ဝက်သက်ရောဂါ ကာကွယ်ပါ

39

ယခုတစ်လော ပြန်လည်ခေါင်းထောင်လာတဲ့ရောဂါတစ်ခုမှာ ဝက်သက်ရောဂါဖြစ်ပါတယ်။ တချို့ဒေသတွေမှာကပ်ရောဂါပုံစံဖြစ်ပွားနေပါတယ်။ ဝက်သက်ရောဂါဆိုတာ ဗိုင်းရပ် တစ်မျိုးဖြစ်ပြီး လူကို ကူးစက်ရာကတစ်ဆင့် ဖြစ်တဲ့ ရောဂါဖြစ်ပါတယ်။ ဝက်သက်ဖြစ်စေတဲ့ မီဆယ်ဗိုင်းရပ်စ် (Measles Virus) ဟာ လူကို ဖျားခြင်း၊ နှာစေး၊ ချောင်းဆိုးခြင်း၊ မျက်စိနီရဲခြင်း နဲ့ အရေပြားပေါ်တွင် အနီဖုကလေးများ ပေါက်ခြင်းတို့ ဖြစ်စေနိုင်ပါတယ်။ တစ်ခါတစ်ရံ အဆုတ်၊ ဦးနှောက်ရောင်ခြင်းတို့ဖြစ်စေနိုင်တဲ့အတွက် အသက်အန္တရာယ်ကို စိုးရိမ်ရပါတယ်။ ဝက်သက်ရောဂါဟာ အခြားဗိုင်းရပ်စ် ရောဂါပိုးတစ်မျိုးဖြစ်တဲ့ ဂျိုက်သိုး (German measles) နဲ့မှားနိုင်ပါတယ်။ ဂျိုက်သိုးဟာလည်း ဗိုင်းရပ်ပိုးတစ်မျိုးကြောင့်ဖြစ်တဲ့ အရေပြားပေါ်က အနီဖုထွက်တဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ ဝက်သက်လောက် ပြင်းထန်ခြင်းမရှိပါဘူး။ ပျက်စီးဆုံးရှုံးမှုဖြစ်ခဲပါတယ်။ ဒါပေမဲ့ ကိုယ်ဝန်ဆောင်မိခင်မှာဖြစ်ရင်တော့ ကိုယ်ဝန်ပျက်ကျခြင်း၊ အသေမွေးခြင်း နဲ့ မွေးရာပါရောဂါနဲ့ ကိုယ်ခန္ဓာချွတ်ယွင်းတဲ့ ကလေးမွေးခြင်း (ဥပမာ မွေးရာပါ မျက်စိတိမ်စွဲခြင်း၊ ခေါင်းသေးခြင်း၊ နှလုံးရောဂါပါခြင်း၊ နားမကြားခြင်း) တို့ ဖြစ်နိုင်ပါတယ်။

ဝက်သက်ပေါက်နေတဲ့ လူနာရဲ့ နှာခေါင်း၊ လည်ချောင်းနဲ့ ပါးစပ်မှာရှိတဲ့ဗိုင်းရပ်စ်ပိုးများဟာ နှာချေ ချောင်းဆိုးတဲ့အခါ လေထုထဲကို အမှုန် (Droplet ) များအဖြစ်ပျံ့လွင့်သွားရာကနေ အခြားတစ်ယောက်ကို ကူးစက်ခြင်းဖြစ်ပါတယ်။ ဝက်သက်ရောဂါ ကူးစက်နိုင်ဆုံးအချိန်ဟာ ဝက်သက် (အနီဖုများ) မထွက်ခင် ၄ ရက်မှ ဝက်သက်ပေါက်ပြီး ၄ ရက်အထိဖြစ်ပါတယ်။ အခန်းထဲမှာ ဝက်သက်ပေါက်သူက နှာချေ ချောင်းဆိုးလိုက်တဲ့အတွက် လေထဲပျံ့လွင့်သွားတဲ့ ပိုးတွေဟာ အဲဒီလူနာ အခန်းတွင်းမှ ထွက်သွားပြီး ၂ နာရီအထိ ကူးစက်နိုင်ခြေရှိပါတယ်။ ဝက်သက်ရောဂါဖြစ်နေသူနဲ့ ထိတွေ့ပြီးပါက ဝက်သက်ရောဂါလက္ခဏာပေါ်ဖို့ ၁၀ ရက်မှ ၁၂ ရက်အထိ ကြာမြင့်နိုင်ပါတယ်။ ဝက်သက်ရောဂါလက္ခဏာ စပေါ်ပြီးနောက် အနီဖုလေးများ ပေါ်လာပါတယ်။ အဲဒီ အချိန်အထိဆိုရင် ဝက်သက်ရောဂါနဲ့ ထိတွေ့ပြီး ၇ ရက်မှ ၁၈ ရက်ခန့်အထိ ကြာနိုင်ပါတယ်။

ဝက်သက်ရောဂါဖြစ်ရင် ဖျားမယ်၊ ၁၀၄၊ ၁၀၅ အထိအဖျားတက်နိုင်ပါတယ်။ ချောင်းခြောက်ဆိုးမယ်။ နှာရည်ကျမယ်။ လည်ချောင်းနာမယ်။ မျက်စိကျိန်းမယ် ၊နီရဲနေမယ်။ အလင်းရောင်ကို မကြည့်နိုင်ပါ။ ဒါ့အပြင် ခေါင်းကိုက်မယ်။ မောပန်းနွမ်းနယ်နေမယ်။ လည်ပင်းတွင် အကျိတ်ကလေးများ ရောင်နေမယ်။ အဆစ် (ခြေဆစ်၊ လက်ဆစ်များ) နာကျင်ပါမယ်။ ပါးစပ်တွင် မီးခိုးရောင် အဖုကလေးများ (Koplik’s spot) တွေ့ရပါမယ်။ အဲဒီလက္ခဏာတွေပေါ်ပြီး ၂ ရက်မှ ၄ ရက်ကြာရင် ဝက်သက်ရောဂါ အဖုကလေးများ အရေပြားပေါ်မှာ ပေါ်လာပါမယ်။ အနီဖုကလေးများဟာ မျက်နှာနဲ့ နားပတ်လည်တို့မှာစဖြစ်ပြီး တဖြည်းဖြည်း လည်ပင်း၊ လက်မောင်း၊ ခြေထောက်နဲ့ ကိုယ်ခန္ဓာတွေမှာ ပေါ်လာပါလိမ့်မယ်။ ဒီအနီဖုကလေးဟာ အစပိုင်း မှာ တစ်လုံးချင်းဖြစ်ပြီးနောက် စုသွားတတ်ပါတယ်။ ဝက်သက်အနီဖုထွက်ချိန်မှာ အဖျားအမြင့်ဆုံး တက်ပါလိမ့်မယ်။ ၂ ရက် ၃ရက် ကြာနိုင်ပါတယ်။ ဒီနောက် အနီဖုကလေးများ တဖြည်းဖြည်းပျောက်ကွယ်သွားပါလိမ့်မယ်။ အနီဖုကလေးများဟာ မယားပါဘူး။ ဒါပေမဲ့ အနီဖုကလေးတွေ ခြောက်ပြီး ကွာကျသွားတဲ့နောက် အညိုရောင်၊ အမည်းရောင်အစက် ကလေးများ ကျန်ခဲ့တတ်ပါတယ်။

ဝက်သက်ပေါက်ပြီးနောက် ကလေးဟာ လုံးဝပြန်ကောင်းသွားနိုင်ပါတယ်။ တစ်ခါတစ်ရံ နောက်ဆက်တွဲရောဂါ (complication) များဖြစ်နိုင်ပါတယ်။ အဆုတ်ရောင်ခြင်း၊ လေပြွန်ရောင်ခြင်း။ ဝမ်းပျက်ခြင်း။ အာဟာရချို့တဲ့ခြင်း၊ ဗီတာမင်အေ ချို့တဲ့ခြင်းကြောင့်မျက်စိကွယ်ခြင်း၊ နားရောဂါ၊ နားပြည်ယိုခြင်း။ ဦးနှောက်ရောင်ခြင်း။ အရေပြားတွင်သွေးခြေဥခြင်း ၊ကိုယ်ဝန်ဆောင်တွင် ဝက်သက်ပေါက်ပါက ကိုယ်ဝန်ပျက်ကျခြင်း၊ အချိန်စောမွေးခြင်းနဲ့ ပေါင်မပြည့်တဲ့ ကလေးမွေးတတ်ပါတယ်။ ရောဂါ အလွန်ဆိုးဝါးလွန်းပါက လူနာအသက်ဆုံးရှုံးနိုင်ပါတယ်။

ဝက်သက်ရောဂါမဖြစ်အောင် ဝက်သက်ကာကွယ်ဆေးထိုးရပါမယ်။ ဝက်သက်ကာကွယ်ဆေးကို ကလေးအသက် ၉ လမှ ၁၀ လတွင် တစ်ကြိမ်ထိုးပြီး အသက်တစ်နှစ်ခွဲမှာ ဝက်သက်၊ ဂျိုက်သိုး၊ ပါးချိတ် (Mumps, Measle, Rubella-MMR) ကာကွယ်ဆေး ထပ်ထိုးခြင်းဖြင့် ရောဂါကို ထိထိရောက်ရောက် ကာကွယ်နိုင်ပါမယ်။ အသက် ၁နှစ်မှ ၅ နှစ်တွင် တစ်ကြိမ်၊ ၅ နှစ်မှ ၁၀ နှစ်တွင် တစ်ကြိမ် ဝက်သက်ကာကွယ်ဆေးထပ်မံထိုးသင့်ပါတယ်။ ဝက်သက်ကာကွယ်ဆေးကို တစ်နှစ်အောက်တွင် တစ်ကြိမ်ထိုးထားပါက တစ်နှစ်ကျော်ရင် နောက်ထပ်နှစ်ကြိမ်ထိုးသင့်ပါတယ်။ ပါးချိတ်၊ ဝက်သက်၊ ဂျိုက်သိုး၊ ရေကျောက်ကာကွယ်ဆေး၊ (MMRV) ကို အသက် ၁၂ နှစ်နဲ့ အထက် ကလေးတွေ မထိုးသင့်ပါ။ ဝက်သက် ကာကွယ်ဆေးကို ကလေးအသက် ၉ လမှ ၁၅ လအတွင်း ထိုးသင့်ပါတယ်။ အကြောင်းကတော့ မိခင်ထံကရရှိထားတဲ့ ဝက်သက်ခုခံအားဟာ ၆ လမှာစတင်လျော့နည်းလာပြီး အသက် ၉လအရွယ်မှာ မရှိတော့တဲ့အတွက် ကာကွယ်ဆေးထိုးလို့ကောင်းတဲ့အချိန်ဖြစ်ပါတယ်။

ကာကွယ်ခြင်းဟာ ကုသခြင်းထက်ပိုပြီး အကျိုးကျေးဇူးကြီးမားပါတယ်။ အကယ်၍ဝက်သက်ရောဂါခံစားနေရလျှင်မူ လူနာကို လူသူထူထပ်တဲ့ နေရာတွေမှရှောင်ကြဉ်ခိုင်းရပါ့မယ်။ ဗီတာမင်ပြည့်ဝတဲ့ အစားအသောက်တွေကို စားစေခြင်း၊ ရေနဲ့လိုအပ်သောအာဟာရတွေကိုကျွေးမွေးပြီး ကိုယ်ခံအားတက်အောင်လုပ်ရပါမယ်။လူနာ ပြုစုသူဟာ Face mask တပ်ပြီး လူနာကိုလူအများနှင့်သီးခြားခွဲခြားထားရပါမယ်။ဒါ့ကြောင့်မို့ အဖြစ်များလာတဲ့ ဝက်သက်ရောဂါကိုသတိထားရင်း ကာကွယ်ဆေးကိုလည်းထိုးသင့်ပါကြောင်းအသိပေးလိုက်ပါတယ်။ ။

ဒေါက်ဦး(မွန်)

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်