ကျေးလက်နေ ကျောင်းသားများအတွက် ကျောင်းကားကိစ္စ တိုင်းလွှတ်တော်တွင် ဆွေးနွေး

21

ထားဝယ် ဖေဖေါ်ဝါရီ

ထားဝယ်ခရိုင် ရေဖြူမြို့နယ်အတွင်း ကျေးရွာအသီးသီးမှ ကားကြုံစောင့်၍ ကျောင်းတက်နေရသော ကျောင်းသား ကျောင်းသူများအတွက် ကျောင်းကားကိစ္စကို တိုင်းဒေသကြီးလွှတ်တော်တွင် ဆွေးနွေးခဲ့သည်။

ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ၁၁ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် ယင်းကိစ္စနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှထွေးက ၂၀၁၈ – ၁၉ ပညာသင်နှစ်တွင် ရေပုံးရွာ၊ ၃၆မိုင်ရွာ၊ ကရင်ရှင်ထဘီရွာ၊ ကျေးဇူးတော်ရွာများမှ ကျောင်းသားကျောင်းသူ ၇၇ ဦးမှာ ကျောက်ရှပ်ရွာ အလယ်တန်းကျောင်းခွဲသို့ သွားရောက်ပညာသင်ယူနေရကြောင်း၊ ရေပုံးရွာ၊ မိုင်၃၀ရွာ၊ ဟိန္နဲရွာ၊ နှမ်းကြဲရွာ၊ ၃၆မိုင်ရွာများမှ ကျောင်းသား ကျောင်းသူ ၅၆ဦးမှာလည်း  ကလိန်အောင်မြို့ရှိ အထက်တန်းကျောင်းသို့ သွားရောက် ပညာသင်ယူနေကြရကြောင်း၊ ထိုသို့ ကားကြုံစောင့်၍ ကျောင်းတက်နေသော ကျောင်းသား ကျောင်းသူအရေအတွက်မှာ တစ်နှစ်ထက်တစ်နှစ် လျော့နည်းမသွားဘဲ ပိုမိုများပြားလာသည်ကိုတွေ့ရှိရကြောင်း ဆွေးနွေးခဲ့သည်။

ယင်းကျောင်းသားကျောင်းသူများအတွက် School Bus စီစဉ်ပေးရန် အစီအစဉ်ရှိ မရှိ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးလှထွေးက မေးမြန်းခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်က စီစဉ်ပေးနိုင်ခြင်း မရှိကြောင်း ပြန်လည်ဖြေဆိုခဲ့သည်။

ရေဖြူနှင့် ကလိန်အောင် မြို့များသို့ ပြေးဆွဲနေသော ယာဉ်အသင်းအနေဖြင့် မှန်လုံယာဉ်ကြီး ၂၅သင်း၊ မှန်လုံယာဉ်ငယ်(ဒေသအခေါ် – အံစာတုံး) ၁၂သင်းရှိကြောင်း၊ ရေဖြူမှ ကလိန်အောင်(ကံပေါက်)သို့ ပြေးဆွဲနေသော မှန်လုံယာဉ်ငယ် ၂သင်း၊ ယာဉ်ကြီး ၃သင်း နေ့ညမပြတ် ပြေးဆွဲပေးလျက်ရှိကြောင်း၊ သို့ဖြစ်၍ ကျောင်းကား စီစဉ်ပေးနိုင်ခြင်းမရှိကြောင်း ဝန်ကြီးက ဆို၏။

“ကားကြုံစောင့်၍ ကျောက်တက်နေရသော ကျောင်းသား ကျောင်းသူများ ဘေးအန ္တရာယ်ကင်းရှင်းရေးအတွက် ရေဖြူမြို့နယ်ပညာရေးမှူးမှတစ်ဆင့် ကျောင်းအုပ်ကြီးများအား ညွှန်ကြားထားပါတယ်”ဟု ၎င်းက ပြောသည်။

ရေဖြူနှင့် ကလိန်အောင်မြို့ကြား ခရီးမိုင် ၃၃မိုင်ခန့် ကွာဝေးပြီး ကျေးရွာများမှာ လူဦးရေ အိမ်ခြေ နည်းပါးကာ တစ်ရွာနှင့် တစ်ရွာ ရွာစဉ်ဝေးကြောင်း၊ အဆိုပါကျေးရွာများတွင် မူလတန်းအဆင့်ကျောင်းများသာရှိကြောင်း သိရသည်။ ယင်းသို့ ကားကြုံစောင့်၊ ဆိုင်ကယ်ကြုံစောင့်၍ ကျောင်းတက်ကြသည်မှာ ဆယ်စုနှစ်ချီ ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ကျောင်းသား ကျောင်းသူများကို ကြိုသွားရန် မှန်လုံယာဉ်လိုင်းများထံ ပြောဆိုမှာကြားထားပေးရန် တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးခင်မောင်အေးက တိုင်းဒေသကြီးဝန်ကြီးအား တိုက်တွန်းခဲ့သည်။

တင့်လွင်

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်