တိုင်းအစိုးရရန်ပုံငွေဖြင့် ဆောက်လုပ်သည့် လုပ်ငန်းသုံးခု လုပ်ထုံးလုပ်နည်း မညီကြောင်း စစ်ဆေးတွေ့ရှိ

20

ထားဝယ် ဖေဖေါ်ဝါရီ

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောက်လုပ်သည့် လုပ်ငန်း သုံးခုမှာ တိုင်းဒေသကြီး တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီ(တည်/ကော်)၏ ခွင့်ပြုချက်မရရှိဘဲ ဆောက်လုပ်ခဲ့သည်ကို တိုင်းဒေသကြီးစာရင်းစစ်ချုပ်က စစ်ဆေးတွေ့ရှိရသည်ဟု သိရသည်။

ထားဝယ် ခြင်းလုံးအားကစားရုံ၊ ပုလော မြို့တော်ခန်းမနှင့် နေပြည်တော် ဧည့်ရိပ်သာတို့ ဖြစ်ကြောင်း သိရသည်။ အဆိုပါလုပ်ငန်း သုံးခု ဆောက်လုပ်ခြင်း စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာကို တိုင်းဒေသကြီး စာရင်းစစ်ချုပ် ဦးသိန်းထွန်းက ဖေဖေါ်ဝါရီ ၁၈ရက်၊ တိုင်းဒေသကြီးလွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ဖတ်ကြား ရှင်းလင်းခဲ့သည်။

အစည်းအဝေး ဒုတိယနေ့ ဖေဖေါ်ဝါရီ ၁၉ရက်တွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်    ဒေါက်တာထူးနေအောင်က ဆွေးနွေးရာ၌ “ဒီလုပ်ငန်းတွေကို တိုင်း တည်/ကော်ရဲ့ ခွင့်ပြုချက်နဲ့ လုပ်ဆောင်ထားတာ မဟုတ်ဘူး”ဟုထည့်သွင်းပြောဆိုခဲ့သည်။

ခြင်းလုံးရုံနှင့် မြို့တော်ခန်းမတို့ကို လုပ်ငန်း စတင်ဆောင်ရွက်ပြီး ခုနစ်လအကြာမှ တည်/ကော်သို့ ခွင့်ပြုချက် တောင်းခံပြီး ငါးလနှင့် နှစ်ရက်ကြာမှ ခွင့်ပြုချက်ရခဲ့ကြောင်း၊ နေပြည်တော်ဧည့်ရိပ်သာကို လုပ်ငန်းစတင်ပြီး ကိုးလနှင့် ရက် နှစ်ဆယ် အကြာမှ ခွင့်ပြုချက်တောင်းခံပြီး ငါးလနှင့် နှစ်ရက်အကြာတွင်မှ ခွင့်ပြုချက်ရခဲ့ကြောင်း တွေ့ရှိရသည်ဟု ၎င်းက ပြောသည်။

ခြင်းလုံးရုံကို တိုင်းအစိုးရ ခွင့်ပြု ရန်ပုံငွေ ကျပ် ငါးသန်းဖြင့် လည်းကောင်း၊ မြို့တော်ခန်းမကို တိုင်းအစိုးရ ခွင့်ပြု ရန်ပုံငွေ ကျပ် ၅၈ သန်းဖြင့် လည်းကောင်း ဆောက်လုပ်ရန် Global Grand Co.,LTDအား လုပ်ငန်းအပ်နှံခဲ့ကြောင်း သိရသည်။ ယင်းလုပ်ငန်းနှစ်ခုမှာ ၂၀၁၇ ခု မတ်လ ၁၇ ရက်တွင် လုပ်ငန်းစတင်ခဲ့ပြီး လုပ်ငန်းခန့်မှန်းခြေစာရင်းကို တိုင်း တည်/ကော်သို့ ယင်းနှစ် အောက်တိုဘာ ၁၇ ရက်တွင်မှ တင်ပြခဲ့ကြောင်း ၊ ခွင့်ပြုချက်ရသည်မှာ ၂၀၁၈ မတ် ၁၉ ရက်တွင်မှ ဖြစ်ကြောင်း တိုင်းစာရင်းစစ်ချုပ်အစီရင်ခံစာအရ သိရသည်။

ထို့အတူ နေပြည်တော်ဧည့်ရိပ်သာကို တိုင်းအစိုးရ ခွင့်ပြု ရန်ပုံငွေ ကျပ် ၂၅၃ ဒသမ ၅ သန်းဖြင့် ဆောက်လုပ်ရန် သိန်းကမ္ဘာ ကုမ္ပဏီကို ရွေးချယ်ခဲ့ကြောင်း သိရသည်။ ယင်းလုပ်ငန်းကို ၂၀၁၆ ခု ဒီဇင်ဘာ၂၈ ရက်တွင် စတင်ခဲ့ပြီး လုပ်ငန်းခန့်မှန်းခြေစာရင်းကို တိုင်းတည်/ကော်သို့ ၂၀၁၇ ခု အောက်တိုဘာ ၁၇ ရက်တွင်မှ တင်ပြခဲ့ကြောင်း၊ ယင်းသို့ ခွင့်ပြုချက် တောင်းခံပြီး ငါးလနှင့် နှစ်ရက်ကြာမှ ခွင့်ပြုချက်ရရှိခဲ့ကြောင်း ထပ်မံ သိရသည်။

လုပ်ငန်းခန့်မှန်းခြေစာရင်းကို နောက်ကျမှ အတည်ပြုပေးခြင်းသည် ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းနှင့် များစွာ လွဲမှားနေသည်ဟု တိုင်းဒေသကြီးလွှတ်တော်၊ ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းက လွှတ်တော်အစည်းအဝေးတွင် သုံးသပ်ပြောဆိုသည်။

နေပြည်တော်ဧည့်ရိပ်သာ ဆောက်လုပ်ခြင်းလုပ်ငန်းအတွက် လေးကြိမ် အရစ် ခွဲ၍ ငွေထုတ်ပေးရာတွင် တိုင်းတည်/ကော်၏ ခွင့်ပြုချက်မရှိဘဲ၊ သက်ဆိုင်ရာ၏ စစ်ဆေးမှု မရှိဘဲ မည်သူက တာဝန်ခံကာ ကုမ္ပဏီအား ငွေထုတ်ပေးခဲ့သနည်း ဟူသော အချက်သည်လည်း မေးခွန်းထုတ်စရာဖြစ်နေကြောင်း ဦးကျော်မင်းက ပြောသည်။ လုပ်ငန်းကို တရားဝင် တင်ဒါခေါ်ယူထားသဖြင့် တင်ဒါအောင်မြင်သည့် ကုမ္ပဏီကို ထုတ်ပြန်ကြေညာရမည်ဖြစ်သော်လည်း ယင်းကြေညာချက်ကို မတွေ့ရကြောင်း ၎င်းက ဆက်လက်ဆွေးနွေးခဲ့သည်။

ယင်းလုပ်ငန်း သုံးမျိုးနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ ညွှန်ကြားချက်များနှင့်အညီ မှန်မှန်ကန်ကန် ဖြစ်စေရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ကို တိုင်းဒေသကြီးလွှတ်တော်က ထိန်းကျောင်းတည့်မတ်သင့်ကြောင်း တိုင်းဒေသကြီးလွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီက အကြံပြုတင်ပြခဲ့သည်။

Global Grand Co.,LTDနှင့် သိန်းကမ္ဘာ ကုမ္ပဏီတို့မှာ ကုမ္ပဏီတစ်ခုတည်းဖြစ်သည်ဟု သိရကြောင်း ဒေါက်တာ ထူးနေအောင်က  လွတ်တော် အစည်းအဝေးတွင် ပြောသည်။

“လုပ်ငန်း သုံးခုစလုံးကို Third Partyနဲ့ ပြန်လည်ပြီးတော့ စိစစ် စစ်ဆေးဖို့ အကြံပြုပြောကြားလိုပါတယ်”ဟု ၎င်းက တိုက်တွန်းခဲ့သည်။

လုပ်ငန်း သုံးခုမှာ ပြီးစီးနေပြီဖြစ်သော်လည်း တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီ၏ အတည်ပြုချက် မရသေးခြင်း၊ လုပ်ငန်း လွဲှပြောင်းအပ်နှံမှု မရှိသေးခြင်းတို့ကြောင့် တိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံးက စစ်ဆေးနိုင်ခဲ့ခြင်း မရှိကြောင်း၊ ထားဝယ် ခြင်းလုံးရုံ အရွယ်အစားမှာ ပေ (၄၀×၆၀×၂၀)၊ ပုလော မြို့တော်ခန်းမ ပင်မဆောင်မှာ ပေ(၅၀×၁၀၀)နှင့် နေပြည်တော်ဧည့်ရိပ်သာမှာ ပေ (၈၄× ၂၄) နှစ်ထပ်အဆောက်အအုံ ဖြစ်ကြောင်း သိရသည်။

တင့်လွင်

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်