ကတိကဝတ်များကို အကောင်အထည်ဖော်ရာတွင်

အစိုးရအဖွဲ့အနေဖြင့် ပြည်သူလူထုကိုပေးထားသော ရွေးကောက်ပွဲကတိကဝတ်ဆိုတာရှိသည်။ ပြည်သူလူထုကထိုရွေးကောက်ပွဲကတိကဝတ်များကိုမမေ့။

ဒီကနေ့ ပြည်သူ့အစိုးရအနေဖြင့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးစသည်တို့သည် ပြည်သူလူထုကို ပေးထားသော ကတိကဝတ်များဖြစ်သည်။

နိုင်ငံ့အကြီးအကဲများဖြစ်ကြသော နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့က နိုင်ငံအနှံ့ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးသို့ လာရောက်ပြီး ပြည်သူလူထုနှင့်တွေ့ဆုံဆွေးနွေးပွဲများလုပ်ခြင်းသည် အစိုးရအဖွဲ့အနေဖြင့် ဘယ်လိုရပ်တည်ချက်တွေရှိတယ်။ ဘာတွေလုပ်နေတယ်ဆိုတာပြည်သူလူထုကို အသိပေးဖို့၊ ပြည်သူလူထုအသံကို နားထောင်ဖို့ပဲဖြစ်သည်။

တစ်နည်းအားဖြင့် ပြည်သူလူထုရဲ့စိုးရိမ်ပူပန်မှုတွေ ဘယ်လိုရှိတယ်၊ ပြည်သူလူထုကြားထဲကြီးထွား နေတဲ့ပြဿနာကိုဘယ်လိုအမြန်ဆုံးဖြေရှင်းပေးနိုင်မလဲဆိုတဲ့ နည်းလမ်းတွေရှာဖွေခြင်းပင်ဖြစ်သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဖေဖော်ဝါရီ ၁၃ ရက် တနင်္သာရီတိုင်းဒေသကြီးမြိတ်မြို့ခရီးတို လူထုတွေ့ဆုံပွဲတွင် “ ချက်ချင်းလက်ငင်းလုပ်လို့မရတဲ့ဟာဆိုရင် လုပ်ဖို့ဦးတည်မယ်၊ လုပ်ဖို့ကြိုးစားမယ်လို့ ပြောပါတယ်။ ဒါပေမယ့် ဘယ်တော့မှ ကျွန်မတို့ပြည်သူကိုလွယ်လွယ်နဲ့ကတိမပေးပါဘူး။ ပြည်သူကိုလွယ်လွယ်နဲ့ကတိပေးတယ်ဆိုတာ တကယ်တော့ပြည်သူကို မလေးစားရာရောက်ပါတယ်။ တန်ဖိုးမထားရာရောက်ပါတယ်။ ကိုယ့်ကိုယ်ကိုလည်း မလေးစား၊ တန်ဖိုးမထားရာရောက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ပေးထားတဲ့ကတိဆိုတာ တည်ရမယ်။ မတည်နိုင်ရင် ဒီကတိကိုမပေးရဘူးဟု” ပြောကြားခဲ့သည်။

ထိုကတိကဝတ်များကို အကောင်အထည်ဖော်ရာတွင်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရအနေဖြင့် လိပ်ပြာသန့်သန့်လုပ်ဆောင်နေကြောင်း၊ ပြည်သူလူထုကိုလှည့်ဖြားခြင်းကင်းရှင်းကြောင်း၊ ပြည်သူလူထုနစ်နာမည့်ကိစ္စများကိုဘယ်အခါမှပြုလုပ်မည်မဟုတ်ကြောင်း၊ ပြည်သူလူထုကလည်း ကိုယ့်တာဝန်ကိုယ်ကျေရမည်လို့အခါခါပြောခဲ့ဖူးကြောင်း၊ ဒီအခွင့်အရေးကို အစဉ်ထိန်းသိမ်းနိုင်ဖို့အတွက် ကိုယ့်တာဝန်ကိုယ်ကျေဖို့အင်မတန်အရေးကြီးပါကြောင်း၊ ကိုယ့်တာဝန်ကိုယ်မကျေရင် ကိုယ်အခွင့်အရေးတွေ လည်းရနိုင်မှာမဟုတ်ကြောင်း ပြောကြားချက်များသည် ဒီမိုကရေစီအစိုရတစ်ရပ်၏ ရဲဝံ့ပြတ်သားသောလုပ် ဆောင်ချက်များပင်ဖြစ်သည်ဟု ဆိုချင်ပါသည်။ ။

အယ်ဒီတာ

၁၆ ဖေဖော်ဝါရီ ၂၀၁၉

Advertisements

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်