုးကွင်းငါးခုဗျ”

” ဟေ- – – – မဟုတ်လောက်ဘူးထင်တယ်နော်ရွာစား”

ကြားမကောင်းတော့သောကြောင့် ထိုကိစ္စကို ဆရာကောင်းကြားဝင်ဖြေရှင်းပေးလိုက်ရချေတော့၏။

” ကိုယ့်ဆရာတို့ရယ်- – ငါးကွင်းဥသျောင်ဆိုတာ ဥသျောင်ငါးခုရှိသော၊ သျောင်ငါးခုရှိသော ပဉ္စသီခ နတ်သားကို ဆိုလိုတာပေါ့။ ခုခေတ်စကားနဲ့ဆိုရရင်နတ်ဂီတမှူးပေါ့ဗျာ”

ကြက်ဆူတော၏ ငရုတ်ကောင်းရပ်ကွက်ရှိ လွှတ်ကြီး၏တပည့် လူရဲ၏ အိမ်အနီးတွင် တစ်နေ့သ၌ ဇနီးမောင်နှံ နှစ်ယောက်စကားများ ရန်ဖြစ်နေကြ၏။

မိန်းမကားသူနာပြုဆရာမဖြစ်ပြီး သူမ၏အမျိုးသားကား ဌာနဆိုင်ရာတစ်ခုမှ စာရေးဝန်ထမ်းဖြစ်၏။

” နင့်ကို ဒီသောက်ရေတွေသောက်မလာပါနဲ့ဆိုတာပြောပေါင်းလဲများလှပြီ နင်ကလဲလူလိုနားမ လည်။ နင်တို့ရဲ့ ဝဋ်ကြီးဝဋ်ငယ်သွယ်သွယ်ကို နင်ရင်လဲသေပါမှ ငါရင်လဲသေပါမှ ကျွတ်တော့လွတ်တော့ မယ်ထင်ပါရဲ့”

ထိုလင်မယား၏ ရန်ဖြစ်စကားများသံများက ဂေါ်မစွံလူရဲအား အကြီးအကျယ်သံဝေဂရသွားစေ၏။ ဝတ်ကြီးဝတ်ငယ်ဆိုသည်မှာ ကျင့်ဝတ်လုပ်စရာကိုင်စရာအလုပ်တာဝန်နှင့် ဝဋ်လိုက်ခြင်း၊ ဝဋ်လည်ခြင်းတို့ကိုမှားယွင်းပြောဆိုနေသော အမျိုးသမီးအားမျက်ဝါးထင်ထင်မြင်လိုက်ရသောကြောင့်ဖြစ်၏။ သူအိမ်ထောင်ပြုပါက ဘုရားဝတ်ခြင်းကို ဝတ်ကြီးဟူ၍လည်းကောင်း ပန်း ရေချမ်းဆွမ်းတော်ကပ်ခြင်းတို့အား ဝတ်ငယ်အ ဖြစ် သိမှတ်နားလည်ထားသည့် အမျိုးသမီးများနှင့်တွေ့ကြုံ ဖူးစာဖက်ဖြစ်လျင်ဟူသောအတွေးကြောင့် အလိုလိုဘုရားတမိသွားချေတော့၏။

ရိုက်စားဘွဲ့ခံ မင်းသက်ခိုင်ကား ဘုန်းကြီးကျောင်းသို့ ဥပုသ်နေ့တွင် သီလဆောက်တည်ရန်သွားခဲ့ ၏။ ဆရာတော်တရားဟောခါနီးတွင် ဝါးထားသည့်ကွမ်းကိုထွေးထုတ်လိုက်ပြီး၊ အာလုပ်ကျင်းရန် သောက်ရေအိုးဆီလာခဲ့၏။ သောက်ရေအိုးထားသည့်နေရာတွင်ရေးထားသော စာတမ်းက သူ့ကိုတုန်လုှပ်သွားစေ ၏။ ရေးထားသောစာတမ်းကား ” လူသောက်ရမ်း ” ဟူ၏။

ထို့ကြောင့် ခေါင်းရင်းဖက်ခြမ်းက ရဟန်းသံဃာ များသောက်သည့် သောက်ရေအိုးစင်ဖက် မျက်စေ့ရောက်သွား၏။ သူအလိုလို ခေါင်းရမ်းလိုက်မိလေတော့သည်။

” ဘုန်းကြီးသောက်ရမ်း ”

ဗညားကွမ်းစားညီညီလွင်ကား လှည့်စားသူပီပီ မော်တော်ကား စတီယာရင်အား လှည့်နိုင်သမျှ အကျိုးရှိနေသူဖြစ်ချေ၏။ တစ်နေ့သား ကားအငှားလိုက်သွားပြီး ဗိုက်ဆာဆာရှိသည်နှင့် ထမင်းဆိုင်တစ်ဆိုင် ရှေ့တွင်ကားရပ်လိုက်၏။

ဆိုင်အားလှမ်းကြည့်အကဲခပ်လိုက်၏။ ဆိုင်ရှေ့တွင်ရေးထားသော ဆိုင်းဘုတ်
အားကြည့်မိလိုက်သည့်အခါ ဗိုက်ကိုမျှမဖြည့်တော့ပဲ တစ်ချိုးထဲ ကားမောင်းထွက်ခွာသွားလေတော့သည်။ ရေးထားသည့်ဆိုင်းဘုတ်တွင်ကား

” ယနေ့ ထမင်းမိန်ဟင်းရာများ”

၁။ ဘူသီးငါးပေါင်ချက်

၂။ ဆတ်ဖုတ်မွကျော်

၃။ ငါ့ဖုတ်ချောက်ဆီဆန်း သံပုရာသီးသုတ်

၄။ ငါ့လီးကိုက်ဆီပြန်
၅။တောကျောင်းသားဆီပြန်

ထိုသို့သော မဖွယ်မရာမြန်မာစာအလွဲများကြောင့် ကြက်ဆူတောပဏ္ဍိတများ ရင်ခံလာပြီး အချိန်မီ ပြုပြင်ကျတော့အံ့ဆိုကာ Google Tea House တွင် လဘက်ရည်သောက်ရင်း ညီလာခံတစ်ရပ်ကျင်းပကျ လေ၏။ ထိုသို့သောအလွဲများကို မည်သို့ပြုပြင်သော်ရအံ့ဟု ဆွေးနွေးငြင်းခုံကြ၏။ တစ်ချို့ကလည်း ပြုပြင်
ခြင်းငှာ မစွမ်းသာတော့ဟုဆို၏။

တစ်ချို့ကလည်းပြုပြင်၍ ရအံ့ဟုဆို၏။ နောက်ဆုံး ထုံးစံအတိုင်းပင် ဆရာ ချွန်ထံသို့ ပြဿနာက ခြေထောက်ဗွေပေါက် ရောက်ရှိသွားလေတော့၏။ ဆရာချွန်ကား သူ့ထုံးစံအတိုင်း ပင် ဖက်ဖြူတစ်တို လဘက်ရည်တစ်ခွက် ရေနွေးကြမ်းခွက်တို့နှင့်အလုပ်များဆဲဖြစ်ရကား ထိုဗာဟီရတို့ကို အသာဖြတ်၍ပြီး သူ့အမြင်သူ့အတွေးများကို ပြောလေတော့၏။

” တို့ကြက်ဆူတောမှာ ဖြစ်ပျက်နေတဲ့ ဒီကိစ္စတွေဟာ ပညာရေးကို စမ်းတဝါးဝါး အစမ်းများသွားတာ ရယ်၊ မဟာပညာကျော် အုပ်ချုပ်သူ သူကြီးများက ရွှေဉာဏ်တော်စူးရောက်ပြီး မတော်မလျော်ပြုပြင်လိုက် ကြတာရယ်
ကျောင်းတွေမြို့ပြင်ထုတ် ဘာလုပ်လုပ်ဘွဲ့ပေး၊ နိုင်ငံရေးမလုပ်ပြီးရော၊ ဆိုတဲ့ မဟာဂရုဏာ တော်တွေကြောင့်ဖြစ်သွားရတာပဲ။

ဒါတောင်စာမေးပွဲစနစ်ကရှိပေမယ့်။ မအောင်မရှိ ငါ့တပည့် ဆရာ့တာဝန် ရှိဆိုတဲ့ဆောင်ပုဒ်နဲ့အညီ အချိန်တန်အတန်းတင် လူ့စွမ်းအားဖွံ့ဖြိုးဖို့အဓိကပဲဆိုတဲ့ ခပ်ပိန်းပိန်းအတွေး တွေကြောင့် ပညာရေးဌာနက
တကယ့်စေတနာရှင်ဆရာများကလဲ သူတို့တပည့်တွေရဲ့စွမ်းရည်ထက်လာဖို့ ကျောက်ရိုင်းလေးတွေ အရောက်တောက်အောင်သွေးပေးဖို့တော့ ဆန္ဒရှိပေမယ့် လုပ်ခွင့်ကမသာ ဒီတော့ လုပ်သလိုမဖြစ်တဲ့အခြေအနေကို ဖြစ်သလိုလုပ်ရတဲ့ဘဝက အနိုင်ယူသွားလိုက်တော့ တို့တွေကနေ့တွေ့နေ ရတဲ့အတိုင်းပဲ ပေါက်တတ်ကရအလွဲတွေရယ် ဘွဲ့ရဆိုတဲ့ကလေးတွေဟာ ပြည်တွင်းမှာလဲ အလုပ်အကိုင်နေရာချထားပေးနိုင်တဲ့အခြေအနေကလည်းမရှိ။ ရထားတဲ့ဘွဲ့လက်မှတ်ကလေးကိုကိုင်ခိုင်းသူမရှိရင် ဘာမှမလုပ်တတ်တဲ့အခြေအနေတွေရောက်နဲ့ နောက်ဆုံးတော့ အိမ်ဖော်တို့ GW တို့ဖြစ်ကုန်ကျတော့တာပါပဲ။ ဒါတွေကိုပြုပြင်ဖို့တကယ်တတ်အောင်သင်တဲ့စနစ်တစ်ခု အစားထိုးနိုင်ရင်။ ကျောင်းသင်ဘာသာရပ်တွေကို
လက်တွေ့နယ်ပယ်မှာ ဆက်စပ်အသုံးချလာတတ်တဲ့ အခြေအနေမျိုးဖန်တီးလာနိုင်ကြရင်အရည်အချင်း တွေတော့ ပြန်တက်လာနိုင်ဘွယ်ရာရှိပါတယ်။ ဒါပေမယ့်ခုချက်ခြင်းကြီးတော့ သိကြားမင်းကိုမာဃကိုလုပ် ခိုင်းတောင် ဆောရီးဆိုပြီး သိကြားငိုသွားလိမ့်မယ်ကွာ။ အချိန်တိုင်းတာတစ်ခုတော့စောင့်ရပေမပေါ့”

ဆရာချွန်ကားပြောချင်ရာပြောပြီး ဆိုင်တစ်ခုလုံးအား ဝေ့ဝိုက်အကဲခပ်လိုက်ပြီး သူ၏ဖက်ဖြူလိပ် အား ခပ်ညံ့ညံ့ Gas Lighter ဖြင့်ထောက်ကနဲမီးညှိပြီး ဆိုင်အတွင်းမှထွက်ခွာသွားလေတော့၏။

ဆရာချွန်

Advertisements

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်