ကလော့ – တော်ပွန် ဆက်သွယ်ချောင်း တူးဖော်လျက်ရှိ

21
ချောင်းဆုံမြို့နယ်အတွင်း တစ်နေရာကို ယမန်နှစ်အတွင်းက မြင်တွေ့ရစဉ်။

ချောင်းဆုံ ဖေဖော်ဝါရီ ၁၄

ချောင်းဆုံမြို့နယ် ကလော့- တော်ပွန် ဆက်သွယ်ချောင်း တူးဖော်ခြင်းလုပ်ငန်းကို ဆောင်ရွက်နေပြီဖြစ်ကြောင်း မြို့နယ်ဆည်မြောင်း ဦးစီးဌာနမှူး ဦးခင်မောင်မောင်ဇော်ကပြောသည်။

“ကလော့-တော်ပွန်ဆက်သွယ်ချောင်းတူးဖော်ခြင်းလုပ်ငန်းက အရှည် ၁၃၀၀၀ ပေ ၊ ထိပ်ဝအကျယ် ၂၄ ပေ ၊ အောက်ခြေ ၈ ပေ ၊ ပျမ်းမျှအနက် ၈ ပေတူးဖော်ဆောင်ရွက်ခြင်းလုပ်ငန်းဖြစ်တယ်”ဟု ၎င်းက ဆို၏။

ယင်းလုပ်ငန်းအတွက် တင်ဒါအောင်မြင်ထားသည့် အင်မားဂျင်း ပရောဂျက်ကုမ္ပဏီက လုပ်ငန်းများကို ဖေဖော်ဝါရီ ၄ ရက်တွင် စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကလော့-တော်ပွန်ချောင်းကို မတူးဖော်ဖြစ်သည်မှာ ၁၀ နှစ်ကျော်ရှိခဲ့ပြီဖြစ်၍ ချောင်းမြောင်းများ တိမ်ကော ပျက်စီးလာရာ လယ်သမားများ မိုးစပါးစိုက်ပျိုးရာတွင် အခက်အခဲများ ရှိနေကြောင်း ကလော့ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအေးဇော်သန်းက ပြောသည်။

“ပြည်နယ်ခွင့်ပြုဘတ်ဂျက် ကျပ်သန်းပေါင်း ၃၆ ဒသမ ၄၅၀ နဲ့ ကလော့-တော်ပွန်ဆက်သွယ်ချောင်းတူးဖော်ခြင်း လုပ်ငန်းကို ဆောင်ရွက်နေတယ်လို့သိရတယ်။ လုပ်ငန်းတွေဆောင်ရွက်ပြီးရင်တော့ ဒီချောင်းကိုအမှီပြုနေရတဲ့ လယ်ဧက ၁၀၀၀ ကျော်က စိုက်ပျိုးလုပ်ကိုင်ရတာလွယ်ကူလာမယ်”ဟု ၎င်းကဆိုသည်။

ချောင်းဆုံမြို့နယ် ဒေသခံအများစုမှာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အားထားအမှီပြုနေကြပြီး ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူများ ဒေသသို့ လာရောက်တိုင်း ချောင်း မြောင်း တာတမံကိစ္စရပ်များနှင့်ပတ်သက်၍ ဒေသခံလယ်သမားများက တင်ပြတောင်းဆိုမြဲဖြစ်ကြောင်း သိရသည်။

လွတ်လပ်မောင်(ယက္ခမြေ)

Advertisements

Leave a Reply