ရန်ကုန်- မြိတ်လမ်းရှိ ဘီးလင်းတိုးဂိတ် ပြောင်းရွှေ့တည်ဆောက်ရန် တင်ပြထားဟုဆို

31

မော်လမြိုင် ဖေဖော်ဝါရီ

ဘီးလင်းမြို့နယ်ရှိ ရွှေသံလွင် ဟိုင်းဝေး ကုမ္ပဏီလီမိတက်မှ B.O.T စနစ်ဖြင့် လမ်းအသုံးပြုခ ကောက်ခံနေသည့် ရန်ကုန်- မြိတ်လမ်း မိုင်တိုင်(၁၂၇/၃) ဘီးလင်းတိုးဂိတ်အား ပြောင်းရွှေ့တည်ဆောက်ရန် ညွှန်ကြားရေးမှူးချုပ်၊ လမ်းဦးစီးဌာန နေပြည်တော်သို့ တင်ပြထားပြီးဖြစ်ကြောင်း မွန်ပြည်နယ် ဆောက်လုပ်ရေး ဝန်ကြီး ဦးမင်းကျော်လွင်က ပြောသည်။

ဖေဖော်ဝါရီလ ၁၉ ရက်တွင် ကျင်းပသည့် ဒုတိယအကြိမ် မွန်ပြည်နယ် လွှတ်တော် ၁၂ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် ဘီးလင်းမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ မှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ခင်နိုင်ဦး၏ မေးမြန်းချက်ကို ဝန်ကြီးက ပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ လမ်းပိုင်း မိုင်တိုင်(၁၂၇/၃) ကို ပြောင်းရွှေ့တည်ဆောက်ရန် မြေနေရာ ရွေးချယ်ထားမှုအား မွန်ပြည်နယ် အစိုးရအဖွဲ့၏ သဘောထားနှင့် လမ်းဦးစီးဌာန၏ သဘောထားများကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီ ၅ ရက်နေ့က နေပြည်တော်သို့ ပေးပို့ထားပြီး ဖြစ်ကြောင်း ဦးမင်းကျော်လွင်က ဆိုသည်။

ယင်း တိုးဂိတ် ပြောင်းရွှေ့ဆောက်လုပ်မည့်မြေနေရာကို မိုင်တိုင်(၁၁၆/၂)နှင့် (၁၁၆/၃) ကြား၊ သံတံတား ကျေးရွာရှိ ကုမ္ပဏီ အခြေစိုက် တောင်စွန်းစခန်းခွဲ၏ အရှေ့မျက်နှာ လမ်းနယ်နိမိတ်အတွင်း ပြောင်းရွှေ့ဆောက်လုပ်ရန် မြေနေရာ ရွေးချယ်ထားကြောင်း ၎င်းက ပြောသည်။

ထို့ပြင် ပြောင်းရွှေ့တည်ဆောက်ရန် အထက်ပါ မြေနေရာ မသတ်မှတ်မီ သပြေကျေးရွာ အနီး မိုင်တိုင်(၁၁၈/၃)နှင့် (၁၁၈/၅)ကြား ပြောင်းရွှေ့တည်ဆောက်နိုင်ရန် မြေပြင်ရှင်းလင်းခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ဒေသခံများ ကန့်ကွက်မှု ရှိခဲ့သည့်အတွက် လက်ရှိနေရာတွင်သာ ဆက်လက် ကောက်ခံလျက်ရှိကြောင်း ၎င်းက ထပ်လောင်းပြောသည်။

လက်ရှိတင်ပြထားသည့် မြေနေရာတွင် ကန့်ကွက်မှုမရှိဘဲ ကိုယ်စားလှယ်များနှင့် ဒေသခံများ သဘောတူကြောင်း ၎င်းက ဖြေကြားခဲ့သည်။

တေဇ

Advertisements

Leave a Reply