ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအသစ်များမှ အလုပ်သမား ၂၀၀၀ ကျော်ကို အလုပ်ပေးနိုင်ခဲ့ဟု ဆို

31

မော်လမြိုင် ဖေဖော်ဝါရီ

မွန်ပြည်နယ်အတွင်း လာရောက်ရင်းနှီးမြှုပ်နှံသော လုပ်ငန်း ၁၃ ခုမှ အလုပ်သမား ၂၀၀၀ ကျော်ကို အလုပ်ပေးနိုင်ခဲ့ကြောင်း ပြည်နယ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးမင်းသိန်းဦးက ပြောသည်။

အဆိုပါ လုပ်ငန်း ၁၃ ခုမှာ ၂၀၁၇ ဧပြီလမှ ၂၀၁၉ ဇန်နဝါရီလအထိ ပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီမှ ခွင့်ပြုပေးခဲ့သော လုပ်ငန်းများ ဖြစ်ပြီး အများစုမှာ ရော်ဘာပင်အိုများကို ခုတ်လှဲ၍ သစ်ထုတ်လုပ်သော လုပ်ငန်းများဖြစ်ကြောင်း ၎င်းက ပြောသည်။

အလုပ်ရရှိမှုတွင် နိုင်ငံခြား ကုမ္ပဏီ ၃ ခု၌ အလုပ်သမား ၆၉၃ ဦး၊ မြန်မာနိုင်ငံသား ကုမ္ပဏီ ၁၀ ခုမှ အလုပ်သမား ၁၄၀၉ ဦး ၊ စုစုပေါင်း ၂၁၀၂ ဦး ဖြစ်သည်ဟု ၎င်းက ဆိုသည်။

ယင်းလုပ်ငန်းတို့၏ ရင်းနှီးမြှုပ်နှံမှု တန်ဖိုးမှာ နိုင်ငံခြား ကုမ္ပဏီ ၃ ခုမှာ အမေရိကန် ဒေါ်လာ ၃ ဒသမ ၅၃ သန်း၊ မြန်မာနိုင်ငံသား ကုမ္ပဏီ ၁၀ ခုမှာ ကျပ်သန်း ၅၁၇၉၀ ဒသမ ၂၁၃ သန်း ဖြစ်သည်ဟု ယင်ဌာန မှတ်တမ်းများအရ သိရသည်။

“အခုလည်း နိုင်ငံခြား ကုမ္ပဏီ နှစ်ခုက ဒီလာပြီး ရင်းနှီးမြှုပ်နှံမှုဖို့ လာစုံစမ်းထားတာ ရှိတယ်၊ နောက်ပြီး ပြည်တွင်းက ကုမ္ပဏီတွေလည်း မေးမြန်းနေတာတွေ ရှိနေတယ်”ဟု ဦးမင်းသိန်းဦးက ပြောသည်။

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မွန်ပြည်နယ်တွင် အလုပ်လုပ်နိုင်သော အလုပ်သမား ၇၀၀၀၀ ခန့်မှာ အလုပ်လက်မဲ့ ပြဿနာနှင့် ရင်ဆိုင်နေရပြီး၊ လေး သိန်းကျော်မှာ ထိုင်း အပါအဝင် မလေးရှားနိုင်ငံတို့တွင် သွားရောက် အလုပ်လုပ်ကိုင်နေသည်ဟု ဆိုထားသည်။

အလုပ်သမားများ အလုပ်အကိုင် ရရှိရေးအတွက် အစိုးရအနေဖြင့် အရည်အသွေး မြှင့်တင်ရေး သင်တန်းကျောင်းများ ဖွင့်လှစ်ရန်၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအတွက် အလုပ်အကိုင် အခွင့်အလမ်း ဖန်းတီးနိုင်ရေး မူဝါဒ တစ်ရပ် ချမှတ်၍ ဆွဲဆောင်ရန် လိုအပ်နေသည်ဟု မွန်ပြည်နယ် လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ အောင်နိုင်ဦးက ထောက်ပြပြောဆိုထားသည်။

ထို့အပြင် မြို့ကြီးများတွင် တည်ဆောက်နေသော စက်ရုံ၊ အလုပ်ရုံများကို ပြည်ထောင်စု အစိုးရနှင့် တိုင်ပင်ပြီး ပြည်နယ်အတွင်း အလုပ်အကိုင် အခွင့်အလမ်း ဖန်းတီရန် ရွှေ့ပြောင်း တည်ဆောက်ဖို့ လိုအပ်သည်ဟု ၎င်းက ဆိုသည်။

ပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီကို ၂၀၁၇ ဧပြီ ၁ ရက်တွင် စတင်ဖွဲ့စည်းခဲ့ပြီး၊ ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံက ဥက္ကဋ္ဌ ၊ ပြည်နယ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးက အတွင်းရေးမှူး ၊ စုစုပေါင်း အဖွဲ့ဝင် ၇ ဦးဖြင့် ဖွဲ့စည်းထားသည်။
ထိုကော်မတီသည် မြန်မာနိုင်ငံ ရင်နှီးမြှုပ်နှံမှု ဥပဒေအရ ပြည်နယ်အတွင်း လာရောက် ရင်းနှီးမြှုပ်နှံသော ဒေါ်လာ ငါး သန်း အောက် လုပ်ငန်းများကို ခွင့်ပြုမိန့် ထုတ်ပေးနိုင်သည်။

ဗဟိန်း

Advertisements

Leave a Reply