သထုံမြို့နယ်တွင် စည်းကမ်းမဲ့ ကျုးကျော်ဆိုင်များ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ကိုတိုးချဲ့မည်
61
မော်လမြိုင် ဖေဖော်ဝါရီ
မွန်ပြည်နယ် သထုံခရိုင် သထုံမြို့နယ် စည်ပင်သာယာနယ်မြေများအတွင်း စည်းကမ်းမဲ့ ဈေးဆိုင်များ၊ ပလက်ဖောင်း ကျုးကျော်ရောင်းချနေသောဆိုင်များ၊ ခွင့်ပြုချက်မဲ့ ဆောက်လုပ်နေမှုများကို ထိန်းသိမ်းနိုင်ရန် အတွက် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ကို လူအင်အားထည့်ကာ တိုးချဲ့သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးမင်းကျော်လွင်က ပြောသည်။
ဈေးပတ်ဝန်းကျင်တွင် ကျုးကျော်မှုများ၊ စည်းကမ်းမဲ့ရောင်းချမှုများမရှိစေရန်အတွက် ဈေးဌာနစိတ်မှ စည်းကမ်းထိန်းသိမ်းရေးဝန်ထမ်းများက နေ့စဉ် ရှင်းလင်း စောင့်ကြည့်ခြင်း ဆောင်ရွက်နေကြောင်း ဆက်လက်ပြောသည်။
“ဈေးပတ်ဝန်းကျင်နဲ့ လမ်းဘေးဆိုင်တွေ စည်းကမ်းမဲ့ကျူးကျော်နေတာတွေကို ရှင်းလင်းတာတွေရှိပါတယ်၊ သုံးကြိမ် ကျွန်တော်တို့ အကြောင်းကြားစာပို့တယ်၊ မလိုက်နာရင် ဆက်ပြီးတော့ အရေးယူသွားမှာ”ဟု ၎င်းက ပြောသည်။
သထုံမြို့ရှိ မင်းလမ်းတစ်လျှောက်၊ ဘားအံလမ်းတစ်လျှောက် စည်းကမ်းမဲ့ ဈေးဆိုင်များ တည်ခင်းရောင်းချခြင်း၊ ပလက်ဖောင်းပေါ်တွင် အိမ်ဆောက်ပစ္စည်းဆိုင်များ၊ ကုန်မာဆိုင်ခန်းပစ္စည်းများ ကျုးကျော်ရောင်းချမှု မရှိစေရေး အတွက် အကြောင်းကြားစာများ ထုတ်ပြန်ထားရှိပြီး၊ လိုက်နာမှုမရှိသောဆိုင်များကို စည်ပင်သာယာဥပဒေအရ အရေးယူဆောင်ရွက်လျက်ရှိကြောင်း ဆက်လက်ပြောသည်။
ယခုနှစ်ဘဏ္ဍာရေးနှစ်တွင် လမ်းဘေးကျူးကျော်ဆိုင် ၁၁ ဆိုင်အား ဖယ်ရှားရှင်းလင်းခဲ့ပြီး ကျူးကျော်တဲ၊ ကျူးကျော်ဆိုင်များ ရှင်းလင်းခြင်းကိုလည်း ဆောင်ရွက်လျှက်ရှိကြောင်း ထပ်မံ ပြောသည်။
သထုံမြို့အတွင်း လမ်းများကို ချဲ့ထွင်သည့်အခါ လမ်းဘေးရှိ ဆိုင်ခန်းများ ထပ်မံကျူးကျော်မှု မရှိစေရန်အတွက် သက်ဆိုင်ရာစည်ပင်သာယာရေးဦးစီးဌာနမှ တာဝန်ရှိသူများကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်ရန် ညွှန်ကြားထားကြောင်း နှင့် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဝန်ထမ်းများကိုလည်း စွမ်းဆောင်ရည်မြှင့်သင်တန်းများ ပေးရန် စီစဉ်ထားကြောင်း ထပ်မံပြောသည်။
သထုံမြို့နယ် ဈေးအပါအဝင် လမ်းဘေးရှိ ဆိုင်များမှ ကျူးကျော်ကာ ဆိုင်ခင်းခြင်း၊ စည်းကမ်းမဲ့မှုများကြောင့် မြို့၏ အလှအပ ထိခိုက်ရုံသာမက ဥပဒေကို လျစ်လျူရှုနေသလိုဖြစ်ကြောင်း သထုံမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က ပြောသည်။
“ကျူးကျော် ဈေးရောင်းနေတာတွေက မြို့ရဲ့ လှပမှုကို ထိခိုက်စေတဲ့အပြင် ဥပဒေကို လျစ်လျူရှုရာ ရောက်နေတယ်၊ ခွင့်ပြုချက်မဲ့ ဆောက်လုပ်နေတဲ့ အဆောက်အအုံများစွာရှိနေပါတယ်၊ ခွင့်ပြုချက်မဲ့ အဆောက်အအုံဆောက်လုပ်ခြင်းနဲ့ ပတ်သက်ပြီး အရေးယူမှု အားနည်းနေတာကို တွေရတယ်”ဟု ၎င်းက ပြောသည်။
မွန်ပြည်နယ်လွှတ်တော်မှ ပြည်နယ်စည်ပင်သာယာရေးဥပဒေကို အတည်ပြုပြဋ္ဌာန်းခဲ့ပြီးဖြစ်သောကြောင့် ထိရောက်စွာ အရေးယူမှုများ ဆောင်ရွက်သင့်ကြောင်း ဆက်လက်ပြောသည်။
၂ဝ၁၈-၂၀၁၉ဘဏ္ဍာနှစ်တွင် တားမြစ်စာထုတ်သော်လည်း လိုက်နာမှုမရှိသော အဆောက်အဦ ၂ဝ၁ ခုကို ထိရောက်စွာ အရေးယူဆောင်ရွက်လျက်ရှိပြီး တရားစွဲဆိုထားသော အိမ် တစ်အိမ် ရှိကြောင်း သိရသည်။
ထိုက်ထိုက်
Advertisements
Leave a Reply