Advertisements

ရတက်မအေးစရာ ကလေး အလုပ်သမားပြဿနာ

အရုဏ်ဦး နံနက်ခင်း နေမင်းကြီး ထွက်ပေါ်လာပြီဆိုလျှင် နွေးထွေးသည့် မိသားစု ရိပ်မြုံမှာ ပျော်ရွှင်စရာ တစ်နေ့တာ ဖြတ်သန်းဖို့ ကလေးသူငယ်တိုင်း လိုချင်တောင့်တမိကြသည်မှာ အမှန်ပင်ဖြစ်သည်။

သို့သော် မောင်မောင် တစ်ယောက် ထိုကဲ့သို့သော၊ နွေးထွေးသော ပျော်ရွှင်စရာမိသားစုရင်ခွင်မှာ ခိုလှုံဖို့ သူ့မှာ အခွင့်အရေးမရှိခဲ့။ မနက်ခင်း မိုးလင်းပြီဆိုရင် အပြေးအလွှား မျက်နှာသစ်၊ လက်နှီးစုတ်ကို ကိုင်တာ သူ့တစ်နေ့တာကို ဖြတ်သန်းရတော့သည်။

မောင်မောင်၏ အသက်မှာ ၁၃ နှစ်ကျော်သာ ရှိသေးသည်။ ၎င်း၏ ဇာတိချက်ကြွေ မွေးရပ်မြေမှာ ပဲခူးတိုင်းဒေသကြီး ဖြစ်သည်။ ဇာတိနှင့် ဝေးကွားခဲ့သည်မှာ နှစ်တစ်ဝက်ခန့် ရှိခဲ့ပြီ။ လက်ရှိတွင် မော်လမြိုင်မြို့ လက်ဖက်ရည်ဆိုင် တစ်ဆိုင်တွင် လုပ်ကိုင်လျက်ရှိသည်။

အလားတူ ၎င်းနှင့် သက်တူရွယ်တူများ၊ ၎င်းထက် အသက် ကြီးသည့် ကလေးလုပ်သားများကို မွန်ပြည်နယ်ရှိ မြို့နယ်တိုင်း လက်ဖက်ရည်ဆိုင် လုပ်ငန်းများ၊ ဆောက်လုပ် လုပ်ငန်းများနှင့် အခြားသော အန္တရာယ်ရှိသည့် လုပ်ငန်းများတွင် တွေ့ရှိနိုင်ကြသည်။

Advertisements

ကလေးလုပ်သားဖြစ်ရသော အကြောင်းရင်းများစွာ ရှိသည့်အနက် ဆင်းရဲမွဲတေမှု၊ ပညာရေး စနစ်၊ သဘာဝဘေးအန္တရာယ်နှင့် ရွှေ့ပြောင်းလုပ်သားကိစ္စများအပြင် လက်နက်ကိုင် ပဋိပက္ခများသည်အဓိက အကြောင်းရင်းများဖြစ်ကြသည်။

မြန်မာနိုင်ငံ အလုပ်သမား လူဝင်မှု ကြီးကြပ်ရးနှင့် ပြည်သူ့အင်အား ဦးစီးဌာန၏ ကလေးလုပ်သား စစ်တမ်းအစီရင်ခံစာတွင် မြို့ပြနှင့် ကျေးလက် အလုပ်လုပ် လုပ်ကိုင်နေသည့် ကလေးလုပ်သား အရေအတွက်မှာ ၁,၂၇၈,၉၀၉ ရှိကြောင်း ဖော်ပြထားသည်။ ယင်းအရေအတွက်မှာ အသက် ၅ နှစ်မှ ၁၇ နှစ်အတွင်း အလုပ်လုပ်ကိုင်နေသည့် ကလေးလုပ်သားများကို ဆိုလိုခြင်း ဖြစ်သည်။

ထိုအရေအတွက်တွင် မြို့ပြနှင့် ကျေးလက်ရှိ အလုပ်လုပ်ကိုင်နေသည့် ကလေးလုပ်သားများကို ပြန်လည် နှိုင်းယှဉ်ကြည့်ပါက ကျေးလက်တွင် လုပ်ကိုင်လျက်ရှိသော ကလေးလုပ်သား ဦးရေမှာ ပိုမိုများပြားလျက်ရှိကြောင်း တွေ့ရသည်။

ထို့အပြင် လက်ဖက်ရည်ဆိုင်များ၊ ထမင်းဆိုင်များတွင် အလုပ်လုပ်ကိုင်နေကြသည့် ကလေးသူငယ်များတွင် ဝန်နှင့် အား မမျှအောင် လုပ်ကိုင်နေရသည်ကိုလည်း တွေ့ရှိရကြောင်း မွန်ပြည်နယ် လွှတ်တော် အမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီ ဥကဋ္ဌ ဒေါ်ခိုင်ခိုင်လဲ့က ပြောသည်။

ယင်းကလေးငယ်များ၏ အခွင့်အရေးများ ဆုံးရှုံးနေမှုကို တိုင်ကြားနိုင်ပြီး တိုင်ကြားရာတွင် သွားရောက်စစ်ဆေးသည့် အခါများတွင် မိသားစု စားဝတ်နေရေး အခြေအနေဖြစ်နေသည့် အကြောင်းတရားများကြောင့် အခက်အခဲများရှိနေကြောင်း ၎င်းက ထပ်လောင်းပြောသည်။

” အလုပ်သမား ဥပဒေအရဆိုရင်တော့ တိုင်ကြား အရေးယူလို့ရတဲ့ ဟာမျိုးပေါ့နော်။ တိုင်ကြားလို့ကလေးတွေ တွေ့လို့ အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာနက အရေးယူမယ်ဆိုလို့ရှိရင် မဟုတ်ဘူး၊ မိသားစုလုပ်ငန်းမို့လို့ ဝင်ကူတာဆိုတဲ့ အခက်အခဲတွေ ရှိတာပေါ့နော် ” ဟု ၎င်းက ပြောဆိုသည်။

မိသားစု စားဝတ်နေရေး အကြောင်းပြပြီး လုပ်ငန်းခွင်များတွင် ကလေးငယ်များကို လုပ်ကိုင်စေခြင်းမှာ ကလေးသူငယ်များ၏ အခွင့်အရေးကို ဆုံးရှုံးစေပြီး ယင်းအချက်ကို ကိုင်တွယ်ဖြေရှင်းရန် နည်းလမ်းမှာ မိဘများကိုယ်တိုင်ပင် ဖြစ်သည်ဟုလည်း မေတ္တာဆုံစည်း အဖွဲ့ ဥက္ကဋ္ဌမှ ဒေါ်သီသီနွယ်က သုံးသပ်ပြောဆိုသည်။

ထို့ပြင် ကလေးလုပ်သားများ၏ ပညာသင်ကြားရေး အခွင့်အလမ်းများမှာလည်း ဆုံးရှုံးနေပြီး နိုင်ငံအတွက် များစွာ နစ်နာဆုံး ရှုံးသည်ဟု အရပ်ဘက်အဖွဲ့အစည်းများနှင့် လွှတ်တော်ကိုယ်စားလှယ်များက ထောက်ပြ ပြောဆိုကြသည်။ ထိုကဲ့သို့ ပညာသင်ကြားခွင့် ဆုံးရှုံးသည့်အထဲတွင် မောင်မောင်သည်လည်း အပါအဝင်ဖြစ်သည်။

မောင်မောင်သည် အခြေခံပညာ မူလတန်းအဆင့် ပထမတန်း ပညာကိုသာ သင်ကြားခဲ့ပြီး ၎င်းတွင် မောင်နှမ သုံးဦးရှိသည့်အနက် အကြီးဆုံးသား ဖြစ်သည်။ သို့သော် မိသားစု စားဝတ်နေရေး အခြေအနေများကြောင့် မိခင်၏ အဆက်အသွယ်ဖြင့် လက်ဖက်ရည်ဆိုင်တွင် လာရောက်လုပ်ကိုင်ခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ကျောင်းတော့ တက်ချင်ပါတယ်။ အိမ်က အဆင်မပြေလို့ မတက်နဲ့ဆိုလို့ မတက်ခဲ့ရဘူး။ သူများတွေလိုတော့ နေချင်ပါတယ်” ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် မူလတန်း ပညာရေးစနစ်အထိ မသင်မနေရ သတ်မှတ်ထားသော်လည်း လက်တွေ့မြေပြင်တွင် မသင်ကြားနိုင်သည့် ကလေးအများအပြား ရှိနေသေးသည်။ မြန်မာနိုင်ငံသည် ဆင်းရဲနွမ်းပါးသည့် နိုင်ငံများတွင် တစ်နိုင်ငံ အပါအဝင်ဖြစ်သည့်အတွက် ကလေးသူငယ်များ၏ အခွင့်အရေးများ အပြည့်အဝ ရရှိရန် ကြိုးစားရဦးမည်ဖြစ်ကြောင်း ဒေါ်ခိုင်ခိုင်လဲ့က ပြောသည်။

“ကျွန်မတို့ နိုင်ငံအနေနဲ့ ဆင်းရဲမွဲတေမှုအရ ကမ္ဘာမှာဆိုရင် များတဲ့နိုင်ငံဖြစ်နေတဲ့ ခါကျတော့ ကလေးတွေ ဘဝကို ပြည့်စုံလုံလောက်ဖို့ တန်းတူ ပညာသင်ခွင့် ရှင်သန်ခွင့် အများကြီးပေါ့နော် အဲဒါတွေရဖို့အတွက်က တော်တော်လေးကြိုးစားရဦးမယ်လို့ မြင်ပါတယ်” ဟု ၎င်းက သုံးသပ်ပြောဆိုသည်။

မွန်ပြည်နယ်၏ ကျေးလက် တောရွာများတွင်မူ အသက် ၁၂ နှစ်မှ အသက် ၁၇ နှစ်အတွင်း ကလေးသူငယ်များကို လုပ်ငန်းခွင်ဝင်ရောက်ရန် တိုက်တွန်းအားပေးသည်မှာ အစဉ်အလာ တစ်ခုကဲ့သို့ ဖြစ်နေသည်။

“တောရွာတွေမှာက အသက်လေးနည်းနည်းရလာရင် ရေးတတ်ဖတ်တတ်ရင် ကျောင်းထွက် လုပ်ငန်းခွင်ဝင်ရောက် ဒါမှမဟုတ်ရင် နိုင်ငံခြားသွားတဲ့ အခြေအနေဖြစ်နေတယ်” ဟု အမျိုးသမီးနှင့် ကလေးသူငယ် ကိစ္စရပ်များနှင့် ပတ်သက်၍ လုပ်ကိုင်နေသည့် မေတ္တာဆုံစည်း အဖွဲ့ ဥက္ကဋ္ဌ ဒေါ်သီသီနွယ်ကပြောသည်။

ကျေးလက်တောရွာများတွင် အများအားဖြင့် အရွယ်ရောက်ပြီးသည့် ကလေးများကို ပညာသင်ကြားရန် တိုက်တွန်းခြင်း မရှိဘဲ မြန်မာနိုင်ငံတွင်းဖြစ်စေ အခြားနိုင်ငံများတွင် ဖြစ်စေ လုပ်ငန်းခွင် ဝင်ရောက်ရန် တိုက်တွန်းနေကြပြီး မိန်းကလေး အများစုရင်ဆိုင်နေရကြောင်း ပြောဆိုကြသည်။

“မွန်ပြည်နယ် ဘက်မှာက အဓိက ဘာဖြစ်နေလဲဆိုတော့ ကလေးသူငယ်တွေကို မူလတန်းဆုံးအောင်တောင် မသင်ပေးကြဘူး။ ၁၃ နှစ်လောက်ဆို တစ်ဖက်နိုင်ငံမှာ အလုပ်သွားလုပ်ဖို့ ဆန္ဒရှိကြတယ်။ ဆုံးဖြတ်ကြတာများတယ်ပေါ့” ဟု ဒေါ်ခိုင်ခိုင်လဲ့က ပြောဆိုသည်။

“ဆင်းရဲမွဲတေမှုကိုအကြောင်းပြမယ်ဆိုရင် တချိုု့ဆင်းရဲတဲ့မိသားစုတွေမှာ ထူးချွန်တဲ့သူတွေအများကြီး၊ ဆင်းရဲမွဲတေမှုကိုအကြောင်းပြရင် အဲဒီမိဘတွေ ကိုယ်တိုင်က ငါတို့လိုမဖြစ်အောင်လုပ်မယ်ဆိုရင်တော့ သေချာတယ်၊ အဲဒီကလေးပညာတတ်မယ်” ဟု ဒေါ်သီသီနွယ်က ပြောသည်။

ယင်း ကလေးလုပ်သားများမှာ အစိုးရပိုင်းနှင့် အရပ်ဘက်များ အလှမ်းမမီသည့် ကျေးလက်တောရွာများတွင် အများဆုံးတွေ့ရကြောင်း ဒေါ်ခိုင်ခိုင်လဲ့က ပြောသည်။

ထို့ပြင် မြန်မာနိုင်ငံတွင် ၁၉၅၁ ခုနှစ် အလုပ် ရုံများ အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေ အရ “အသက် ၁၄ နှစ်အောက် မည်သည့် ကလေးကိုမျှ အလုပ်မလုပ်စေရ” ဟု ပြဋ္ဌာန်းထားသည်။

သို့သော် မြန်မာနိုင်ငံတွင် ကလေးလုပ်သား ၁ ဒသမ ၂ သန်းကျော်ရှိသည့် အနက် ၆ သိန်းကျော်သည် အန္တရာယ်ရှိသည့် လုပ်ငန်းခွင်များတွင် လုပ်ကိုင်နေကြရသည်။

ထို့ပြင် လက်ဖက်ရည်ဆိုင်များတွင် လုပ်ကိုင်နေသည့် မောင်မောင်ကဲ့သို့ ကလေးလုပ်သားများအပြင် အခြားသော လယ်ယာစိုက်ပျိုးရေး၊ သစ်တောလုပ်ငန်း၊ ငါးလုပ်ငန်းနှင့် အခြားသော ဝန်ဆောင်မှု လုပ်ငန်းများတွင် လုပ်ကိုင်နေသည့် ကလေးလုပ်သားများလည်း များစွာရှိပေသည်။

မောင်မောင်နှင့် အလားတူ အခြားသော လုပ်ငန်းခွင်များတွင် လူကြီးများနှင့် အလုပ်ချိန် အလားတူ လုပ်ကိုင်နေရသူများကို မြင်တွေ့နိုင်သည်။

ကလေးသူငယ်များသည် ပျမ်းမျှအားဖြင့် တစ်ပတ်လျှင် ၅၁ နာရီခန့် အလုပ်လုပ်ကြရပြီး ယောက်ကျားလေးများထက် မိန်းကလေးများ ပိုမို လုပ်ကိုင်နေရကြောင်း ၂၀၁၅ ခုနှစ် ကလေးအလုပ်သမား အစီရင်ခံစာတွင် ဖော်ပြထားသည်။

ကလေးအလုပ်သမားများသည် ရက်သတ္တတစ်ပတ်လျှင် အလုပ်လုပ်ရက် ၆ ရက်နှင့် ပြန်လည်တွက်ချက်ပါက ၈ နာရီမှ ၁၀ နာရီ အလုပ်လုပ်ကိုင်နေရကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

အလုပ်ချိန်များသော်လည်း ၎င်းတို့၏ လုပ်ခလစာမှာ တစ်နာရီလျှင် ပျမ်းမျှအားဖြင့် ၄၀၀ ကျပ်သာ ရရှိကြောင်း ဖော်ပြထားသည်။ ထိုသို့ ကလေးသူငယ်အခွင့်များ ဆုံးရှုံးနေသည်ကို ဖြေရှင်းနိုင်ရန် နိုင်ငံတော် အစိုးရအနေဖြင့်လည်း နိုင်ငံတကာ အဖွဲ့အစည်းများနှင့် လုပ်ကိုင် ဆောင်ရွက်လျက်ရှိသည်။

ကလေးလုပ်သားများနှင့် ပတ်သက်၍ လုပ်ငန်းခွင်များတွင် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်း မပြုရန် ညွှန်ကြားတားမြစ်ထားသော ILO-Convention ကို မြန်မာနိုင်ငံ အနေဖြင့် ၂၀၁၃ ခုနှစ်က သဘောတူ လက်မှတ်ရေးထိုးခဲ့သည်။

ထိုသို့လုပ်ကိုင်ဆောင်ရွက်ခဲ့သည့် ခြင်းကြောင့် ကလေးလုပ်သားများအား မတရားညှဉ်းပန်းနှိပ်စက်ခြင်းနှင့် ငွေးကြေးခေါင်းပုံဖြတ်သည်များကို ဖော်ထုတ်နိုင်ခဲသည့် ဖြစ်စဉ်များ တွေ့ရှိကြရမည် ဖြစ်သည်။

သို့သော် ကလေးလုပ်သားများသည် ယနေ့အချိန်ထိ ပျောက်ကွယ်သွားခြင်း မရှိပေ။ ထို့သို့ အခြေအနေများကို ထိန်းချုပ်နိုင်ရန်အတွက် အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ ၁၅ နှစ်တာ စီမံချက်များ ရေးဆွဲပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။

ယင်းအစီအစဉ်မှာ အောင်မြင်ပါက ကလေးလုပ်သားများ လျော့နည်းလာမည်ဟု ကလေးသူငယ်အခွင့်အရေးနှင့် ပတ်သက်၍ လုပ်ဆောင်နေသည့် အရပ်ဘက်အဖွဲ့အစည်းများက သုံးသပ် ပြောဆိုသည်။

လက်ရှိတွင် လူမှုဝန်ထမ်း ဦးစီးဌာနှင့် အရပ်ဘက်အဖွဲ့အစည်းများ ချိတ်ဆက်ပြီး ကလေးသူငယ်အခွင့်အရေးများ ဆုံး ရှုံးသည့် အနေအထားများ တွေ့ရှိပါက လိုက်လံဆောင်ရွက်ပေးလျက်ရှိကြောင်း ဒေါ်သီသီနွယ်က ဆိုသည်။

ယခုအခါ မွန်ပြည်နယ် လွှတ်တော်တွင်လည်း အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး ကော်မတီ တစ်ရပ်ကို ဒုတိယအကြိမ် ပြည်နယ်လွှတ်တော်တွင် ဖွဲ့စည်းခဲ့ပြီး ကလေးသူငယ်အခွင့်အရေးဆုံး ရှုံးနေသည်များကို သိရှိပါက တိုင်ကြားနိုင်ပြီး တိုင်ကြားပါကလည်း ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းလျက်ရှိကြောင်း ဒေါ်ခိုင်ခိုင်လဲ့က ပြောသည်။

တေဇ

Advertisements

Leave a Reply