မှတ်ပုံတင်ရန် ကျန်ရှိသည့် ကုမ္ပဏီများကို မော်လမြိုင်၌ လုပ်ဆောင်ပေးတော့မည် မဟုတ်

22

မော်လမြိုင် ဖေဖော်ဝါရီ ၁၅

မွန်ပြည်နယ်အတွင်း MyCo စနစ်ဖြင့် ပြန်လည် မှတ်ပုံတင်ရန် ကျန်ရှိသော ကုမ္ပဏီများကို မော်လမြိုင် ရုံး၌ လုပ်ဆောင်ပေးတော့မည် မဟုတ်ကြောင်း ပြည်နယ် ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးမင်းသိန်းဦးက ပြောသည်။

ကုမ္ပဏီများ ပြန်လည် မှတ်ပုံတင်ရန် ယမန်နှစ် သြဂုတ် ၁ ရက်မှ ယခုနှစ် ဇန်နဝါရီ ၃၁ ရက်အထိ ခြောက်လတိုင် အချိန်ပေးခဲ့ပြီး ဖြစ်သောကြောင့် ပြန်လည် မှတ်ပုံတင်လိုပါက ရန်ကုန် ရုံး ချုပ်၌ သာဆောင်ရွက်ပေးတော့မည်ဟု ၎င်းက ပြောသည်။

“တင်လို့ ရှိရင်တော့ အခကြေးငွေ ပေးပြီး ပြန်တင်ရမယ်၊ ရုံး ချုပ်မှာပဲ တင်လို့ ရမယ်၊ အဲဒီ ကုမ္ပဏီအားလုံးဟာ ဒီမှာ တင်လို့ မရတော့ဘူး၊ ရန်ကုန်မှာပဲ လုပ်လို့ ရတော့မယ်”ဟု ဦးမင်းသိန်းဦးက ဆိုသည်။

ယခုအခါ မှတ်ပုံတင်ရန် ကျန်ရှိသော ကုမ္ပဏီများကို အမည်စာရင်းမှ ပယ်ဖျက်ရန် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနက စီစဉ်နေသည်။

ပယ်ဖျက်ခံလိုက်ရသည့် ကုမ္ပဏီများသည် စီးပွားရေး လုပ်ငန်းများ ထပ်မံ လုပ်ကိုင်လိုပါက နာမည်အသစ်ဖြင့် ပြန်လည် မှတ်ပုံတင်ရမည့်အပြင် မှတ်ပုံတင်ကြေး ကျပ် ၂၅၀၀၀၀ ကိုပါ ပေးသွင်းရမည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးမင်းက သတင်းမီဒီယာများကို ပြောဆိုထားသည်။

လက်ရှိတွင် နိုင်ငံတဝန်း၌ ပြန်လည် မှတ်ပုံတင်ထားသော ကုမ္ပဏီပေါင်း ၄၀၀၀၀ ကျော်ရှိနေပြီး မှတ်ပုံတင်ရန် ကျန်ရှိသော ကုမ္ပဏီပေါင်း ၂၀၀၀၀ ခန့် ရှိနေသည်ဟု ၎င်းက ပြောသည်။

မွန်ပြည်နယ်၌မူ ယခင်က မှတ်ပုံတင်ထားသော ကုမ္ပဏီပေါင်း ၄၀၀ ကျော်ရှိပြီး၊ MyCo စနစ်ဖြင့် ပြန်လည် မှတ်ပုံတင်သော ကုမ္ပဏီမှာ ၂၄၀ ကျော်သာရှိကြောင်း ပြည်နယ် ရင်နှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

My Co စနစ်ဖြင့် မှတ်ပုံတင်ရာတွင် တစ်ဦးတစ်ယောက်တည်း ကုမ္ပဏီထူထောင်နိုင်ခြင်း၊ ကုမ္ပဏီများ၌ တာဝန်ယူမှု၊ တာဝန်ခံမှုရှိလာသည့်အပြင် ပြစ်မှု၊ ပြစ်ဒဏ်များ ပါဝင်လာခြင်း၊ ပြည်တွင်းကုမ္ပဏီအဖြစ် သတ်မှတ်ထားသော ကုမ္ပဏီတစ်ခုတွင် နိုင်ငံခြားသား ၃၅ရာခိုင်နှုန်းပါဝင်ခွင့်ရရှိခြင်း စသည့် အခွင့်အရေးများ ပေးထားသည်။

ယင်းစနစ်အရ ကုမ္ပဏီများ မှတ်ပုံတင်ပြီးပါက ထပ်မံ သက်တမ်း တိုးစရာမလိုအပ်ဘဲ လုပ်ငန်း ဆောင်ရွက်နိုင်သည့်အပြင် ပြန်လည်မှတ်ပုံတင်သော ကုမ္ပဏီအဟောင်းမှာမူ မှတ်ပုံတင်ကြေး ပေးသွင်းရန် မလိုပေ။

ယခုအခါ မွန်ပြည်နယ်၌ MyCo စနစ်ဖြင့် ခြောက်လ အတွင်း ပြန်လည် မှတ်ပုံတင်ထားသော ကုမ္ပဏီပေါင်း ၂၄၂ ခု ရှိပြီး၊ ယင်းအထဲတွင် မြန်မာကုမ္ပဏီ ၂၃၇ ခု၊ နိုင်ငံခြား ကုမ္ပဏီ လေးခု ၊ အသင်း တစ်သင်း ပါဝင်နေသည်။

ကုမ္ပဏီအသစ် လျှောက်ထားမှုတွင် မြန်မာ ကုမ္ပဏီ ၆၁ ခု၊ နိုင်ငံခြား သုံးခုနှင့် ၊ အသင်း တစ်သင်း ရှိနေကြောင်း ယင်းဌာန မှတ်တမ်းများအရ သိရသည်။

ဗဟိန်း

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်