အမေရိကန် – မက္ကစီကို နယ်စပ်တစ်လျှောက် အရေးပေါ် ကြေညာ

36

ဝါရှင်တန် ဖေဖော်ဝါရီ ၁၆

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က မက္ကဆီကိုနယ်စပ်ဒေသ တစ်လျှောက်တွင် အရေးပေါ်အခြေအနေတစ်ရပ်ကို ဖေဖော်ဝါရီ ၁၇ရက်တွင် ကြေညာခဲ့သည်။

ထိုသို့ ကြေညာခြင်းသည် အုတ်တံတိုင်းကာရံရန် လုံလောက်သော ငွေကြေးပမာဏရရှိရန် ကွန်ဂရက်သို့ တစ်ဖက်လှည့်နည်းဖြင့် တွန်းအားပေး တောင်းခံခြင်းဖြစ်ကြောင်း သုံးသပ်သူများက ဝေဖန်သည်။

သမ္မတထရန့်က မက္ကဆီကို နယ်စပ် ဒေသတစ်လျှောက်တွင် လူသားချင်း စာနာထောက်ထားမှု ပဋိပက္ခများ ကင်းရှင်းစေရန်နှင့် လုံခြုံရေးတာဝန်ယူ ထားရှိမှုတို့ကို ရပ်တန့်ရန် ထိရောက်သော လုပ်ဆောင်ချက်တစ်ရပ်ကို အကောင်အထည်ဖော်ဆောင်မည် ဖြစ်ကြောင်း ပြောခဲ့သည်ဟု သိရသည်။ ရသုံးငွေစာရင်း အသစ်တစ်ရပ်ကို ဆီးနိတ်က ချမှတ်ခြင်းမပြုမီက ယင်းသို့ ပြောကြားခဲ့ကြောင်း အိမ်ဖြူတော် ပြောရေး ဆိုခွင့်ရှိသူ ဆာရာဆန်းဒါးစ်က ဆိုသည်။

ယင်းသို့ပြောကြားပြီး နာရီများစွာအကြာတွင် ဆီးနိတ်က ရသုံးငွေစာရင်းအသစ်ကို အတည်ပြု ချမှတ်ခဲ့သည်။ သမ္မတထရန့်က အဆိုပါ ရသုံးငွေစာရင်းအသစ်ကို ဖေဖော်ဝါရီ ၁၅ ရက်တွင် လက်မှတ် ရေးထိုးခဲ့သည်။

သမ္မတထရန့်အနေဖြင့် အုတ် တံတိုင်းကာရံရန် လုံလောက်သော ငွေကြေးပမာဏ မရရှိဘဲ အဆိုပါ ရသုံးငွေစာရင်းကို လက်မှတ်ရေးထိုး ခြင်းသည် အစိုးရ ယန္တရားရပ်တန့်မှု ထပ်မံမဖြစ်ပွားစေလို၍ဖြစ်ကြောင်း ပြောကြားခဲ့သည်။

သို့သော် သမ္မတထရန့်က မက္ကဆီကို နယ်စပ်ဒေသတစ်လျှောက် အရေးပေါ် အခြေအနေတစ်ရပ် ကြေညာခဲ့ခြင်းသည် ဒီမိုကရက် လွှတ်တော်အမတ်များနှင့် ထိပ်တိုက် ရင်ဆိုင်တွေ့ဆုံရန် အစပြုလိုက်ခြင်း ဖြစ်သည့်အပြင် သူ၏ သမ္မတ သက်တမ်းအတွင်း အန္တရာယ် အများဆုံးလုပ်ရပ်ကို ဖန်တီးလိုက် ခြင်းပင်ဖြစ်သည်ဟု နိုင်ငံရေး စောင့်ကြည့် လေ့လာသူများက ဆိုသည်။

ထို့ပြင် ကွန်ဂရက်က ကဏ္ဍမျိုးစုံ အတွက် လိုအပ်သော ငွေကြေး ပမာဏကို ချမှတ်ပေးခြင်းမရှိပါက နောင်သမ္မတများကလည်း ထိုနည်း တူစွာ ယခုကဲ့သို့ အရေးပေါ်အခြေ အနေကြေညာသည့် လုပ်ရပ်ကို အသုံးပြုသော အစဉ်အလာတစ်ရပ် ဖြစ်ပေါ်လာမည်ကို စိုးရိမ်မိပါသည်ဟု ရီပတ်ဘလစ်ကန် လွှတ်တော်အမတ် ချော့ခ်ဂရက်စ်လေးက ဆိုသည်။

လွှတ်တော်ဥက္ကဋ္ဌ နန်စီပီလိုစီက နယ်စပ်ဒေသတွင် သမ္မတ၏ သြဇာ အာဏာသုံးပြီး အရေးပေါ်အခြေအနေ ကြေညာလိုက်ခြင်းသည် ဥပဒေမဲ့ လုပ်ရပ်တစ်ခုဖြစ်သည်ဟု ထုတ်ပြန် ချက်တစ်ရပ်တွင် ပြောကြားခဲ့သည်။

CNN

Advertisements

Leave a Reply