Advertisements

အတ္ထရံမြစ်ရေတင် စီမံကိန်းနှင့် ရေကောင်းရေသန့် ရရှိရေးအိပ်မက်

အတ္ထရံမြစ်ရေတင် စီမံကိန်း လုပ်ဆောင်ရန် ထိုင်း- မြန်မာ ဖက်စပ်ကုမ္ပဏီတစ်ခုနှင့် မွန်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ မော်လမြိုင်မြို့ပေါ် ရပ်ကွက် ၁၂ ခုကို သန့်စင်သော သောက်သုံးရေ ၂၄ နာရီအချိန်ပြည့် ရရှိအောင် ဆောင်ရွက်သွားမည်ဟု ၂၀၁၈ ခုနှစ် အစောပိုင်းကာလ မတ်လတွင် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးမြင့်အောင်က ပြောဆိုထားခဲ့သော်လည်း ယနေ့အချိန်ထိ လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်ခြင်း မရှိသေးပေ။

ခွင့်ပြုချက် ရရှိထားပြီဖြစ်

“လောလောဆယ် ပြည်နယ်အစိုးရအဖွဲ့ရဲ့ ဘတ်ဂျက်နဲ့ ဆောင်ရွက်ဖို့ စီစဉ်နေတယ်။ အခုဖြည့်စွက်ရန်ပုံငွေမှာ ပထမအဆင့်အနေနဲ့ စတင်ဆောင်ရွက်ဖို့ လျာထားတယ်”ဟု မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အင်ဂျင်နီယာမှူး ဦးခင်မောင်လတ်က ၂၀၁၉ ဖေဖော်ဝါရီတွင် ပြောသည်။
အဆိုပါ စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ရန် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် – MIC ၏ ခွင့်ပြုချက်ရရှိထားပြီး ဖြစ်ကြောင်း ညွှန်ကြားရေးမှူး ဦးမြင့်အောင်က ပြောဆိုထားသည်။

စီမံကိန်းကို လုပ်ဆောင်နိုင်ပါက မော်လမြိုင် မြို့ပေါ် ၁၂ ရပ်ကွက်နေ ပြည်သူ တစ်သိန်းကျော်ခန့်ကို သန့်စင်သည့် သောက်ရေ၊ သုံးရေ ၂၄ နာရီ အပြည့်အဝပေးနိုင်မည့်အပြင် မသန့်ရှင်းသော ရေကြောင့်ဖြစ်ပေါ်တက်သည့် ရောဂါများကိုလည်း ကာကွယ်သွားနိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

Advertisements

မော်လမြိုင်မြို့ တောင်ဘက်ခြမ်း ဇေယျာသီရိရပ်ကွက်မှစ၍ မရမ်းကုန်းရပ်ကွက်အထိ ရပ်ကွက် ၁၂ ခုကို သန့်စင်သော သောက်သုံးရေရရှိစေရန် စီမံကိန်း လျာထားခြင်းလည်း ဖြစ်သည်။
လက်ရှိအချိန်တွင် ရွှေနတ်တောင်ဆည်ရေနှင့် အတ္ထရံ (၁)၊ အတ္ထရံ(၂) ရေပေးဝေရေးတို့မှ ဖြန့်ဝေသော ရေများကိုသာ သုံးစွဲနေရသည်။

Photo : Myo Myat Thu

စီမံကိန်းကာလ

အတ္ထရံမြစ်ရေတင်စီမံကိန်းကို အမေရိကန်ဒေါ်လာ ၁၂ သန်း ရင်းနှီးမြုပ်နှံ၍ လုပ်ငန်းကို BOTစနစ်နှင့် အနှစ် ၃၀ စာချုပ် ချုပ်ဆိုသွားမည်ဖြစ်ကာ ဖြန့်ဝေမည့် ရေအရည်အသွေးအနေဖြင့် Treated Water(WHO Standard)ကို တစ်ရက်လျှင် ရေဂါလံ ၃၀,၀၀၀ ပေးဝေမည်ဖြစ်ကြောင်း သိရသည်။

ပြည်နယ်အစိုးရ၏ ရန်ပုံငွေ ၂၀၁၈- ၁၉ ဘဏ္ဍာရေးနှစ်တွင် ပထမအဆင့်အနေဖြင့် စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ဒုတိယအဆင့်အနေဖြင့် လာမည့်၂၀၁၉-၂၀ ခုနှစ်တွင် ဆောင်ရွက်ဖို့ လျာထားကြောင်း သိရသည်။

ပထမအဆင့်တွင် ပြည်နယ်အစိုးရ ရန်ပုံငွေ ၁ ဒသမ ၉ ဘီလီယံခန့် လျာထားခြင်း ဖြစ်သည်။ ရွှေနတ်တောင်ဆည်မှ ပေးဝေလျက်ရှိသည့် ရေကို သန့်စင်သော သောက်သုံးရေအဖြစ် ရပ်ကွက်အချို့နေ ပြည်သူများသာ အသုံးပြုနိုင်ခြင်းဖြစ်ကြောင်း သိရသည်။

မြစ်ရေတင် စီမံကိန်းကာလကို ၂၀၂၃ ခုနှစ်ထိ သတ်မှတ်ထားခြင်း ဖြစ်သည်။

တစ်နိုင်ငံလုံး အတိုင်းအတာ

လက်ရှိ မော်လမြိုင်မြို့၌ ရေသုံးစွဲမှုအနေဖြင့် ရေအရင်းအမြစ် ၄ ခု မှ တစ်နေ့လျှင် ရေဂါလံ ၃ သန်းခန့် ဖြန့်ဝေပေးနေရပြီး တစ်ယူနစ် ၁၅၀ ကျပ်နှုန်းဖြင့်သာ ကောက်ခံလျက်ရှိကြောင်း မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အင်ဂျင်နီယာမှူး ဦးခင်မောင်လတ်က ပြောသည်။

မွန်ပြည်နယ်သည် ရေကောင်းရေသန့်သောက်သုံးသည့် အိမ်ထောင်စု ၆၉ ရာခိုင်နှုန်းရှိနေပြီး တစ်နိုင်ငံလုံးအတိုင်းအတာမှာ ၆၉ ရာခိုင်နှုန်းဖြစ်ကြောင်း ၂၀၁၄ သန်းခေါင်စာရင်းအရ သိရသည်။

တိုင်းဒေသကြီး/ပြည်နယ်အလိုက် သောက်ရေအတွက် ရေကောင်းရေသန့် ရရှိသည့် အိမ်ထောင်စုအချိုးအရ နေပြည်တော်ကောင်စီနယ်မြေ ပါဝင်ရာ မန္တလေးတိုင်းဒေသကြီးမှာ ၈၇ ဒသမ ၇ ရာခိုင်နှုန်းဖြင့် ရပ်တည်နေသည်။

မွန်ပြည်နယ်သည် ယင်းအချိုးကို မမီသေးကြောင်း အဆိုပါ စာရင်းအရ နှိုင်းယှဉ်သိရသည်။

ရေကောင်းရေသန့် အိမ်ထောင်စု အချိုး အနိမ့်ဆုံး ရခိုင်ပြည်နယ်တွင်မူ ၃၇ ဒသမ ၇ ရာခိုင်နှုန်းသာ ရရှိကြောင်း ဖော်ပြပါရှိသည်။

အချိန်ယူ ဆောင်ရွက်နေ

အတ္ထရံမြစ်ရေကို နိုင်ငံတကာ ခေတ်မီစက်ကြီးများဖြင့် စနစ် တကျ သန့်စင်ပြီးနောက် မော်လမြိုင်တစ်မြို့လုံးသို့ ၂၄ နာရီဖြန့်ဖြူး ပေးသွားမည်ဆိုတဲ့စီမံချက် ယခင်ကတည်းက ရှိခဲ့သည်။

လက်ရှိအခြေအနေတွင် “ဘတ်ဂျက်တော့ တင်ထားပြီးပြီ။ လောလောဆယ် ဒီဇိုင်းတွေ စဉ်းစားနေပြီ။ အကောင်အထည်ဖော်ဆောင်ရွက်မှုကတော့ ဒီဇိုင်းရွေးချယ်နေတဲ့ အဆင့်ပဲရှိသေးတယ်”ဟု အင်ဂျင်နီယာမှူး ဦးခင်မောင်လတ်က ဆို၏။ စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ရန် ရင်းနှီမြှုပ်နှံမှု များပြားသည့် အတွက် အချိန်ယူဆောင်ရွက်နေရခြင်း ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောသည်။

“ရေပေးဝေမှုစနစ်ကို တစ်ခုခုတိုးချဲ့မယ်ဆိုရင် အစကနေ အကုန်လုံး ပြန်လုပ်ရတာဖြစ်တယ်”ဟု အင်ဂျင်နီယာမှူးက ထပ်လောင်း ပြောပြသည်။ စီမံကိန်းဖော်ဆောင်ပြီးပါက မြို့ပေါ် ၂၃ ရပ်ကွက်ခန့်သာ သန့်စင်သောက်သုံးနိုင်သည့် ရေကို ပေးဝေနိုင်မည်ဖြစ်ကြောင်း ဆိုသည်။

ဒေသခံများ ပြောကြားချက်

ယမန်နှစ်က ၁၈ လအတွင် ပြီးစီးမည် မျှော်မှန်းထားသော စီမံကိန်းမှာ နောက် ဘဏ္ဍာနှစ်တွင်မှ အချောသတ်နိုင်တော့မည်ဟု သုံးသပ်ယူဆရသည်။ လက်ရှိ ရေသုံးစွဲနေမှု အနေအထားကို ဒေသခံအချို့က ယခုလို ပြောပြသည်။

“အခုက အတ္ထရံက ပေးတဲ့ရေတွေက မြစ်ရေကနေ ပေးနေရတာဆိုတော့ သောက်သုံးလို့ ဘယ်လိုမှ မရနိုင်သေးဘူး။ ကျွန်တော်တို့ ပြည်သူတွေ အားလုံးကတော့ သန့်စင်တဲ့ ရေကို ၂၄ နာရီ အချိန်ပြည့်ရမယ်ဆိုရင်တော့ ကောင်းတာပေါ့” ဟု ရွှေမြိုင်သီရိရပ်ကွက် ဒေသခံတစ်ဦးက ဆို၏။
မြိုင်သာယာရပ်ကွက်နေထိုင်သူ ဒေါ်ကျော့ကေခိုင်က “ကျွန်မတို့ရပ်ကွက်က ရေကော်မတီက ရေမလာလို့ သွားပြောရင် လာလည်း မကြည့်ပေးဘူး။ တစ်ခါရေမလာတာ လေးငါးရက်ကြာသွားတယ်။ ရေ အခွန်ကောက်တဲ့ ရက်ဆိုရင် တစ်ခါမှ မပျက်ဘူး။ ရေတောင် တစ်ရက်ခြား တစ်ခါ ပေးဝေနေတာတောင်မှ ရေလာတဲ့ရက်နဲ့ ရေမလာတဲ့ ရက်က ပိုများနေတယ်” ဟု ပြောသည်။

“ရေက လာချင်တဲ့ အခါလာတယ်။ မလာချင်တဲ့အခါမလာဘူး။ ရေလာတဲ့ ရက်ဆိုရင်လည်း လွယ်လွယ်ကူကူမရဘူး။ မော်တာနဲ့ ပြန်စုပ်ယူနေရတယ်။ အဲလိုမစုပ်ယူရင် ရေမရဘူး” ဟု ရွှေမြိုင်သီရိရပ်ကွက်မှ ကိုကျော်ကျော်က ပြောဆိုသည်။

ရေချို ရေငန် နှစ်မျိုးစလုံးနှင့် ထိစပ်တည်ရှိနေသည့် မော်လမြိုင်အဖို့ အတ္ထရံမြစ်ရေသာ သန့်စင်ရေအဖြစ် ပြောင်းလဲအသုံးချနိုင်မည်ဆိုပါက ရေကောင်းရေသန့် ရရှိမှု အချိုးအစား မြင့်တက်လာမည်ဖြစ်ကြောင်း ဝေဖန်သုံးသပ်မှုများ ယမန်နှစ်ကတည်းက ရှိခဲ့ ကြားသိခဲ့ရသည်။

“ပြည်သူများအနေနဲ့ သန့်ရှင်းတဲ့ ရေရအောင် စည်ပင်သာယာရေးအဖွဲ့အနေနဲ့ရော အစိုးရအနေနဲ့ရော အစွမ်းကုန်ဆောင်ရွက်ပေးနေပါတယ်။ လက်ရှိအချိန်မှာ ရရှိနေတဲ့ရေတွေကိုလည်း ဖြုန်းတီးမပစ်ဘဲ အကျိုးရှိစွာအသုံးပြုကြဖို့ ” ဟု မြိ့နယ်အင်ဂျင်နီယာမှူး ဦးခင်မောင်လတ်က တိုက်တွန်းပြောဆိုသည်။ ။

ခေတ်မင်း

Advertisements

Leave a Reply