မော်လမြိုင်-ရန်ကုန် မီးရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေး ဆောင်ရွက်မည်

မော်လမြိုင် ဖေဖော်ဝါရီ ၂၂

မော်လမြိုင်-ရန်ကုန် အစုန်- အဆန် ပြေးဆွဲနေသော မီးရထားစက်ခေါင်းများ၊ ရထားတွဲများနှင့်သံလမ်းများ အစားထိုးနိုင်ရန်နှင့် ခေတ်မီအချက်ပြစနစ်များ အသုံးပြုနိုင်ရန် ကြိုးပမ်းအကောင်အထည်ဖော်နေကြောင်း ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက ဖေဖော်ဝါရီ ၂ဝ တွင် အမျိုးသားလွှတ်တော် ပုံမှန်အစည်းအဝေး၌ ပြောကြားခဲ့သည်။

“မြန်မာ့မီးရထားအနေနဲ့က အချက်ပြ မီးတွေ ပြတဲ့နေရာတွေမှာ လူတွေကိုသာ အဓိက အားကိုးပြီး အချက်ပြနေရတာ ဖြစ်တဲ့အတွက် ခေတ်မီတဲ့ အချက်ပြစနစ်တွေကို အသုံးပြုပြီး ဆောင်ရွက်သွားမှာပါ”ဟု ၎င်းက ပြောသည်။

ခေတ်မီ အချက်ပြမီးများသာမက ရထားစက်ခေါင်းနှင့် လူစီးတွဲများကိုလည်း အဆင့်မြှင့်တင်နိုင်ရန်အတွက် ၂ဝ၁၉ ဇူလိုင်မှ ဒီဇင်ဘာလအတွင်း ဆောင်ရွက်သွားရန် ရှိကြောင်း ၊လူစီးတွဲ ၁၅တွဲမှ လေးတွဲကို စားသောက်ခန်းအဖြစ် အသုံးပြုမည်ဖြစ်ပြီး၊ ကျန်ရှိနေသည့် လူစီးတွဲ ၁၁တွဲကို အဆင့်မြှင့်တင်ကာ ပြေးဆွဲနိုင်ရေး နှင့် မော်လမြိုင်-ရန်ကုန် မီးရထားလမ်း ချောမွေ့စွာ ပြေးဆွဲနိုင်ရန်အတွက် ပြင်ဆင်ရန် ကျန်ရှိနေသော ဇင်းကျိုက်မှ မော်လမြိုင်အထိ ရထား လမ်းပိုင်း ကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒု-ဝန်ကြီးက ပြောသည်။

Advertisements

ရထားလမ်းများ အဆင့်မြှင့်တင်နိုင်ရန်အတွက် ကိုးချောင်းတွဲ သံလမ်းများကို ပြီးခဲ့သည် ၂ဝ၁၈ခုနှစ်တွင် စစ်တောင်းတံထားထိပ်မှ မော်လမြိုင်ဘူတာထိ ပြင်ဆင်ခဲ့ပြီး မုတ္တမရပ်နားစခန်းမှ မော်လမြိုင်၊ စစ်တောင်းမှ မုတ္တမ နှင့် မုတ္တမ မှ ဇင်းကျိုက်ထိ လမ်းပိုင်းများကို ပြင်ဆင်ဆောင်ရွက်ခဲ့ပြီဖြစ်ကြောင်း ထပ်မံပြောသည်။

မော်လမြိုင်-ရန်ကုန် ပြေးဆွဲနေသော ရထားစက်ခေါင်းများနှင့် ရထားထိုင်ခုံ၊ လှေကားများကို ခေတ်မီသော ပစ္စည်းအသစ်များဖြင့် လဲလှယ် တပ်ဆင်ပါက ပြည်သူများ အနေဖြင့် မြန်မာ့မီးရထားကို စိတ်ကျေနပ်စွာ ရွေးချယ်စီးနင်းကြမည်ဖြစ်ကြောင်း မွန်ပြည်နယ် မဲဆန္ဒနယ် အမှတ်၁ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအေးမင်းဟန်က ပြောကြားသည်။

“ပြည်သူတွေက စိတ်ကျေနပ်မှုမရှိဘဲ မရွေးချယ်ပါက မြန်မာ့မီးရထားသည် အရှုံးသံသရာထဲ တဝဲလည်နေမည်။ အဆင့်ပြန်လည်မြှင့်တင်နိုင်မှသာ၊ ပြည်သူများယုံကြည်မှုရရှိမှသာ အမြတ်ငွေ ပြန်လည် ရရှိနိုင်မှာ ဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။

ရရှိလာမည့် အမြတ်ငွေဖြင့် ပြုပြင်ရန် လိုအပ်သော မော်လမြိုင်-ရန်ကုန် လမ်းပိုင်းများကို ပြင်ဆင်နိုင်မည်ဖြစ်ပြီး မြန်မာ့မီးရထားဦးစီးဌာနမှာလည်း ပြန်လည်ဦးမော့လာမည်ဖြစ်ကြောင်း၊ ရထားလက်မှတ်များကို ဖုန်းဖြင့် အချိန် တစ်ပတ်ခန့် ကြိုတင်ကာ မှာယူဝယ်နိုင်ရန်အတွက် ဆောင်ရွက်ပေးနိုင်မည်ဆိုပါက ပြည်သူများအနေဖြင့် သွားလာရအဆင်ပြေနိုင်မည်ဖြစ်ကြောင်း ဦးအေးမင်းဟန်က ပြောသည်။

ထိုက်ထိုက်

Advertisements

Leave a Reply