ကြေးစား အရပ်သား သုံးဦး၊ တပ်မတော်သားလွှတ်တေ်ာကိုယ်စားလှယ်တစ်ဦးနှင့် သန်းခေါင်ယံည လူသတ်မှုဖြစ်စဉ်

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်က ခိုင်းစေသည်ဟု ကြေးစား သုံးဦးက ထွက်ဆိုထားသည့် သန်းခေါင်ယံအချိန် ဇနီးမောင်နှံ နှစ်ဦး၏ အိပ်ရာထဲအထိ ဝင်ရောက် ရိုက်နှက်မှုတစ်ခု မွန်ပြည်နယ်တွင် ဖေဖော်ဝါရီ တတိယပတ်က ဖြစ်ပွားခဲ့သည်။

အရိုက်ခံရသူ ဇနီးမောင်နှံတွင် ခင်ပွန်းဖြစ်သူမှာ ဆေးရုံတွင် အတွင်းလူနာအဖြစ် ကုသခံခဲ့ရပြီး ဇနီးဖြစ်သူမှာ သေဆုံးသွားခဲ့သည်။

အရပ်သားသုံးဦးအား အခကြေးငွေပေး၍ တပ်မတော်သား တစ်ဦးနှင့် ၎င်း၏ ဇနီးကို ရိုက်နှက်ရန် စေခိုင်းသူမှာ ဗိုလ်မှူးအဆင့်ရှိသူ မွန်ပြည်နယ်လွှတ်တော် တပ်မတော်သားကိုယ်စားလှယ် တစ်ဦးဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု ကျိုက်မရောမြို့နယ် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ ရဲအရာရှိတစ်ဦးက ပြောသည်။

“ဒီနေ့ ရဲစခန်းကို ဒု ဗိုလ်မှူးကြီး တစ်ယောက်တော့ လာတယ်။ ဒီသတင်းကို အတည်ပြုလို့ရတယ်။ ဗိုလ်မှူးဇော်လင်းအောင် စေခိုင်းတာဆိုတာ” ဟု ရဲအရာရှိက ဟင်္သာမီယာသို့ ဖေဖော်ဝါရီ ၂၀ ရက်တွင် အတည်ပြု ပြောဆိုသည်။

Advertisements

အခင်းဖြစ်ပွားခဲ့ရာမှာ မွန်ပြည်နယ် ကျိုက်မရောမြို့ ဘာဘူကုန်းကျေးရွာအုပ်စု ခရုံဆည်မြောင်းလမ်းရှိ လယ်စိုက်ခင်းတွင် ဖြစ်သည်။ အရှေ့တောင်တိုင်း စစ်ဌာနချုပ်ပိုင် လယ်စိုက်ခင်းဟု ရဲအရာရှိက ဆို၏။

အခင်းဖြစ်ပွားသည့်အချိန်မှာ ဖေဖော်ဝါရီ ၁၆ ရက် ည ၁၁ နာရီခွဲခန့်ဖြစ်ကြောင်း သိရသည်။
ဖြစ်စဉ်မှာ အဆိုပါ လယ်စိုက်ခင်း တဲအနီးရှိ ကောက်ရိုးပုံဘေးတွင် တပ်ကြပ်အဆင့်ရှိ နိုင်ဦးဆိုသူနှင့် ၎င်း၏ ဇနီး တို့ အိပ်ပျော်နေစဉ် သီရီမင်္ဂလာရပ်ကွက်နေ ကြည်သာ (ခ)စကေး (၂၉ နှစ်) နှင့် ဒီလုံး (၃၃ နှစ်) တို့နှစ်ဦး ရောက်လာပြီး သစ်သားတုတ်ဖြင့် ရိုက်နှက်ခဲ့ကြောင်း သိရသည်။ သူတို့နှစ်ဦးကို တစ်ဆင့်ထပ်မံ ခိုင်းစေသူမှာ တစ်ရပ်ကွက်တည်းနေ ကျော်လင်းဦး (ခ) လင်းလင်းဟု ဆို၏။

အခင်းဖြစ်ပွားသည့်ညက အဆိုပါဇနီးမောင်နှံနှစ်ဦး ခြင်ထောင် ထောင်၍ အိပ်ပျော်နေစဉ် ‘ဗိုလ်မှူး ဇော်လင်းအောင် တပည့်’ဟု ပြော၍ သစ်သားတုတ်များဖြင့် ဝိုင်းဝန်းရိုက်နှက်ခဲ့ကြောင်း တိုင်တန်းချက်မှတ်တမ်းတွင် ဖော်ပြထားသည်။

ထိုသို့ သစ်သားတုတ်ဖြင့် ရိုက်နှက်ခဲ့မှုကြောင့် တပ်ကြပ် နိုင်ဦးမှာ ယာဘက်ဦးခေါင်း နောက်စေ့ ပေါက်ပြဲဒဏ်ရာ၊ ယာဘက်လက်ဖျံ လက်ခလယ်ကျိုးဒဏ်ရာ၊ ညာခြေထောက် ဖူးရောင်ဒဏ်ရာများရရှိခဲ့ပြီး ၎င်း၏ ဇနီး ဒေါ်စိန်လှမှာ ဒဏ်ရာများဖြင့် အခင်းဖြစ်ပွားနေရာ၌ သေဆုံးခဲ့ရကြောင်း တိုင်တန်းချက်မှတ်တမ်းအရ သိရသည်။

ပြစ်မှုကျူးလွန်ခဲ့သူ ဒီလုံး၊ စကေးနှင့် ကျော်လင်းဦး (ခ) လင်းလင်းတို့ သုံးဦးကို မွန်ပြည်နယ်ရဲအကူတပ်ဖွဲ့ခွဲ၊ မူခင်းအကူဌာနစုမှ ရဲတပ်ဖွဲ့ဝင်များ၊ မော်လမြိုင်ခရိုင်ဒုစရိုက်မှု နှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များနှင့် နယ်မြေခံရဲတပ်ဖွဲ့ဝင်များက လိုက်လံစုံစမ်းရှာဖွေဖော်ထုတ်ဖမ်းဆီးခဲ့ကြောင်း သိရသည်။ ၎င်းတို့ကို စစ်ဆေးမေးမြန်းရာတွင် တပ်မတော်မှ ဗိုလ်မှူး ဇော်လင်းအောင်က ငွေပေး၍ လူရိုက်ခိုင်းခဲ့ကြောင်း ထွက်ဆိုခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

လက်ရှိအချိန် (ဖေဖော်ဝါရီ ၂၂) ၌ တပ်ကြပ်နိုင်ဦးမှာ ရိုက်နှက်ခံရသည့် ဒဏ်ရာများဖြင့် မော်လမြိုင်မြို့ ကုတင် ၃၀၀ တပ်မတော်ဆေးရုံ၌ ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။
မွန်ပြည်နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိရဲအရာရှိတစ်ဦးကလည်း ဟင်္သာသို့ ယခုလို ပြောသည်။

Advertisements

“တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူး ဇော်လင်းအောင်က သူတို့ကို သွားရိုက်ခိုင်းတာလို့ စစ်ဆေးပေါ်ပေါက်တဲ့အတွက် အထက်ဌာနကိုတော့ တင်ပြထားပါတယ်”ဟု ဆို၏။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူး ဇော်လင်းအောင်ထံသို့ ဟင်္သာမီဒီယာက ဖေဖော်ဝါရီ ၂၀ ရက်နေ့မှ ၂၂ ရက်ညအထိ ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်သော်လည်း ၎င်းဖုန်းမှာ စက်ပိတ်ထားသည်။ ဗိုလ်မှူး ဇော်လင်းအောင်မှာ ယခင်အစိုးရ သမ္မတ ဦးသိန်းစိန်လက်ထက်ကတည်းက ပြည်နယ်လွှတ်တော် တပ်မတော်သားကိုယ်စားလှယ်တစ်ဦးလည်း ဖြစ်သည်။

တပ်ကြပ်အဆင့်ရှိ တပ်မတော်သားတစ်ဦးကို ဒဏ်ရာများရရှိအောင် ပြုလုပ်ပြီး ၎င်းတပ်မတော်သား၏ ဇနီးဖြစ်သူကို သေဆုံးအောင် ရိုက်နှက်ခဲ့သည့် ကြည်သာ၊ ဒီလုံးနှင့် ကျော်လင်းဦးတို့ သုံးဦးကို ကျိုက်မရောမြို့မရဲစခန်းမှ (ပ) ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂/ ၃၂၅/ ၃၄ အရ အမှုဖွင့်အရေးယူ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျော်လင်းဦး (ခ) လင်းလင်းက ထွက်ဆိုသည်မှာ ဗိုလ်မှူး ဇော်လင်းအောင်နှင့် သီရိမြိုင်ရပ်ကွက် (၈) လမ်းထိပ်ရှိ လ္ဘက်ရည်ဆိုင်တစ်ဆိုင်တွင် ဖေဖော်ဝါရီ ၁၅ ရက်က တွေ့ဆုံခဲ့ကြောင်း၊ တပ်ပိုင်လယ်၌ နေထိုင်သည့် နိုင်ဦးဆိုသူကို ခြောက်လှန့်သောသဘောဖြင့် လက်နှင့် ခြေထောက်အား ရိုက်ခိုင်းခဲ့ကြောင်း မွန်ပြည်နယ်ရဲတပ်ဖွဲ့ မှတ်တမ်းတွင် ဖော်ပြထားသည်။

အခကြေးငွေအဖြစ် ကျပ်နှစ်သိန်း ရရှိခဲ့ကြောင်းလည်း ကျော်လင်းဦးက ရဲတပ်ဖွဲ့ထံ ထွက်ဆိုထား၏။
“အဓိက တရားခံအစစ်အမှန်ကို စုံစမ်းဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့တာဟာ ကျော်လင်းဦးက လူရိုက်ဖို့ ပထမဆုံး အငှားခံခဲ့ရတဲ့သူဆီကနေတစ်ဆင့် စုံစမ်းသိရလို့ ပြစ်မှုကျူးလွန်တဲ့သူတွေကို အမြန်ဆုံးဖမ်းဆီးနိုင်ခဲ့တာ”ဟု ဖမ်းဆီးရေးအဖွဲ့မှ တာဝန်ရှိရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ရိုက်နှက်ပေးရန်အတွက် တစ်ရပ်ကွက်တည်းနေသူ တစ်ဦးကို တစ်ဆင့်ပြန် ငှားရမ်းခဲ့သော်လည်း အလုပ်မဖြစ်၍ ဒီလုံးဆိုသူကို ထပ်မံငှားခဲ့ကြောင်း ထွက်ဆိုသည်၊ ယင်းအပြင် နိုင်ဦးနေထိုင်ရာကို သွားရောက်ပြသချိန်တွင် နိုင်ဦးမှာ နေအိမ်တွင် ရှိမနေသဖြင့် မော်လမြိုင်မြို့သို့ ပြန်လာခဲ့ကြောင်းလည်း ထွက်ဆိုထားသည်ဟု မွန်ပြည်နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိ ရဲအရာရှိတစ်ဦးက ပြန်ပြောပြသည်။

နောက်တစ်နေ့ (ပြစ်မှုကျူးလွန်သည့်နေ့) ဖေဖော်ဝါရီ ၁၆ ရက် ည ၈ နာရီခွဲခန့်တွင် ဒီလုံးနှင့် စကေး (ခ) ကုလားတို့ နှစ်ဦး ကျော်လင်းဦးထံ ရောက်လာကာ နိုင်ဦးအိမ်သို့ သွားရောက်ရန် ခေါ်သဖြင့် လိုက်သွားခဲ့ကြောင်း၊ ကျော်လင်းဦးမှာ နိုင်ဦးနေအိမ်သို့ မရောက်မီ ခရုံဆည်မြောင်းလမ်းထိပ်၌ နောက်ချန် နေရစ်ကြောင်း ကျူးလွန်သူ သုံးဦးစလုံး၏ ထွက်ဆိုချက်တွင် ဖော်ပြထားသည်။

ရိုက်နှက်အပြီး ည ၁၂ နာရီခန့်တွင် သုံးဦး ပြန်ဆုံကာ ကျော်လင်းဦးက အခကြေးငွေအဖြစ် ငွေကျပ်ငါးသောင်းစီ ပေးခဲ့ကြောင်း၊ ယင်းအပြင် မြိုင်သာယာရပ်ကွက်ရှိ KTV စားသောက်ဆိုင်၌ နံနက် ၃ နာရီအထိ မူးယစ် သောက်စား သီချင်းဆိုခဲ့ကြောင်း ကြည်သာ (ခ) စကေးဆိုသူက ထွက်ဆိုခဲ့သည်ဟု ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။

“ပဏာမ စစ်ဆေးချက်အရတော့ ဗိုလ်မှူးဇော်လင်းဦး ငွေပေးပြီး စေခိုင်းတယ်ဆိုတာ လင်းလင်း (ခ) ကျော်လင်းဦးက ထွက်ဆိုထားတယ်။
အသေးစိတ်ကို ထပ်ပြီး စစ်ဆေးနေတုန်း။ အခုက လူသက်သေတွေ ရှိနေပြီဆိုတော့ နောက်ထပ် သေချာခိုင်မာတဲ့ သက်မဲ့သက်သေတွေ၊ အထောက်အထားတွေ ရှာဖွေစစ်ဆေးနေတုန်းပဲ” ဟု မော်လမြိုင်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သိန်းထွန်းဦးက ပြောသည်။

ဗိုလ်မှူး ဇော်လင်းအောင်သည် ဖေဖော်ဝါရီ ၁၈ ရက်က စတင် ပြုလုပ်နေသည့် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို တတိယနေ့အထိ တက်ရောက်ခြင်းမရှိဘဲ တပ်မတော်ပိုင်းကိစ္စဆိုင်ရာ အရေးကြီးတာဝန်ကြောင့် ခွင့်တိုင်ကြားထားကြောင်း မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောသည်။

တပ်မတော်အသိုင်းအဝိုင်းနှင့် နီးစပ်သည့် ယုံကြည်ရသော သတင်းရင်းမြစ်က ဟင်္သာမီဒီယာထံ ဖေဖော်ဝါရီ ၂၂ ရက်တွင် ယခုလို ပြောဆိုထားသည်။

လက်ရှိအချိန်တွင် ဗိုလ်မှူး ဇော်လင်းအောင်ကို အမှတ် ၅၂၅ ထောက်/ပို့ တပ်(မော်လမြိုင်)တွင်
အကျယ်ချုပ် သဘော ထားရှိ ထိန်းသိမ်း စစ်ဆေးနေကြောင်း၊ မွန်ပြည်နယ်လွှတ်တော် တပ်မတော်သားကိုယ်စားလှယ် တစ်ဦးကို ဗိုလ်မှူး ဇော်လင်းအောင်နေရာတွင် အစားထိုးရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ကနဦးသတင်းများအရ ကြားသိရသည်။

ခေတ်မင်း
(မော်လမြိုင် ဖေဖော်ဝါရီ ၂၂)

Advertisements

Leave a Reply