လာမည့် ဘဏ္ဍာနှစ်တွင် ပိုင်ကျုံတံတား အဆင့်မြှင့်တင်မည်

68

မော်လမြိုင် ဖေဖော်ဝါရီ ၁၅

ကရင်ပြည်နယ်အတွင်း ပိုင်ကျုံတံတားကို ၂ဝ၁၉-၂၀၂ဝ ဘဏ္ဍာနှစ်တွင် ရန်ပုံငွေတင်ပြတောင်းခံပြီး ရရှိပါက အဆင့်မြှင့်တင် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ဒုတိယအကြိမ်၊ အမျိုးသားလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး၊ ၁၁ရက်မြောက်နေ့၌ ဖြေကြားခဲ့သည်။

ကရင်ပြည်နယ်မဲဆန္ဒနယ် အမှတ်(၄)၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် နန်းမိုးမိုးထွေး မေးမြန်းသော ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် ပိုင်ကျုံမြို့ရှိ ပိုင်ကျုံတံတားအား ကွန်ကရစ်တံတား(သို့မဟုတ်) ဘေလီသံကြမ်းခင်းတံတားအဖြစ် ၂ဝ၁၉-၂ဝ၂၀ဘဏ္ဍာနှစ်တွင် အဆင့်မြှင့်တင်ပေးရန် အစီအစဉ်ရှိ မရှိ မေးမြန်းချက်ကို ဝန်ကြီးက ယင်းသို့ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

“ပိုင်ကျုံတံတားကို ကွင်းဆင်းစစ်ဆေးပြီး ဘေလီသစ်သားကြမ်းခင်းနေရာမှာ သံမဏိကြမ်းခင်း ပြောင်းလဲနိုင်ဖို့အတွက် ရန်ပုံငွေတင်ပြတောင်းခံပြီး ရရှိပါက အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးသွားမယ်”ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြိး ဦးဟန်ဇော်က ပြောကြားသည်။

အဆိုပါ တံတား၏ မူလကြမ်းခင်းနေရာတွင် သံမဏိကြမ်းခင်း Steel Decking ပြောင်းလဲဆောင်ရွက်ရန် အတွက် ၂ဝ၁၉-၂၀၂ဝဘဏ္ဍာနှစ် ၊ကရင်ပြည်နယ်အစိုးရအဖွဲ့ ငွေလုံးငွေရင်းဌာနမှ လျာထားတင်ပြသွားမည် ဖြစ်ကြောင်း ဆက်လက်ပြောသည်။

ရန်ပုံငွေရရှိလာပါက အဆင်မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ အဆင်မြှင့်တင်ခြင်း လုပ်ငန်းများ မဆောင်ရွက်မီ ပြင်ဆင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို ဦးစွာ ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။
ပိုင်ကျုံတံတားသည် ပိုင်ကျုံမြို့ အနီးပတ်ဝန်းကျင် ကျေးရွာများသာမက လှိုင်းဘွဲ့၊ ပိုင်ကျုံ ကော့ကရိတ်နှင့် မြဝတီကို အဓိကဆက်သွယ်ထားသော တံတားဖြစ်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းမိုးမိုးထွေးက ပြောသည်။

“ဒီတံတားပေါ်မှာ ကျောင်းသားတွေ ပြည်သူတွေက သွားလာဖြတ်သန်းနေရတယ်၊ တံတားက တစ်နေရာမဟုတ် တစ်နေရာ ပျက်စီးနေတယ်၊ ဒါကြောင့် တံတားအထူးအဖွဲ့က တံတားရဲ့ ခံနိုင်ဝန်ကို ကွင်းဆင်းစစ်ဆေးပြီး အဆင့်မြှင့်တင်ပေးဖို့ တောင်းဆိုပါတယ်”ဟု ၎င်းက ပြောသည်။

ဘေလီသစ်သားကြမ်းခင်းဖြစ်သောကြောင့် မိုးရာသီတွင် ပျက်စီးမှုဖြစ်ကာ၊ နှစ်စဉ်နှစ်တိုင်း ဘဏ္ဍာငွေတောင်းခံ၍ ပြင်ဆင်မှုများ ပြုလုပ်နေရပြီး ၊ယခင်နှစ်ကလည်း အကြီးစားပြင်ဆင်မှု ပြုလုပ်ခဲ့ရကြောင်း ဆက်လက်ပြောသည်။

လှိုင်းဘွဲမြို့နယ် ပိုင်ကျုံမြို့ရှိ ပိုင်ကျုံတံတားကို ၂ဝဝ၇ခုနှစ်က စတင်တည်ဆောက်ခဲ့ပြီး ၁၁၈၃ပေ ရှည်လျားသည်။

ထိုက်ထိုက်

Advertisements

Leave a Reply