ခရိုင်ချင်းဆက်လမ်းအနီး ကျေးရွာများ မီးလင်းရေး လာမည့်ဘဏ္ဍာနှစ်တွင် ဦးစားပေးမည်

လွှတ်တော်အစည်းအဝေးတစ်ရပ်(ယခင်အကြိမ်) မြင်ကွင်း။ ဓာတ်ပုံ - ဗဟိန်း

မော်လမြိုင် ဖေဖော်ဝါရီ ၁၉

မွန်ပြည်နယ် သထုံမြို့နယ်တွင်းရှိ ခရိုင်ချင်းဆက်လမ်းပေါ်မှ ကျေးရွာများ လျှပ်စစ်မီးရရှိရေးအတွက် လာမည့် ၂၀၁၉- ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဦးစားပေး ဆောင်ရွက်မည်ဖြစ်ကြောင်း မွန်ပြည်နယ် စီမံကိန်း၊ ဘဏ္ဍာရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဦးဝဏ္ဏကျော်က ဆိုသည်။

ဖေဖော်ဝါရီ ၁၉ ရက်နေ့တွင် ကျင်းပသည့် ဒုတိယအကြိမ် မွန်ပြည်နယ် လွှတ်တော် ၁၂ – ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့တွင် သထုံမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်သူ၏ မေးမြန်းခြင်းကို ပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်သည်။

မွန်ပြည်နယ်အတွင်း ကျေးရွာပေါင်း ၁၁၀၀ ကျော်ရှိပြီး ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ်အထိ မီးလင်းနိုင်မည့် ကျေးရွာမှာ ၈၀၀ ကျော်ရှိကြောင်း၊ ၂၅၀ ကျော်ကျန်ရှိမည်ဖြစ်ပြီး မီးလင်းရန်လိုအပ်သည့် ကျေးရွာများကို ပြည်နယ်အစိုးရ အနေဖြင့် လိုအပ်သလို ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ အဆိုပါကျေးရွာများ မီးလင်းနိုင်ရေးတွက် ကျပ်သန်းပေါင်း ကိုးရာကျော် ကုန်ကျမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ထိုကြောင့် ၎င်းကျေးရွာများ မီးလင်းနိုင်ရေးအတွက် မွန်ပြည်နယ် အစိုးရ ရန်ပုံငွေဖြင့် လာမည့် ၂၀၁၉-၂၀ ဘဏ္ဍာနှစ်တွင် ဦးစားပေး ထည့်သွင်း လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း ဖြေကြားခဲ့သည်။

တေဇ

Leave a Reply