တရုတ်သွင်းကုန် အခွန်တိုးမြှင့် ကောက်ခံကာလ အမေရိကန် သက်တမ်းတိုး

ဝါရှင်တန် ဖေဖော်ဝါရီ ၁၇

တရုတ်သွင်းကုန်များ အပေါ် အခွန်အခတိုးမြှင့်ကောက်ခံခြင်းကို မတ် ၁ ရက်က စတင်မည်ဟု ယခင်သတ်မှတ်ထားသော်လည်း ရက်တိုးမြှင့်သွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဖေဖော်ဝါရီ ၁၆ရက်တွင် ပြောခဲ့သည်။

နှစ်နိုင်ငံ ကိုယ်စားလှယ်များ ကုန်သွယ်ရေးဆိုင်ရာစေ့စပ်ညှိနှိုင်းပွဲအပြီးတွင် ထရန့်က ထိုသို့ ပြောခဲ့ခြင်းဖြစ်သည်။ နှစ်နိုင်ငံတာဝန်ရှိသူများသည် ပေကျင်းမြို့တွင် တွေ့ဆုံကာ နှစ်ရက်ကြာ စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်ခဲ့သည်။ အဆိုပါ အစည်းအဝေးသို့ အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ် ရောဘတ်လိုက်သီဇာနှင့် တရုတ်ဒုတိယဝန်ကြီးချုပ် လွိုင်ဟေးတို့ တက်ရောက်ခဲ့သည်။

ကုန်သွယ်ရေးဆိုင်ရာ ကိစ္စရပ်များတွင် နှစ်ဦးနှစ်ဖက် ရလဒ်ကောင်းများ ထွက်ပေါ်လာသည့်တိုင် ဆက်လက်ဆွေးနွေးရန် ရည်ရွယ်ပြီး အခွန်တိုးမြှင့်ကောက်ခံမည့်ရက်ကို တိုးမြှင့်ရန် စီစဉ်ခြင်းဖြစ်ကြောင်း၊ လာမည့် သီတင်းပတ်တွင် ဝါရှင်တန်မြို့၌ ထပ်မံတွေ့ဆုံကာ နှစ်နိုင်ငံ ကုန်သွယ်ရေးကိစ္စရပ်များကို ဆက်လက်ဆွေးနွေးကြမည် ဖြစ်ကြောင်း သိရသည်။

Advertisements

ပေကျင်းတွင် ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲတွင် သဘော တူညီ လက်မှတ်ရေးထိုးခြင်း မရှိခဲ့သော်လည်း ရလဒ် ထွက်ပေါ်မှုသည် နှစ်နိုင်ငံကုန်သွယ်ရေးအတွက် အလွန် အကျိုးဖြစ်ထွန်းစေပါကြောင်း အမေရိကန် ဘဏ္ဍာရေး ဝန်ကြီး စတီဗင်မျူချင်က ပြောသည်။

ကုန်သွယ်ရေးဆွေးနွေးမှုများမှာ လက်ရှိအချိန်တွင် အပြုသဘောဆောင်လျက်ရှိကြောင်း၊ နှစ်နိုင်ငံအကျိုးပြုနိုင်မည့် နည်းလမ်းကောင်းများ ထွက်ပေါ်လာစေရန်အလို့ငှာ သတ်မှတ်ထားသည့် မတ် ၁ ရက်ကို ပြင်ဆင်တိုးမြှင့် သတ်မှတ်ပေးမည်ဖြစ်ကြောင်း သမ္မတထရန့်က ပြောသည်။

ထို့ပြင် သမ္မတထရန့်က တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့်တွေ့ဆုံကာ နှစ်နိုင်ငံကုန်သွယ်ရေးဆိုင်ရာ နောက်ဆုံးသဘောတူညီချက်ချမှတ်နိုင်ရန် ကြိုးပမ်းမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အမေရိကန်နိုင်ငံ၏ အခွန်သက်တမ်းတိုးလိုက်ခြင်းအတွက် တရုတ်နိုင်ငံဘက်မှ မည်သည့်တုံ့ပြန်မှုမှ မရှိသေးပေ။

Bangkok Post

Advertisements

Leave a Reply