ပင်လယ်ပြင်တွင် ရေယာဉ်များ အန္တရာယ်ကင်းရှင်းရေး ရေကြောင်းပြအမှတ်အသားများ လိုအပ်နေ

24

ထားဝယ် ဖေဖေါ်ဝါရီ

မြိတ်ခရိုင် ကျွန်းစုမြို့နယ် ပင်လယ်ပြင်ရှိ ကျောက်ပုံ၊ ကျောက်ဆောင်၊ ကျောက်တန်းများတွင် ထင်သာမြင်သာရှိသော သံတိုင်၊ သို့မဟုတ် ကျောက်တိုင်များပြုလုပ်ရန် လိုအပ်နေကြောင်း ကျွန်းစုမဲဆန္ဒနယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာထူးနေအောင်က ပြောသည်။

“ထင်သာမြင်သာရှိသော ကျောက်တိုင်၊ သို့မဟုတ် သံတိုင်ရှိမှသာ ရေလုပ်သားများ၊ ခရီးသွားဧည့်သည်များ၊ ကျွန်းစုမြို့နယ်အတွင်းရှိ ပြည်သူအပေါင်းတို့ အန္တရာယ်ကင်းပြီး ဘေးကင်းလုံခြုံစွာ သွားလာနိုင်မှာ ဖြစ်ပါတယ်”ဟု ဒေါက်တာထူးနေအောင်က ပြောသည်။

ဖေဖော်ဝါရီ ၁၈ ရက်က ပြုလုပ်သည့် ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့တွင် ၎င်းက ယင်းကိစ္စနှင့်ပတ်သက်၍ မေးခွန်းမေးမြန်းခဲ့သည်။

ရေကြောင်းခရီးသွား ရှပ်ပြေး အမြန်ရေယာဉ်များ၊ ကုန်တင်လှေများ၊ ငါးဖမ်းလှေများ အသွားအလာများသော လမ်းကြောင်းရှိ ကျောက်ပုံ၊ ကျောက်ဆောင်၊ ကျောက်တန်းများတွင် ထင်သာမြင်သာရှိသော သံတိုင်၊သို့မဟုတ် ကျောက်တိုင်များ ပြုလုပ်ပေးရန် အစီအစဉ်ရှိ မရှိ သိလိုကြောင်း ဒေါက်တာထူးနေအောင်က မေးမြန်းခဲ့ခြင်းဖြစ်သည်။

အဆိုပါမေးခွန်းကို တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးကြည်လှိုင်က ပြန်လည် ဖြေကြားရာတွင် ကျောက်ပုံများ၊ ကျောက်တန်းများပေါ်တွင် ထင်သာမြင်သာရှိသော ရေကြောင်းပြအမှတ်အသားများကို သံတိုင်၊ သို့မဟုတ် ကျောက်တိုင်များ ပြုလုပ်ပေးရန်မှာ တနင်္သာရီတိုင်းဒေသကြီး၌ ရေလမ်းညွှန်ဌာနခွဲ မရှိခြင်းကြောင့် ပြည်ထောင်စုအဆင့်မှသာ ဆောင်ရွက်ပေးနိုင်မည်ဟု ဆိုသည်။

ဒေါက်တာ ထူးနေအောင်က မေးခွန်း မေးမြန်းရာတွင် ကျောက်ပုံအချို့မှာ ရေကြမ်းသည့် အပတ်၌ ရေပြည့်နေချိန်တွင် မမြင်တွေ့ရဘဲ ရေပြန်ကျပြီး ရေလုံးဝ ခမ်းခြောက်သွားချိန်မှသာ တွေ့မြင်ရလေ့ရှိကြောင်း၊ အချို့ကျောက်ပုံများမှာ ရေ လုံးဝ ခမ်းခြောက်သွားချိန်အထိ မမြင်တွေ့ရသည့် အခြေအနေတွင် ရှိနေကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။

ဒေသခံရေလုပ်သားများအနေဖြင့် မည်သည့်နေရာတွင် ကျောက်ပုံ၊ ကျောက်ဆောင်၊ ကျောက်တန်းများ ရှိသည်ကို သိသော်လည်း ရာသီဥတု ဆိုးရွား မိုးသက်လေပြင်း ကျရောက်လာပါက ၎င်းတို့ကိုယ်တိုင် ဝင်တိုက်မိခဲ့သည့် ဖြစ်စဉ်များလည်း ရှိခဲ့ကြောင်း ဒေါက်တာ ထူးနေအောင်က ဖြည့်စွက်ပြောသည်။

ရံဖန်ရံခါတွင် အခြားမြို့နယ်များမှ ငါးဖမ်းလှေများ၊ ကုန်တင်လှေများ လာရောက်ရာ၌  ကျောက်ပုံများ ရှိရာကို မသိသည့်အတွက် ဝင်တိုက်မိ၍ လှေများ နစ်မြုပ်ပြီး လူအများပါ အသက် သေဆုံးသည်အထိ ဖြစ်ခဲ့ဖူးကြောင်း၊ မြိတ်မြို့မှ ကျွန်းစုမြို့နယ် ပင်လယ်ပိုင်းသို့ သွားလာရာ လမ်းကြောင်းတွင် ထင်ရှားသော ကျောက်ပုံ ၁၀ပုံရှိကြောင်း ၎င်းက ဆို၏။

ရေပြင်မှ အန္တရာယ်ရှိသော ကျောက်ပုံများကို ထင်သာမြင်သာရှိသော ကျောက်တိုင်၊ သို့မဟုတ် သံတိုင်များ ပြုလုပ်ပေးရန် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့ကလည်း လိုလားကြောင်း လွှတ်တော်ကိုယ်စားလှယ်က ထည့်သွင်းဆွေးနွေးခဲ့သည်။

တိုင်းဒေသကြီးဝန်ကြီး ဦးကြည်လှိုင်က ခရီးသည်တင် ရေယာဉ်များ၊ ကုန်တင်လှေများ၊ငါးဖမ်းစက်လှေများ ကျောက်ပုံ၊ ကျောက်တန်းများ ရှိရာကို သတိပြု ရှောင်ကွင်း မောင်းနှင်ရန် ရေကြောင်းသတိပေးချက်ကို ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားကြောင်း၊ အခြားမြို့နယ်များမှ ငါးဖမ်းလှေများနှင့် ကုန်တင်လှေများပါ သိရှိနိုင်စေရေး သက်ဆိုင်ရာရပ်ကွက်၊ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တင့်လွင်

 

Advertisements

Leave a Reply