ကျေးလက် သောက်သုံးရေ ဖူလုံရေး ဒေသအလိုက် ဆောင်ရွက်မည်

ချောင်းဆုံ ဖေဖော်ဝါရီ ၂၀

ချောင်းဆုံမြို့နယ် ကျေးရွာအချို့တွင် နွေရာသီရောက်တိုင်း ရေရှားပါးလေ့ရှိသဖြင့် သောက်သုံးရေ လုံလောက်စွာ ရရှိနိုင်ရေးအတွက် လုပ်ငန်းစဉ်များ ဒေသအလိုက် ချမှတ်ဆောင်ရွက်ရန် ရှိကြောင်း သိရသည်။

မြေသားရေလှောင်ကန်တည်ဆောက်ခြင်း ၊ စက်ရေတွင်းတူးဖော်ခြင်း၊ ရေလှောင်ကန်တည် ဆောက်ခြင်း ၊ ရေပိုက်သွယ်တန်းခြင်းလုပ်ငန်းများကို ဆောင်ရွက်မည်ဖြစ်သည်။

“သောက်သုံးရေရရှိရေးလုပ်ငန်းများအနေနဲ့ ဆယ်ဗလာကျေးရွာမှာ ဂါလန် ၅၀၀၀ ဆံ့ရေကန်နှစ်ကန်၊ ဒေါင်းရပ် မှာ ရေပိုက်သွယ်တန်းခြင်း ၊ ရေစက်ရုံတည်ဆောက်ခြင်း ၊ ဂါလန် ၃၀၀၀ ဆံ့ရေစင်၊ ဂါလန် ၅၀၀၀ ဆံ့ရေ လှောင်ကန် ဆောင်ရွက်ဖို့ ရှိတယ်” ဟု ချောင်းဆုံမြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှူး ဦးခင်မောင်မောင်ဇော်က ဆိုသည်။

Advertisements

ယင်းအပြင် ကွမ်ရိုက်ကျေးရွာအုပ်စု ကဒါကျေးရွာတွင် ရေပိုက်သွယ်တန်းခြင်း ၊ ဂါလန် ၃၀၀၀ ဆံ့ရေစင်၊ ဂါလန် ၅၀၀၀ ဆန့်ရေလှောင်ကန် ၊ မြေသားရေလှောင်ကန်တည်ဆောက်ခြင်း ၊ ဂါလန် ၁၀၀၀၀ ဆံ့အုတ်ကန်တည်ဆောက်ခြင်း ၊ စက်ရေတွင်းတူးဖော်ခြင်း ၊ ကမာကေး ကျေးရွာအုပ်စု တော်ကပူးကျေးရွာတွင် ကန်ဘောင်ပြုပြင်ခြင်းနှင့် ရေစက်ရေပိုက်သွယ်တန်းခြင်းလုပ်ငန်းများ
ဆောင်ရွက်ရန် ရှိကြောင်း ၎င်းက ဖြည့်စွက်ပြောသည်။

လုပ်ငန်းအစီအစဉ်ရေးဆွဲရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနတို့ ပါဝင်ရေးဆွဲခဲ့ကြောင်း သိရသည်။

“မွန်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာအေးဇံ ချောင်းဆုံမြို့နယ်ခရီးစဉ်တွေမှာဒေသခံတွေကသောက်သုံးရေ
လုံ လောက်စွာရရှိရေးအတွက်တင်ပြတောင်းဆိုထားခဲ့ကြတာလည်းရှိတယ်။ မွန်ပြည်နယ်ဝန်ကြီးချုပ်ကလည်း အခုနှစ်အတွင်းမှာသောက်သုံးရေလုံလောက်စွာရရှိရေးလုပ်ငန်းတွေကိုဦးစားပေးအကောင်အထည်ဖော်ဆောင်ရွက်သွားမယ်လို့ပြန်လည်ဖြေကြားထားတာလည်းရှိတယ်။လုပ်ငန်းတွေအကောင်အထည်ဖော်ဆောင်ရွက်ဖို့လည်း ရှိတယ်”ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းအောင်ကျော်က ပြောသည်။

ပွင့်လင်းရာသီတွင် ဒေသတွင်း နေရာအချို့၌ ဖြစ်ပေါ်လေ့ရှိသော သောက်သုံးရေ ရှားပါးမှုပြဿနာကိုကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကလည်းကောင်း၊ လွှတ်တော်ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့်လည်းကောင်း၊ လူထုဗဟိုပြုစီမံကိန်း ပံ့ပိုးငွေဖြင့်လည်းကောင်း အသီးသီး ဆောင်ရွက်သည့်ရေပေးဝေမှုလုပ်ငန်းများအားဖြင့် အထိုက်အလျောက် ဖြေလျှော့နိုင်ခဲ့သည်ဟု ဒေသခံတို့က ပြောသည်။

လွတ်လပ်မောင်(ယက္ခမြေ)

Advertisements

Leave a Reply