အစိုးရသည် ပြည်သူလူထုကို ယုံကြည်ရမည်

ထားဝယ် ဖေဖော်ဝါရီ

အစိုးရများသည် ပြည်သူလူထု တင်မြှောက်ထား၍ အစိုးရဖြစ်လာသည့်အတွက် ပြည်သူလူထုကို ယုံကြည်ရမည်ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

“ပြည်သူလူထုကို ယုံကြည်ရမယ်၊ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်ရမယ်၊ကိုယ်မဟုတ်တာ လုပ် မထားလို့ရှိရင် ကိုယ့်ကိုယ်ကိုယ်မယုံကြည်စရာအကြောင်း မရှိဘူး၊ ဒီမိုကရေစီကို ယုံကြည်လို့ရှိရင်လည်း ပြည်သူလူထုကို မယုံကြည်စရာအကြောင်းမရှိပါဘူး”ဟု ဆို၏။

ဖေဖော်ဝါရီ ၁၅ရက်က ထားဝယ်မြို့တော်ခန်းမတွင် ပြည်သူလူထုနှင့်တွေ့ဆုံပွဲတွင် ၎င်းက ပြောကြားခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ယခုတစ်ခေါက် တနင်္သာရီတိုင်းဒေသကြီးခရီးစဉ် အဆုံးသတ်အနေဖြင့် ထားဝယ်မြို့သို့ ဖေဖော်ဝါရီ ၁၅ ရက် မွန်းလွဲပိုင်းတွင် ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး ဒေသခံတစ်ဦး၏ မေးခွန်းကို ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ဆိုခဲ့ခြင်းလည်း ဖြစ်၏။

ဓာတ်ပုံ – နိုင်ငံတော် အတိုင်ပင်ခံရုံး

တနင်္သာရီတိုင်းဒေသကြီးအစိုးရနှင့် GGS ကုမ္ပဏီတို့ လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းစာချုပ်တွင် ကွက်လပ်များဖြင့် ချုပ်ဆိုထားခြင်းနှင့်ဆက်စပ်၍ “ ပြည်သူလူထုများ အလိမ်ခံနေရလား”ဟု လူ့အခွင့်အရေးစောင့်ကြည့်ရေးကွန်ရက်(ထားဝယ်)မှ ဦးသန်းဝင်း က ယင်းတွေ့ဆုံပွဲတွင် မေးခွန်းထုတ်ခဲ့သည်။

“စာချုပ်က ခဏအကြာ ကွက်လပ်ရှိနေတယ်၊ ခဏအကြာ ကွက်လပ်မရှိဘူး၊ ပြည်သူလူထုများ ဒေသခံတွေများ လိမ်ခံနေရသလားလို့ ၊ ကျွန်တော်တို့ဒေသခံတွေကို မလိမ်ပါနဲ့ ၊ အမှန်အတိုင်းပြောပါ၊ ကျွန်တော်တို့ ကူညီသင့်တာတွေ ကူညီချင်ပါတယ်”ဟု ဦးသန်းဝင်းက ပြောသည်။

ဓာတ်ပုံ – နိုင်ငံတော် အတိုင်ပင်ခံရုံး

ယမန်နှစ်က လျှပ်စစ်မီးနှင့်ပတ်သက်၍ ထားဝယ်မြို့တော်ခန်းမ၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ကွက်လပ်များချန်လှပ်လျက် ချုပ်ဆိုထားသောစာချုပ်ကိုပြသခဲ့ကြောင်း၊ ပြည်ထောင်စုလွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ်က ယင်းလျှပ်စစ်မီးကိစ္စ တင်ပြ၍ ပြန်လည်ရှင်းလင်းချိန်တွင် စာချုပ်၌ ကွက်လပ်မရှိဘဲ ဖြည့်ထားကြောင်း၊ သို့ဖြစ်၍ ပြည်သူလူထုများ အလိမ်ခံနေရသလားဟု မေးခွန်းထုတ်ကြောင်း ဦးသန်းဝင်းက ပြောသည်။

နိုင်ငံတော်သို့ GGS ကုမ္ပဏီက သဘာဝဓာတ်ငွေ့ဖိုးငွေကျပ် ၈ ဘီလီယံပေးသွင်းရမည့်ကိစ္စများအပါအဝင် တင်ဒါမခေါ်ဘဲလျှပ်စစ်ဖြန့်ဖြူးခွင့်ပေးခြင်း၊ မိမိ ဆွေမျိုးဖြစ်သူအား ကိုယ်ရေးအရာရှိခန့်ထားခြင်း၊ လေယာဉ်ကွင်းခြံရှင်းကိစ္စ၊ ပုလောမြို့တော်ခန်းမနှင့် နေပြည်တော်ဧည့်ရိပ်သာကို တင်ဒါမခေါ်ဘဲ လုပ် ကိုင်စေခြင်းကိစ္စများနှင့်ပတ်သက်၍ ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများအား စုံစမ်းစစ်ဆေးအရေးယူပေးရန် ထားဝယ်နှင့်မြိတ်ဒေသခံ ၁၀၀ကျော်က နိုင်ငံတော် သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည်၊NLDပါတီဗဟိုနှင့် NLD ပါတီ(ဗဟို)ကိုယ်စားလှယ်များတိုင်ကြားစာဌာနသို့ တိုင်ကြားထားသည်။

တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ၁၄ ဦးကလည်း ယင်းဒေသခံများတိုင်ကြားချက်များကို အထောက်အထားနှင့်တကွ ဇန်နဝါရီလ ၂၈ ရက်က အထက်ပါပုဂ္ဂိုလ်များထံ အစီရင်ခံတင်ပြထားသည်။

ယင်းကိစ္စကို မိမိတို့သိပြီး သက်ဆိုင်ရာဌာနမှ စုံစမ်းစစ်ဆေးနေကြောင်း၊ စုံစမ်းစစ်ဆေးသည့်အဖြေပေါ်လာလျှင် ပြည်သူလူထုကို ပွင့်ပွင့်လင်းလင်းဖြင့် တင်ပြမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဖြေဆိုသည်။

တိုင်ကြားခံရသော တနင်္သာရီတိုင်းဒေသြင်္ကီးဝန်ကြီးချုပ်ဒေါက်တာလဲ့လဲ့မော်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဖြိုးဝင်းထွန်းနှင့် NLDတိုင်းဥက္ကဋ္ဌ ဦးအောင်စိုး တို့၏ လုပ်ဆောင်ချက်များ မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ တိကျမှန်ကန်သည့်အဖွဲ့အစည်းများဖြင့် စစ်ဆေးပြီး စီစဉ်ဆောင်ရွက်ပေးရန် ယင်းတွေ့ဆုံပွဲ တွင် ဒေသခံတစ်ဦးဖြစ်သူ ဦးမောင်မောင်ဦးက တိုက်တွန်းပြောဆိုသည်။

စုံစမ်းစစ်ဆေးရမည့်ကိစ္စများကို သက်ဆိုင်ရာဌာနများက တာဝန်အရ လုပ်ဆောင်သွားမည်ဖြစ်ပြီး ယင်းဌာနများ၏ တွေ့ရှိချက်များကို ဖုံးကွယ်ထားစရာမရှိပါဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

ပြည်သူများ၏ တိုင်ကြားလညမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူများ ဆောင်ရွက်မှုကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များက စောင့်ကြည့်လျက်ရှိ ကြောင်း တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးခင်မောင်အေးက သတင်းမီဒီယာများသို့ ပြောဆိုသည်။

ထားဝယ်မြို့သို့ ဒေါ်အောင်ဆန်းစုကြည်ရောက်ရှိလာချိန်တွင် လေယာဉ်ကွင်း အဝင်လမ်းထိပ်တွင် ကြိုဆိုသော တက္ကသိုလ်ကျောင်းသား/ကျောင်းသူများက “ အမေစု တနင်္သာရီတိုင်း ဝန်ကြီးချုပ်ကို ဆုံးမ ရုံနဲ့မရဘူး၊ ဖြုတ်ချ အရေးယူဆောင်ရွက်ပေးပါ”၊ “တနင်္သာရီတိုင်းအား မိမိ ကိုယ်ကျိုးအတွက် ချယ်လှယ်နေသော NLD ဗဟိုကော်မတီဝင်ဦးအောင်စိုးအား အရေးယူပေးပါ”စသော စာသားများ ရေးသားဖော်ပြကာ ဆန္ဒထုတ်ဖော်ခဲ့သည်။

ထားဝယ်မြို့တော်ခန်းမရှေ့တွင် ဒေသခံများကလည်း “၂၀၂၀ တွင် NLD လည်းအနိုင်ရ ၊ နိုင်ငံကောင်းကျိုးဖြစ်စေဖို့ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်း NLD ဥက္ကဋ္ဌ ဦးအောင်စိုးတို့အား ဖယ်ရှားပေးပါ”၊ “တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်အားလာဘ်ပေးလာဘ်ယူနှင့်အဂတိလိုက်စားမှုရှိ/မရှိ စိစစ်အရေး ယူပေးပါအမေ”၊ “ အာဏာရှင်ဆန်သော တနရ ဝကခ Dr.လဲ့လဲ့မော် လူစားလဲပေးပါ”ဟု စသော စာသားများ ရေးသားပြီး ဆန္ဒထုတ်ဖော်ကြသည်။

ဒေသထွက်ကုန် ထားဝယ်ကြိမ်လုံးနှင့်အတူ “အမေ့အတွက် လက်ဆောင် ထားဝယ်ကြိမ် ”ဟု ဗီနိုင်းဆိုင်းဘုတ်တွင် ရေးသား ကိုင်ဆောင်ထားသူအချို့ကိုလည်း တွေ့ရသည်။

 

ဒေါ်အောင်ဆန်းစုကြည်၏ မြိတ်မြို့ခရီးစဉ်တွင်လည်း ဒေသခံများက “အမေ တနင်္သာရီကို လူစားလဲပေးပါ” ၊ “အမေစုလိမ်ခံထိနေပြီ “၊” အမေစုနဲ့အနီးဆုံးလူတွေ ပြည်သူ အ ပေါ်သစ္စာဖောက်နေပြီး “၊“ တနင်္သာရီတိုင်းဘူဇွာအစိုးရအားပြုပြင်ပေးပါ”၊ “တနင်္သာရီတိုင်းNLDကို ပြုပြင်ပေးပါ”စသဖြင့် စာသားများ ရေးသားဖော်ပြ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

မြိတ်ခရိုင်ရောက်ရှိနေစဉ်တွင် ဘုတ်ပြင်းမြို့နယ်ရှိ ပုလဲကျွန်းနှင့် လန်ပိအဏ္ဍဝါအမျိုးသားဥယျာဉ်တို့အား အမြန်ရေယာဉ်ဖြင့် သွားရောက်ကြည့်ရှုပြီး ကော့သောင်းမြို့နယ် မကြုံဂလက်(မော်ကင်း)ကျေးရွာမှ ဆလုံတိုင်းရင်းသား တိုင်းရင်းသူများ၊ဒေသခံပြည်သူများနှင့်တွေ့ဆုံခဲ့ပြီး ကော့သောင်းမြို့သို့ သွားရောက်ခဲ့သည်။

ကော့သောင်းမြို့သို့ရောက်ရှိချိန်တွင် ဒေသခံများက “တိုင်းဥက္ကဋ္ဌ ဦးအောင်စိုး၊ တိုင်းဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော် အဂတိလိုက်စားမှုရှိ/မရှိစိစစ်ပေးပါ၊ “ကျွန်းတွေကုန်သွားပြီ။ ကော့သောင်းမြို့သူ မြို့သားများ ဆင်းရဲတုန်း”စသော စာသားများကိုင်ဆောင်၍ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ထားဝယ်မြို့ မေးခွန်းများကို လူထုတွေ့ဆုံပွဲတွင် ဖြေဆိုစဉ် ဒေါ်အောင်ဆန်းစုကြည်က ယခုလို ကတိကဝတ်ပြုခဲ့သည်။

“ပြည်သူလူထုများကလည်း ကိုယ်တာဝန်ကိုယ်ကျေအောင်လုပ်ပါ၊ တိုင်းအစိုးရများ၊ ပြည်နယ်အစိုးရများ တာဝန်ကျေပွန်မှုအတွက်လည်း ကျွန်မတို့ ဗဟို အစိုးရက တာဝန်ယူပါမယ်”ဟု ဆိုသည်။         ။

 

တင့်လွင်

Leave a Reply