ရပ်ရွာလူထုအခြေပြုခရီးသွားလုပ်ငန်း တည်းခိုခ ဈေးနှုန်း လျှော့ချ

54

ထားဝယ် ဖေဖေါ်ဝါရီ ၁၅

ထားဝယ်ခရိုင်လောင်းလုံးမြို့နယ်စမ်းလှမ်းကျေးရွာ၌ လုပ်ဆောင်နေသော ရပ်ရွာလူထုအခြေပြုခရီးသွားလုပ်ငန်း(CBT)တွင် ဖေဖေါ်ဝါရီ ပထမအပတ်မှစ၍ တည်းခိုခဈေးနှုန်း လျှော့ချသတ်မှတ်ခဲ့ကြောင်း ခရိုင်ခရီးသွားလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

CBT လုပ်ငန်းကို ယမန်နှစ် အောက်တိုဘာ ၂၅ရက်တွင် စတင်ခဲ့ပြီးနောက် နိုဝင်ဘာလဆန်းရက်တွင် ဧည့်သည်များလက်ခံခဲ့သည်။ သုံးလအကြာတွင် ယင်းသို့ ဈေးနှုန်း လျှော့ချလိုက်ခြင်းဖြစ်သည်။

“ကိုယ့်အစီအစဉ်နဲ့ကိုယ်လာတဲ့သူတွေ တည်းခိုနိုင်အောင် နဲ့ ဝန်ဆောင်မှုတွေ အဆင်သင့်မဖြစ်သေးတဲ့အတွက်”ဟု အဆိုပါအသင်းဥက္ကဋ္ဌ ဒေါ်မိုးသူက ဆိုသည်။

ယခင်က နံနက် နေ့လည် ညစာ အပါအဝင် တည်းခိုခ၊ ဖျော်ဖြေမှု၊ ဝန်ဆောင်မှုတို့အတွက် နိုင်ငံခြားသား ဧည့်သည်တစ်ဦးလျှင် ကျပ် ၃၈,၅၀၀ နှုန်း၊ ပြည်တွင်းဧည့်သည် ကျပ် ၃၁,၅၀၀ နှုန်း ကောက်ခံခဲ့သည်ဟု သိရသည်။ ယခုအခါ နိုင်ငံခြားသားတစ်ဦးလျှင် ကျပ် ၃၀,၀၀၀၊ ပြည်တွင်းဧည့်သည် ကျပ်၂၅,၀၀၀ သို့ နှုန်းထားလျှော့ချထားသည်ဆို၏။

နှစ်ယောက်ခန်း တစ်ခန်း တစ်ရက် ငှားရမ်းခကိုလည်း ကျပ် ငါးသောင်းမှ လေးသောင်းနှုန်းသို့ ပြောင်းလဲသတ်မှတ်ကြောင်း သိရသည်။

စမ်းလှမ်းကျေးရွာရပ်ရွာလူထုအခြေပြုခရီးသွားလုပ်ငန်းသို့ လာရောက် လည်ပတ်သူများသည် ကမ်းခြေ အပန်းဖြေခရီးစဉ်သာမက ပင်လယ်ကျွန်းခရီးစဉ်အဖြစ် လောင်းလုံးဘုတ်ကျွန်းရှိ လိပ်သောင်ကြီးအော်နှင့် အုန်းပင်အော်သို့ စက်လှေ၊ စပိဘုတ်အသုံးပြုလျက် နေ့ချင်းပြန်ခရီး၊လက်ခတ်တောင် တောင်တက်ခရီးတို့ကိုလည်း သွားရောက် အပန်းဖြေလေ့လာနိုင်ကြမည်ဖြစ်သည်။

စမ်းလှမ်းကျေးရွာမှာ ထားဝယ်မှ ခရီးမိုင် ၂၀ အကွာတွင်တည်ရှိသည်။

တင့်လွင်

Advertisements

Leave a Reply