Advertisements

တရုတ်တွင် Starbucks ကုမ္ပဏီ ပထမဦးဆုံး အီတလီစားသောက်ဆိုင် ဖွင့်မည်

နယူးယောက် ဖေဖော်ဝါရီ ၁၆

Starbucks ကော်ဖီ ကုမ္ပဏီက အီတလီဟင်းလျာနှင့် ဖျော်ရည်အမျိုးမျိုး အဓိက ပါဝင်သော စားသောက်ဆိုင်ကို တရုတ်နိုင်ငံ၌ ပထမဦးဆုံး ဖွင့်လှစ်သွားမည်ဟု ကြေညာခဲ့သည်။

ထိုသို့ဖွင့်လှစ်ရခြင်းမှာ တရုတ်နိုင်ငံတွင် ရေရှည် လုပ်ဆောင်ရန် အဆိုပြုမှုများ တိုးတက်လာရန် အားထုတ်မှု တစ်စိတ်တစ်ပိုင်း ဖြစ်ကြောင်း ကုမ္ပဏီက ထုတ်ပြန်သည်။ အဆိုပါ ဆိုင်သစ်ကို ရှန်ဟိုင်းမြို့တွင် ယခုနှစ် ဧပြီလမှ စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ အီတလီ မုန့်လုပ်ငန်း Rocco Princi နှင့် ပူးပေါင်း၍ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။

အီတလီ အစားအသောက် အမှန်တကယ် ကြိုက်နှစ်သက်သူများ အတွက် Rocco Princi ကလည်း ပြည်တွင်းမှ လတ်ဆတ်သော ပါဝင်ပစ္စည်း အမျိုးအစား ၅၀ ကျော်ကို ရွေးချယ် အသုံးပြုသွားမည်ဟု ဆိုသည်။

Advertisements

ဆိုင်တွင် ကော်ဖီ နှင့် အီတလီ ရိုးရာ ကော့တေး ၊ ဝိုင် တို့အပြင် အစားအသောက် ဟင်းလျာ စာရင်းကို တိုးချဲ့ပေးထားကြောင်း သိရသည်။

Starbucks ကော်ဖီ ကုမ္ပဏီသည် လက်ရှိတွင် တရုတ်နိုင်ငံရှိ မြို့ပေါင်း ၁၅၈ မြို့တွင် ဆိုင်ပေါင်း ၃,၇၀၀ ကျော် ဖွင့်လှစ်ထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မိတ်ဖက်အဖြစ်လက်တွဲမည့် Rocco Princi သည် ၎င်းတို့၏ ပထမဆုံး မုန့်လုပ်ငန်းကို ၁၉၈၆ ခုနှစ်က အီတလီနိုင်ငံ မီလန်မြို့၌ ဖွင့်လှစ်ခဲ့ပြီးနောက် ချီကာဂို ၊ နယူးယောက် နှင့် လန်ဒန်မြို့တို့တွင် ဆက်လက် ဖွင့်လှစ်ခဲ့ကြောင်း၊ ၂၀၁၆ ခုနှစ်တွင် Starbucks နှင့်ပူးပေါင်းခဲ့ကာ ကမ္ဘာတစ်ဝှမ်းရှိ Starbucks Reserve Roasteries ဆိုင်များအတွက် မုန့်ပစ္စည်းများ တစ်ဦးတည်း ကိုယ်စားလှယ်ဖြစ်လာခဲ့ကြောင်း သိရသည်။

CNN

Advertisements

Leave a Reply