နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် မြိတ်မြို့ လူထုတွေ့ဆုံပွဲ

35
ဓာတ်ပုံ - နိုင်ငံတော် အတိုင်ပင်ခံရုံး

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် တနင်္သာရီတိုင်းဒေသကြီးသို့ ဆဋ္ဌမအကြိမ်မြောက် ခရီးစဉ်အဖြစ် မြိတ်မြို့ ဖေဖော်ဝါရီ ၁၃ ရက်က ရောက်ရှိလာသည်။

ထိုနေ့မှာ ဒေါ်အောင်ဆန်းစုကြည်၏ ဖခင် ဗိုလ်ချုပ်အောင်ဆန်း ၁၀၄ နှစ်ပြည့် မွေးနေ့လည်း ဖြစ်သလို မြန်မာ ကလေးများနေ့လည်း ဖြစ်သည်။

“တာဝန်ယူထားတဲ့အစိုးရအနေနဲ့လည်း တိုင်းဒေသကြီး/ပြည်နယ် အစိုးရအသီးသီးက မိမိတို့ရဲ့တာဝန်တွေကျေရဲ့လားဆိုတာကို လိုက်ပြီးကြည့်ဖို့ဟာ ကျွန်မတို့ရဲ့အကြောင်းတစ်ခုဖြစ်ပါတယ်။ တနင်္သာရီကို မရောက်တာကြာပါပြီ။ ၂ဝ၁၅ ရွေးကောက်ပွဲမတိုင်ခင်က ရောက်တယ်၊ နောက်ပိုင်းမရောက်ဖြစ်တာ သုံးနှစ်လောက် ရှိသွားပါပြီ။ အဲဒီလိုအချိန်အတွင်းမှာ ဘယ်လောက်တိုးတက်မှုရှိသလဲဆိုတာ သိချင်လို့ လာတာဖြစ်ပါတယ်။ တစ်နှစ်နဲ့တစ်နှစ် တိုးတက်မှုဆိုတာကတော့ရှိရမယ်”ဟု ၎င်းကဆို၏။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ယခု ၂၀၁၉ နှစ်ဆန်းကစပြီး ချင်း၊ ကချင်၊ ရှမ်း ပြည်နယ်များသို့ ရောက်ရှိခဲ့ပြီးဖြစ်ကာ ယခု တနင်္သာရီတိုင်းဒေသကြီးခရီးစဉ်မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အစိုးရဖွဲ့စည်းပြီးနောက် ပထမဦးဆုံး ခရီးစဉ်လည်း ဖြစ်သည်။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကာလ မဲဆွယ် ခရီးစဉ် ပြီးနောက်ပိုင်း ကာလက ရေတွက်လျှင် ယခုအကြိမ်မှာ ပထမဆုံးဟု ဆိုနိုင်မည်ဖြစ်သည်။ ယခုခရီးစဉ်ကြောင့် ဖေဖော်ဝါရီ ၁၄ ရက်တွင် ကျင်းပရန် ကြေညာထားသော တိုင်းဒေသကြီးလွှတ်တော် ၁၁ ကြိမ်မြောက်ပုံမှန်အစည်းအဝေးကို ၁၈ရက်နေ့သို့ ရွှေ့ဆိုင်းခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ မြိတ် ခရီးစဉ်တွင် တိုင်း အစိုးရအဖွဲ့ကို လူစားလဲပေးရန် ဒေသခံ အများအပြားက ဗီနိုင်း ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်ခဲ့သည်။ ဒေသခံအချို့ ကိုင်မြှောက်ပြဆိုနေသည့် ဆိုင်းဘုတ်တွင် ‘အမေ၊ တနင်္သာရီ ကိုလူစားလဲပေးပါ၊ တနင်္သာရီ တိုင်းဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ အမြန်ဆုံးပြောင်းပေး၊ တိုင်း NLD ပါတီဥက္ကဋ္ဌဦးအောင်စိုး၊ တိုင်းစီမံ ဘဏ္ဍာဝန်ကြီး ဦးဖြိုးဝင်းထွန်း အားဖယ်ရှားပေး’ စသည့်စာသားများ ကိုင်ဆောင်ဆန္ဒဖော်ထုတ်သည်ကို တွေ့ရသည်။

“အမေစု အလိမ်ခံထိနေပြီ၊ အမေစု အနီးဆုံးသူတွေ ပြည်သူအပေါ် သစ္စာဖောက်နေပြီ” ဝေဖန်စကားတို့ကို ရေးသားဖော်ပြသည့် ဆိုင်းဘုတ်များကိုလည်း မြင်ရသည်။

ယင်းနေ့ ညနေပိုင်းတွင် မြိတ်မြို့ ပုလဲရတနာခန်းမ၌ ပြုလုပ်သည့် လူထုတွေ့ဆုံပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က “ကျွန်မတို့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကို သွားပြီးတော့ ကြည့်တယ်ဆိုတာဟာ အဓိကအားဖြင့် ပြည်သူလူထုရဲ့ အခြေအနေကိုသိဖို့ပါပဲ။ ပြည်သူလူထုဟာ ဘယ်လောက် တိုးတက်မှုရှိသလဲ။ ဘယ်လောက် ပြဿနာတွေနဲ့ ရင်ဆိုင်နေရသလဲ။ ဒီပြဿနာတွေကို ရင်ဆိုင်ကျော်လွှားဖို့က ဘာတွေ လုပ်သင့်သလဲဆိုတာကို လေ့လာဖို့ ကျွန်မတို့ခရီးထွက်ခဲ့တာဖြစ်ပါတယ်”ဟု ပြောကြားသည်။

ယင်းအပြင် တနင်္သာရီတိုင်းဒေသကြီးသို့ လာရောက်ခြင်းသည် တိုင်းအစိုးရအဖွဲ့ကို ဆုံးမရန်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြော၏။

လူထုတွေ့ဆုံပွဲ တက်ရောက်လာသူ ဒေသခံ အမျိုးသားတစ်ဦးက တိုင်းအစိုးရအဖွဲ့၏ လုပ်ဆောင်ချက်အပေါ် ဝေဖန်ပြောဆိုတင်ပြခဲ့သည်။ တိုင်းအစိုးရ အလုပ် မလုပ်၍ တိုင်းအဆင့်တွင် ပြီးစီးရမည့် ကိစ္စရပ်များ မကြန့်ကြာသင့်ဘဲ ကြန့်ကြာနေရကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ထံ ပြောသည်။

‘‘ဘာမဟုတ်တဲ့ ကိစ္စကအစ အမေ့ဆီပြောနေရတာ ကျွန်တော်တို့မြို့အတွက် အတော်ရှက်စရာကောင်းပါတယ်’’ ဟု အဆိုပါဒေသခံက ဆိုသည်။

ယင်းအပေါ် အတိုင်ပင်ခံပုဂ္ဂိုလ်က ‘‘ကိစ္စမရှိပါဘူး။ ကျွန်မလည်းနား လည်ပါတယ်။ ကျွန်မတို့ တနင်္သာရီကိုလာရတဲ့အကြောင်း တစ်ခုကလည်း အစိုးရအဖွဲ့ကို ဆုံးမဖို့ဖြစ်ပါတယ်’’ ဟု ပြောဆိုသည်။

တွေ့ဆုံပွဲတွင် ဒေသခံတစ်ဦးက တိုင်းဝန်ကြီးချုပ်၊ တိုင်းစီမံဘဏ္ဍာ ဝန်ကြီး၊ NLD ပါတီတိုင်းဥက္ကဋ္ဌတို့ကို အမြန်ဆုံးဖယ်ရှားပေးရန်တင်ပြခဲ့သည်။

ယင်းအပေါ်တွေ့ဆုံပွဲလာဒေသခံအများစုက လက်ခုပ်တီး သြဘာပေးသည်ကိုလည်းတွေ့ရသည်။
အဆိုပါ ပုဂ္ဂိုလ်သုံးဦး ထွက်သွားပါက NLD အနေဖြင့် ၂၀၂၀ တွင် မဲနိုင်ရန် မဲဆွယ်စရာပင်မလိုကြောင်း ဒေသခံက ပြောသည်။ ယင်းအပေါ် အတိုင်ပင်ခံပုဂ္ဂိုလ်က ‘‘ကျွန်မတို့ပြောမယ်နော်။ မဲနိုင် ဖို့လုပ်မှာမဟုတ်ဘူး။ နိုင်ငံကောင်းဖို့အတွက် ကျွန်မတို့ အခု လုပ်နေတာ’’ ဟု ဆိုသည်။

ယခု အတိုင်ပင်ခံပုဂ္ဂိုလ်ခရီးစဉ် မတိုင်မီကပင် ဝန်ကြီးချုပ်ဒေါက်တာ လဲ့လဲ့မော်သည် ဆွေမျိုးနီးစပ်များအား လုပ်ပိုင်ခွင့်များချထားပေးခြင်း အပါအဝင် အဂတိ ကျော်စောခြင်း စွပ်စွဲချက်များနှင့် ရင်ဆိုင်နေရသည်။၎င်းသာမက စီမံဘဏ္ဍာဝန်ကြီး၊ NLD ပါတီတိုင်းဥက္ကဋ္ဌတို့ကိုလည်း NLD ပါတီဗဟို၊ နိုင်ငံတော်သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ထံ ရာနှင့်ချီသော ဒေသခံတို့က လက်မှတ်ရေးထိုး တိုင်ကြားထားပြီးဖြစ်သည်။ ဒေါက်တာလဲ့လဲ့ မော် အပေါ် ပြည်သူများ တိုင်ကြားမှုနှင့် ပတ်သက်၍ အချက်ခြောက်ချက် ဖော်ပြပါရှိသော အစီရင်ခံစာကို တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌအပါအဝင်လွှတ်တော်ကိုယ်စားလှယ် ၁၄ ဦးလက်မှတ်ထိုး၍ ပါတီဗဟို၊ သမ္မတ နှင့် ဒေါ်အောင်ဆန်းစုကြည်ထံတင်ပြထားကြောင်း၊သက်သေအ ထောက်အထားများနှင့်တကွ တင်ပြထားကြောင်း သိရသည်။

NLD ပါတီဗဟိုနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်တို့မှာ ယင်းတိုင်စာအပေါ် စုံစမ်းစစ်ဆေးနေဆဲကာလဖြစ်သည်။

လူထုတွေ့ဆုံပွဲမတိုင်မီတွင် အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဗိုလ်ချုပ် အောင်ဆန်း မွေးနေ့အထိမ်းအမှတ် ခရိုင်အဆင့်ပြိုင်ပွဲ ဆုချီးမြှင့်သည့်အခမ်းအနားသို့ တက်ရောက်ကာ သူမ ဖခင်၏ ပြင်ပရုပ်ကိုသာ အတုခိုးရန်က အဓိကမဟုတ်ကြောင်း၊ နိုင်ငံအပေါ်ထားသည့်စေတနာကို လေးစား တန်ဖိုးထားပြီး အတုခိုးခြင်းကအရေးကြီးကြောင်း အခမ်းအနားတွင်တိုက်တွန်းပြောဆိုသည်။

ယခုတစ်နိုင်ငံလုံးမှ ကျောင်းအချို့ကိုကြည့်သည့်အခါ မိမိသတိပြုမိသည်မှာ ကျောင်းသည် ရုပ်ပိုင်းဆိုင်ရာအရထည်ဝါရန်၊ ခမ်းနားရန်အဓိကမဟုတ်ပါကြောင်း၊ ဆရာဆရာမများက ကျောင်းသားများကို ကျောင်းနေချင်သည့်စိတ်ဖြစ်စေရန် မည်မျှ လုပ်ပေးနိုင်သည်ဆိုသည်က အဓိကဖြစ်ပါကြောင်းလည်း ပြောဆိုသည်။

ထို့အပြင်လိုအပ်နေသည်များကို မိမိတို့ အစိုးရအနေဖြင့် တတ်နိုင်သည့် ဘဏ္ဍာငွေအခြေအနေအတွင်းက ကူညီမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ကတိကဝတ်ပြုခဲ့သည်။ သို့သော် ဆရာဆရာမများကလည်း ကူညီရလိမ့်မည် ဖြစ်ပါကြောင်း၊ သို့မှသာ ကျောင်းသူကျောင်းသားများက ကူညီတတ်သည့် အလေ့အထနှင့် ပြန်ပြီး ကူညီမည်ဖြစ်ပါကြောင်း အတိုင်ပင်ခံက ဆော်သြခဲ့သည်။

တနင်္သာရီ ဒေသ လူထုတွေ့ဆုံပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က “ဒီလို အရပ်ရပ် အရွာရွာသွားရင် တစ်နေရာနဲ့တစ်နေရာ တောင်းတဲ့ကိစ္စတွေက သိပ်ပြီးတော့ မကွာခြားပါဘူး။ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိရေး၊ ပညာရေး၊ ကျန်းမာရေးနဲ့ဆက်နွှယ်နေတဲ့ကိစ္စတွေပဲဖြစ်ပါတယ်။ တချို့ကိစ္စတွေက တကယ်တော့ အဖြေတွေကို သက်ဆိုင်ရာတိုင်းဒေသကြီး /ပြည်နယ် အစိုးရတွေက ပေးနိုင်တဲ့ အဖြေတွေပါ”ဟု ဆိုဆက်လက်၍လည်း ၎င်းက “အဲဒါကြောင့် ကျွန်မသတိပြုမိတာက တချို့နေရာမှာဆိုရင် တိုင်းဒေသကြီး /ပြည်နယ်အစိုးရတွေနဲ့ ပြည်သူလူထုကြားမှာ ဆက်ဆံတာဟာ နီးကပ်သင့်သလောက် မနီးကပ်ဘူးလို့ မြင်ပါတယ်။ နီးကပ်တယ်ဆိုရင် ဒီလို အဖြေတွေကို ပြည်သူလူထုက သိပြီးသားဖြစ်ရပါ့မယ်။ ဗဟိုကလာမှ မေးရမယ့် မေးခွန်းတွေ မဟုတ်ပါဘူး။ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရများကနေပြီး အဖြေပေးနိုင်မယ့် ကိစ္စရပ်တွေပဲ ဖြစ်ပါတယ်။ အဲဒါကိုတော့ သတိပြုစေချင်ပါတယ်”ဟု ၎င်းက သတိပေးတိုက်တွန်းသည်။

လူထုတွေ့ဆုံပွဲသို့ တက်ရောက်လာသည့် ဒေသခံပြည်သူများက မြစ်ရေကြီးမှု ကာကွယ်ပေးရေး၊ Universal Healthcare Law ပြဋ္ဌာန်းပေးရေး၊ မြေငှားခ အခွန်များ စည်းကြပ်ပေးရေး၊ ပြည်တွင်း၊ ပြည်ပခရီးသွားများအတွက် ပင်လယ်ပြင်ကျွန်းများတွင် သန့်စင်ခန်းများ ဆောင်ရွက်ခွင့်ပြုရေး၊ ငါးလေးလံဈေး အမြန် ဆောင်ရွက်ပေးနိုင်ရေး၊ မောတောင် နယ်စပ်ဂိတ်ဖွင့်လှစ်ပေးနိုင်ရေး၊ တိုင်းဒေသကြီးအတွင်း ရေအား လျှပ်စစ် အကောင်အထည်ဖော်ဆောင်ပေးရေး၊ အသက်မွေးဝမ်းကျောင်းသင်တန်း ကျောင်းများ ဖွင့်လှစ်ပေးရေး၊ တိုင်းရင်းသား ဘာသာစကားသင်ကြားပေးနိုင်ရေး၊ မောတောင်နှင့် ထိုင်းနိုင်ငံဘက်ခြမ်း မြို့နယ်အဆင့် ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ အမြဲတမ်းဖွဲ့စည်းဆောင်ရွက်နိုင်ရန် ညှိနှိုင်းပေးရေး၊ ဒီရေတောများအား စနစ်တကျ ထားရှိပေးရေး၊ မြိတ်နည်းပညာတက္ကသိုလ် မြေယာကိစ္စများ အမြန်ဖြေရှင်းပေးရေး၊ ပင်လယ်ပြင်ခရီးသွားလာရေး ဖွံ့ဖြိုးတိုးတက်ရေး ဖြေလျော့ပေးနိုင်ရေးလိုအပ်သည့် ကိစ္စများ၊ ဆရာ၊ ဆရာမလိုအပ်ချက်များ ဖြည့်ဆည်းပေးရေး၊ မြေယာအမှုကိစ္စကြောင့် တရားစွဲဆိုခံရသည့်အခြေအနေ များကို ကူညီဖြေရှင်းပေးရေးစသည့် ကိစ္စရပ်များကို တင်ပြကြရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က ချက်ချင်းဆောင်ရွက်ပေးမည့် အစီအမံများ၊ အချိန်ယူ၍ ဖြေရှင်း ဆောင်ရွက်ပေးမည့် အစီအစဉ်များနှင့်စပ်လျဉ်း၍ အသေးစိတ်ရှင်းလင်းပြောကြားကြ သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ယခုတွေ့ဆုံပွဲမှ ပြည်သူများ၏ တင်ပြချက်များကို အလေးထားသွားမည်ဖြစ်ကြောင်း၊ တချို့ ပြဿနာများကို မဖြေရှင်းပေးနိုင်သော်လည်း မဖြေရှင်းပေးနိုင်သည့် အကြောင်းအရင်းကို ပြန်ကြားပေးသွားမည် ဖြစ်ကြောင်း၊ ယင်းကိစ္စကို အခြားအဖြေရှာပေးသွားမည်ဖြစ်ကြောင်း၊ ဖြေရှင်းပေးနိုင်သည်များကို အမြန်ဆုံး ဖြေရှင်းပေးသွားမည်ဖြစ်ကြောင်း၊ လောကတွင် ပြဿနာ အားလုံးအတွက် အဖြေတစ်ခုတည်းရှိသည် မဟုတ်ပါကြောင်း၊ အဖြေတစ်ခု မရလျှင် နောက်အဖြေတစ်ခု ရှာကြံ၍ရပါကြောင်း၊ တင်ပြချက်များကို မှတ်တမ်းတင်ထားပါကြောင်း၊ သက်ဆိုင်ရာဌာနများနှင့်ညှိနှိုင်းပြီး ပြည်သူများ၏ တင်ပြချက်များကို အလေးအနက်ထား အကောင်အထည်ဖော်ပေးသွာမည် ဖြစ်ပါကြောင်း၊ ယခုလိုလာရောက် တင်ပြကြသည့်အတွက် ကျေးဇူးတင်ရှိကြောင်း ပြောသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သူ မကြာခဏပြောလေ့ရှိသော စကားတစ်ခွန်းကိုလည်း တနင်္သာရီဒေသ မြိတ်မြို့လူထုကို ပြောဆိုခဲ့သည်။

“ကျွန်မ မကြာခဏပြောတဲ့ ဒီလောကကြီးမှာ အလကားရတယ်ဆိုတာ ဘာမှ မရှိဘူး။ ကိုယ်ပေးရင် ပေးသမျှပြန်ရတာပဲရှိတယ်။ စေတနာပေးရင် စေတနာပြန်ရမယ်။ မေတ္တာပေးရင် မေတ္တာပြန်ရမယ်။ လောဘပေးရင် လောဘပြန်ရမယ်။ ဒေါသပေးရင် ဒေါသပြန်ရမယ်။ ကိုယ်ပေးသလောက်ပဲ ကိုယ်ပြန်ရမယ်။ ဘာမှတော့ အလကားမရပါဘူး။ ကျွန်မတို့နိုင်ငံတိုးတက်ဖို့ဆိုရင် အားလုံးကနေ ဝိုင်းဝန်းပြီးတော့ ကြိုးစားဖို့၊ စည်းကမ်းရှိရှိနဲ့လုပ်ဖု့ိက အင်မတန်မှ အရေးကြီးပါတယ်”ဟူသည်ပင်။ ။

လျှမ်းထက်

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်