အရပ်သားသုံးဦးကို ငွေပေး၍ လူရိုက်ခိုင်းသူမှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးအဆင့်ရှိသူ တစ်ဦးဖြစ်သည်ဟု စစ်ဆေးတွေ့ရှိ

289

မော်လမြိုင်၊ ဖေဖော်ဝါရီ ၂၀

မွန်ပြည်နယ်၊ ကျိုက်မရောမြို့၊ ဘာဘူကုန်းကျေးရွာအုပ်စု၊ ခရုံဆည်မြောင်းလမ်းရှိ အရှေ့တောင်တိုင်း စစ်ဌာနချုပ်ပိုင် လယ်စိုက်ခင်းတွင် ဖေဖော်ဝါရီ ၁၆ ရက် ည ၁၁ နာရီခွဲခန့်က အရပ်သား သုံးဦးကို ငွေပေး၍ လူရိုက်နှက်ဆုံးမခိုင်းသူမှာ တပ်မတော်သား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူး ဇော်လင်းအောင်ဖြစ်သည်ဟု ကျိုက်မရောမြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိရဲအရာရှိတစ်ဦးက ဟင်္သာမီယာသို့ အတည်ပြု ပြောဆိုသည်။

“ဒီနေ့ ရဲစခန်းကို ဒုဗိုလ်မှူးကြီး တစ်ယောက်တော့ လာတယ်။ ဒီသတင်းကို အတည်ပြုလို့ရတယ်။ ဗိုလ်မှူးဇော်လင်းအော င် စေခိုင်းတာဆိုတာ” ဟု တာဝန်ရှိရဲအရာရှိက ပြောသည်။

ဖြစ်စဉ်မှာ ကျိုက်မရောမြို့နယ်၊ ဘာဘူးကုန်းကျေးရွာအုပ်စု၊ ခရုံဆည်မြောင်းလမ်းရှိ တပ်မတော်ပိုင် လယ်စိုက်ခင်းတဲအနီးရှိ ကောက်ရိုးပုံဘေးတွင် တပ်ကြပ်အဆင့်ရှိ နိုင်ဦးဆိုသူနှင့် ၎င်း၏ ဇနီး တို့နှစ်ဦး အိပ်ပျော်နေစဉ် သီရီမင်္ဂလာရပ်ကွက်နေ ကြည်သာ (ခ)စကေး (၂၉ နှစ်) နှင့် ဒီလုံး (၃၃ နှစ်) တို့နှစ်ဦးတို့ရောက်ရှိလာပြီး သစ်သားတုတ်ဖြင့် ရိုက်နှက်ခဲ့ကြောင်း ကျိုက်မရောမြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိ ရဲအရာရှိတစ်ဦးက ပြောဆိုသည်။

ထိုသို့ သစ်သားတုတ်ဖြင့် ရိုက်နှက်ခဲ့မှုကြောင့် တပ်ကြပ် နိုင်ဦးမှာ ညာဘက်ဦးခေါင်းနောက်စေ့ ပေါက်ပြဲဒဏ်ရာ၊ ညာဘက်လက်ဖျံ လက်ခလယ်ကျိုးဒဏ်ရာ၊ ညာဘက်ခြေထောက် ဖူးရောင်ဒဏ်ရာများရရှိခဲ့ပြီး ၎င်း၏ ဇနီး ဒေါ်စိန်လှ မှာ ဒဏ်ရာများဖြင့် အခင်းဖြစ်ပွားနေရာ၌ သေဆုံးခဲ့ရကြောင်း တိုင်တန်းချက်မှတ်တမ်းအရ သိရသည်။

လက်ရှိအချိန်၌ အရိုက်ခံရမှုကြောင့် ဒဏ်ရာများရရှိခဲ့သည့် တပ်ကြပ်နိုင်ဦးကို မော်လမြိုင်မြို့ ကုတင် ၃၀၀ တပ်မတော်ဆေးရုံ၌ ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

ပြစ်မှုကျူးလွန်ခဲ့သူ ဒီလုံး၊ စကေးနှင့် ကျော်လင်းဦး (ခ) လင်းလင်းတို့ ၃ ဦးကို မော်လမြိုင်ခရိုင်ဒုစရိုက်မှု နှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များနှင့် နယ်မြေခံရဲတပ်ဖွဲ့ဝင်များက ရှာဖွေဖော်ထုတ်ဖမ်းဆီးခဲ့ပြီး စစ်ဆေးမေးမြန်းခဲ့ရာ တပ်မတော်မှ ဗိုလ်မှူး ဇော်လင်းအောင်က ငွေပေး၍ လူရိုက်ခိုင်းခဲ့ကြောင်း ထွက်ဆိုခဲ့သည်ဟု ရဲစစ်ဆေးချက်မှတ်တမ်းတွင် ဖော်ပြထားသည်။

“တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူး ဇော်လင်းအောင်က သူတို့ကို သွားရိုက်ခိုင်းတာလို့ စစ်ဆေးပေါ်ပေါက်တဲ့အတွက် အထက်ဌာနကိုတော့ တင်ပြထားပါတယ်”ဟု မွန်ပြည်နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိရဲအရာရှိတစ်ဦးက ဟင်္သာသို့ ပြောသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူး ဇော်လင်းအောင်ထံသို့ ဟင်္သာမီဒီယာသတင်းဌာနမှ ဖုန်းဖြင့် ဆက်သွယ်သော်လည်း ၎င်းဖုန်းမှာ စက်ပိတ်ထားသည်။

ပြစ်မှုကျူးလွန်ခဲ့သူ သုံးဦး၏ ထွက်ဆိုချက်အရ ငွေပေး၍ လူရိုက်ခိုင်းသည်ဟု ဆိုသူ တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူး ဇော်လင်းအောင်မှာ ယခင်အစိုးရ ဦးသိန်းစိန် လက်ထက်ကတည်းက တပ်မတော်သား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးလည်း ဖြစ်သည်။

တပ်ကြပ်အဆင့်ရှိ တပ်မတော်သားတစ်ဦးကို ဒဏ်ရာများရရှိအောင် ပြုလုပ်ပြီး ၎င်းတပ်မတော်သား၏ ဇနီးဖြစ်သူကို သေဆုံးအောင် ရိုက်နှက်ခဲ့သည့် ကြည်သာ၊ ဒီလုံးနှင့် ကျော်လင်းဦးတို့ သုံးဦးကို ကျိုက်မရောမြို့မရဲစခန်းမှ (ပ) ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂/ ၃၂၅/ ၃၄ အရ အမှုဖွင့်အရေးယူ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Written by ခေတ်မင်း

Advertisements

Leave a Reply