Advertisements

သထုံမြို့နယ် ဖားပိန်တောင်နှင့် ပတ်သက်၍ EITI လုပ်ဆောင်ထားခြင်းမရှိ

မော်လမြိုင် ဖေဖော်ဝါရီ ၂၂

မွန်ပြည်နယ် သထုံမြို့နယ် ဖားပိန်တောင်နှင့် ဝင်းဖုန်းတောင် လုပ်ကွက်များသည် KNU တပ်မဟာ (၁) ထိန်းချုပ်နယ်မြေအတွင်းတည်ရှိပြီး ငြိမ်းချမ်းရေးယူထားသည့် အဖွဲ့အစည်းနယ်မြေဖြစ်သောကြောင့် ဒေသခံ ပြည်သူများအား ပွင့်လင်းမြင်သာစွာ ချပြရမည့် EITI နှင့် ပတ်သက်၍ လုပ်ဆောင်ထားခြင်း မရှိကြောင်း သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဒေါက်တာ မင်းကြည်ဝင်းက ပြောသည်။

ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ကျင်းပသည့် ဒုတိယအကြိမ် မွန်ပြည်နယ် လွှတ်တော် ၁၂ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့တွင် သထုံမြို့နယ် မဲဆန္ဒနယ်အမှတ် ၁ မှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့၏ မေးမြန်းချက်ကို ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ယင်းဒေသတွင် ဘိလပ်မြေစက်ရုံ ဆောက်လုပ်ရန် စီမံကိန်းလုပ်ခြင်းကို ငြိမ်းချမ်းရေး လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်များ၏ နယ်မြေအတွင်း တည်ရှိနေခြင်းသော NCA သဘောတူ စာချုပ်၏ နောက်ဆက်တွဲတွင် ပါရှိသော ဒေသခံများ၏ ဒေသခံ ပြည်သူများအား ပွင့်လင်းမြင်သာစွာ ချပြရမည့် EITI ပရောဆက်ကို လုပ်ဆောင်ရမည်ဟု ဒေါ်ခိုင်ခိုင်လဲ့က ပြောသည်။

Advertisements

သို့သော် ယင်းဒေသတွင် နေထိုင်သူများသည် မြန်မာစကားနားလည်ရန် ခဲယဉ်းပြီး EITI ပရောဆက် ကို မလုပ်နိုင်သေးသည့်တိုင် အထက်ပါ ပရောဆက်နီးပါး လုပ်ဆောင်နိုင်ရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

လွှတ်တော် အစည်းအဝေးတွင် ဝန်ကြီးမှ ကျေးရွာသူ ကျေးရွာသားများ ထောက်ခံကြောင်း ဖြေကြားခဲ့သော်လည်း ကိုယ်စားလှယ်ထံ လာရောက်ပြီး ကန့်ကွက်ကြောင်း တင်ပြထားသည်မှာ ထောက်ခံသည့် သူများ အားလုံးနီးပါးဖြစ်ကြောင်း ဒေါ်ခိုင်ခိုင်လဲ့က ဆိုသည်။

“သူတို့လက်မခံနိုင်ဘူးဆိုတာ လာတင်ပြထားတာ ရှိတယ်။ ကန့်ကွက်စာတွေ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနထံ ပေးပို့ထားတဲ့ စာတွေရှိတယ်” ဟု ၎င်းက ထပ်လောင်းပြောသည်။

ယင်းတောင်များမှာ ကျောက်သွေးထွက်သည့် လိုဏ်ဂူဖြစ်ကာ ရှားပါးသည့် လှိုဏ်ဂူ အမျိုးအစားတွင် ပါဝင်ပြီး နိုင်ငံခြားသားများ စိတ်ဝင်စားသည့် နေရာဖြစ်သောကြောင့် ခရီးသွားလုပ်ငန်း လုပ်ဆောင်မည်ဆိုပါက ပြည်သူများအတွက် ပိုမို အဆင်ပြေနိုင်မည်ဖြစ်ကြောင်း ထပ်မံအကြံပြု ပြောဆိုသည်။

တေဇ

Advertisements

Leave a Reply