Advertisements

ရေးမြို့နယ်အတွင်း လယ်ဧက လေးရာကျော် ရေကြီးနစ်မြုပ်မှုကြောင့် မဆုံးရှုံးစေရေး ဆောင်ရွက်ပေးမည်

လွှတ်တော်ပုံမှန်အစည်းအဝေးတစ်ရပ်(ယခင်) မြင်ကွင်း။

မော်လမြိုင် ဖေဖော်ဝါရီ ၁၉

ရေးမြို့နယ် ချောင်းတောင်ကျေးရွာရှိ မင်းလယ်တောအမည်ဖြင့် လယ်ဧက ၄၂၀ ကို ရေကြီးနစ်မြုပ်မှုကြောင့် ထပ်မံဆုံးရှုံးမှု မရှိစေရေးအတွက် လာမည့်ဘဏ္ဍာနှစ်တွင် ပြည်နယ် အစိုးရရံပုံငွေ၌ တင်ပြတောင်းခံမည်ဖြစ်ကြောင်း မွန်ပြည်နယ် စိုက်ပျိုးမွေးမြူရေးနှင့်ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဦးထွန်းဌေးက ပြောသည်။

အဆိုပါရန်ပုံငွေ ရရှိပါက ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ထပ်မံ သိရသည်။

ဖေဖော်ဝါရီ ၁၉ ရက်က ကျင်းပသည့် ဒုတိယအကြိမ် မွန်ပြည်နယ် လွှတ်တော် ၁၂ – ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့တွင် ရေး မဲဆန္ဒနယ်အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးချစ်တင်၏ မေးမြန်းမှုအပေါ် ပြည်နယ်ဝန်ကြီးက ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

Advertisements

မင်းလယ်တောကန်မှာ အရှည် ပေ ၉၀၀၀ ရှိပြီး ပေ ၃၀၀၀ ခန့်မှာ ကျိုးပေါက်ပျက်စီးလျက်ရှိကြောင်း၊ ကျန်ပေ ၆၀၀၀ မှာလည်း အမြင့် လေးပေနှင့် ထိပ်ဝ အကျယ် တစ်ပေ ခြောက်လက်မ ခန့်သာ ရှိသည့်အတွက် အဆိုပါနေရာကို ပုံစံတစ်ကျပြန်လည်ပြုပြင်ရန် လိုအပ်လျက်ရှိကြောင်း ဦးထွန်းဌေးက ပြောသည်။

ထို့ပြင် လယ်မြေဧကများကို ရေပေးနိုင်ရန်အတွက် ရေထုတ်ပေါက် နှစ်လုံးကို ထည့်သွင်းတည်ဆောက်ရန် လိုအပ်နေကြောင်း ၎င်းက ဆိုသည်။

အဆိုပါ နေရာကို ပြင်ဆင်ရန်အတွက် အသေးစိတ် ကွင်းဆင်းတိုင်းတာခြင်း၊ ဆောက်လုပ်မည့် ဒီဇိုင်းပုံစံများရေးဆွဲခြင်းနှင့် ခန့်မှန်းပြင်ဆင်ဆောင်ရွက်ခြင်းများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ယင်းနေရာအတွက် လယ်ဧကများ ရေကြီးနစ်မြှုပ်မှုမရှိစေရေးတွက် ပြင်ဆင်ဆောင်ရွက်ရမည့် လုပ်ငန်းများ ပြီးစီးမှသာ ပြည်နယ်ရန်ပုံငွေတွင် တင်ပြတောင်းခံမည်ဖြစ်ကြောင်း ၎င်းက ဖြေကြားခဲ့သည်။

တေဇ

Advertisements

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်