၁၂ ကြိမ်မြောက် မွန်ပြည်နယ် လွှတ်တော် အစည်းအဝေးမှာ ဘာတွေ လုပ်ဖို့ ရှိလဲ

ဒုတိယအကြိမ် မွန်ပြည်နယ် လွှတ်တော်၏ ၁၂ ကြိမ်မြောက် လွှတ်တော် ပုံမှန် အစည်းအဝေးကို လာမည့် ဖေဖော်ဝါရီ ၁၉ ရက် စတင် ကျင်းပတော့မည်ဖြစ်၏။

အစည်းအဝေးမှာ ဆွေးနွေးမည့် မေးခွန်း၊ အဆို အားလုံးကိုလည်း ဖေဖော်ဝါရီ ၁၁ ရက်နေ့ နောက်ဆုံးထား၍ အစိုးရထံ ပေးပို့ထားပြီ ဖြစ်သည်ဟု ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိက ဆိုသည်။

ထို့ကြောင့် ယခု ကျင်းပမည့် အစည်းအဝေးမှာ ဘာတွေ လုပ်သွားဖို့ ရှိနေပါသလဲ။ မည်သည့်အကြောင်းအရာများကို ဆွေးနွေး ဆုံးဖြတ်ကြမည်နည်း။

ဦးဆုံး အစည်းအဝေး ခေါ်ယူရသည့် အခြေအနေနှင့် ပတ်သက်ပြီး လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိက ယခုလို မှတ်ချက်ပြုသည်။

“ဒီအစည်းအဝေးကတော့ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်ရဲ့ မူလခွင့်ပြုငွေနဲ့ ပတ်သက်ပြီး နောက်ထပ် ဖြည့်စွက်ငွေ တောင်းခံတဲ့ လျားထားချက်ကို ခွင့်ပြု အတည်ပြုပေးတဲ့ အစည်းအဝေး ဖြစ်တယ်”ဟု ဆိုသည်။

နောက်ထပ် ဖြည့်စွက်ခွင့်ပြုငွေဆိုသည်မှာ နှစ် တစ်နှစ်၌ ရေးဆွဲထားသော ဘတ်ဂျက်ငွေကို ခြောက်လ ပြည့်ပါက ပြန်လည် စိစစ်ကာ ထပ်မံ ဆောင်ရွက်ရသင့်သော လုပ်ငန်းများနှင့် ရရှိသော ငွေများကို ပြန်လည် အတည်ပြုခြင်း ဖြစ်သည်။

ယင်းလျာထားချက်ကို အတည်ပြုရန်အတွက် အစိုးရမှ နောက်ထပ် ဖြည့်စွက်ငွေကို လျာထားချက်ကို လွှတ်တော် သို့ တင်ပြ၍ ဆုံးဖြတ်ချက်ရယူရခြင်း ဖြစ်၏။

မည်သို့ပင်ဖြစ်စေ ယခုအစည်းအဝေးသည် ဖြည့်စွက်ငွေ လျာထားချက်ကို အတည်ပြုရမည့်အပြင် အဆို၊ မေးခွန်းနှင့် အစီရင်ခံစာ အချို့ကိုပါ တင်သွင်းဖို့ ရှိနေသည်။

အဆို အနေဖြင့် အဆို လေး ခု ကို တင်သွင်းသွားမည်ဖြစ်ကာ မေးမြန်းမည့် မေးခွန်းမှာ ၅၃ ခု ရှိသည်ဟု ဒေါ်တင်အိက ပြောသည်။

“အဆိုတွေက မွန်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး အဆိုတွေ ဖြစ်ပါတယ်၊ အဆို အသေးစိတ်ကို မပြောပြတော့ဘူး၊ အဆိုတွေ မေးခွန်းတွေကိုတော့ လွှတ်တော်မှာ ပွင့်ပွင့်လင်းလင်း ဆွေးနွေးသွားမှာ ဖြစ်တယ်၊ အခုတော့ ထုတ်မပြောသေးဘူး”ဟု ၎င်းက ဆိုသည်။

ယင်းအပြင် မွန်ပြည်နယ် အစိုးရအဖွဲ့၏ ခြောက်လအတွင်း ဆောင်ရွက်ခဲ့သော လုပ်ငန်းစဉ်ကို ပြည်နယ် စာရင်းစစ်ချုပ်မှ အစီရင်ခံစာ တင်သွင်းသွားဖို့ ရှိနေသည်။

တစ်ဆက်တည်း ပြည်နယ်လွှတ်တော် ရေးရာ ကော်မတီအချို့မှာလည်း အစီရင်ခံစာ တင်သွင်းဖို့ ရှိနေသည်ဟု ဒေါ်တင်အိက ပြောသည်။

ဥပဒေကြမ်းကိုမူ ပြည်နယ် လွှတ်တော်က တင်သွင်းရန် မရှိသော်လည်း အစိုးရအဖွဲ့မှ ပြည်နယ် ဆားနှင့် ဆားထွက်ပစ္စည်း ပြင်ဆင်သည့် ဥပဒေ ကြမ်းအား ပေးပို့လာပါက ဆွေးနွေး အတည်ပြုသွားမည်ဟု ၎င်းက ပြောသည်။

ပြည်နယ် ဆားနှင့် ဆားထွက်ပစ္စည်း ပြင်ဆင်သည့် ဥပဒေကြမ်းကို ယခု အစည်းအဝေး၌ တင်သွင်းဖို့ အစီအစဉ် မရှိသေးကြောင်း မွန်ပြည်နယ် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဒေါက်တာ မင်းကြည်ဝင်းက ပြောဆိုသည်။

နောက်တစ်ခုအနေဖြင့် မွန်ပြည်နယ်၌ ၉ လကျော် လစ်လပ်နေသော ပြည်နယ် လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီးကိုလည်း ခန့်အပ်ဖို့ မရှိသေးပေ။

ထိုအခြေအနေနှင့် ပတ်သက်ပြီး ဒေါက်တာ မင်းကြည်ဝင်းက“လျှပ်စစ် ဝန်ကြီး ခန့်ဖို့က အစိုးရဘက်မှာ ဘာမှ ပြောဆိုတာ မရှိပါဘူး”ဟု ဆိုသည်။

ယခုအခါ လစ်လပ်နေသော လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီး၏ တာဝန်များကို ပြည်နယ် စီမံကိန်း၊ ဘဏ္ဍာရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီး ဦးဝဏ္ဏကျော်က ပူးတွဲ တာဝန်ယူထားသည်။

မွန်ပြည်နယ် လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီး တာဝန်ကို နုတ်ထွက်သွားသော ဝန်ကြီးဟောင်း ဦးမင်းထင်အောင်ဟန်က တာဝန်ခဲ့ခြင်းဖြစ်ပြီး၊ ယမန်နှစ် မေ ၃၀ ရက်တွင် မိမိသဘောဆန္ဒအလျောက် ရာထူးမှ နုတ်ထွက်ခဲ့ကြောင်း သမ္မတရုံးမှ ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ဦးမင်းထင်အောင်ဟန်ကမူ ၎င်းအနေဖြင့် ရာထူးမှ နုတ်ထွက်ရခြင်းမှာ ပါတီ၏ ညွှန်ကြားချက်ကြောင့် ဖြစ်ကြောင်း မေ ၃၀ ရက်တွင် သတင်းမီဒီယာများကို ဖြေဆိုခဲ့သည်။

လက်ရှိ ဦးမင်းထင်အောင်ဟန်သည် မော်လမြိုင်မြို့နယ် မဲဆန္ဒအမှတ် (၁) ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဆက်လက် တာဝန် ထမ်းဆောင်နေသည်။

မည်သို့ပင်ဖြစ်စေ ၂၀၁၈ စက်တင်ဘာက ကျင်းပခဲ့သော ၁၁ ကြိမ်မြောက် မွန်ပြည်နယ် လွှတ်တော် အစည်းဝေးတွင် အဆို သုံး ခု၊ မေးခွန်း ၄၃ ခု တင်သွင်း မေးမြန်းခဲ့ထားသည်။ ထိုအစည်းအဝေးသည် အစိုးရနှင့် လွှတ်တော်အကြား အပြန်အလှန် ဆွေးနွေး ငြင်းခုံမှုများနှင့် အပြင်ထန်ဆုံး အစည်းအဝေး တစ်ရပ် ဖြစ်ထားသည်။

ထို့ကြောင့် ယခု အစည်းအဝေးသည် အစိုးရနှင့် လွှတ်တော်အကြား ၁၁ ကြိမ်မြောက် လွှတ်တော် အစည်းအဝေး ကဲ့သို့ မြိုင်ဆိုင်နေဦးမည်လော။

ဗဟိန်း

Advertisements

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်