မှတ်ဉာဏ်တု ပါဝင်သည့် ပထမဦးဆုံး စမတ်ကင်မရာ Microsoft ထုတ်မည်

34

ဘာစီလိုနာ ဖေဖော်ဝါရီ ၂၅

နာမည်ကျော် Microsoft ကုမ္ပဏီဟာ မှတ်ဉာဏ်တု AI စနစ်ထည့်သွင်းထားတဲ့ ပထမဦးဆုံး စမတ်ကင်မရာကို ထုတ်လုပ်မှာဖြစ်တယ်လို့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဘာစီလိုနာမှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ မိုဘိုင်းဖုန်းညီလာခံမှာ ကြေညာခဲ့ပါတယ်။

Microsoft က ဒီဇိုင်းဆွဲထားတဲ့ အဆိုပါကင်မရာကို Azure Kinect ဆိုတဲ့ တံဆိပ်နဲ့ ထုတ်လုပ်ရောင်းချသွားမှာဖြစ်ပြီး Artificial Intelligence လို့ခေါ်တဲ့ မှတ်ဉာဏ်တု ထည့်သွင်းထားတာကြောင့် ဒီတံဆိပ်ဟာ Microsoft ရဲ့ ဂုဏ်ဆောင် ထိပ်တန်းတံဆိပ် ဖြစ်လာမယ်လို့ နည်းပညာရှင်တစ်ချို့က သုံးသပ်ထားပါတယ်။

AI စနစ်နဲ့ မိုင်ခရိုဆော့ရဲ့ စမတ်ကင်မရာအသစ်တွေက ပိုမိုကောင်းမွန်ပြီး သက်သောင့်သက်သာ ရှိစေတဲ့ လူနေမှုဘဝဆီကို ခေါ်ဆောင်သွားနိုင်မှာဖြစ်တယ်လို့ မိုင်ခရိုဆော့ကုမ္ပဏီရဲ့ ဒုတိယ ဥက္ကဌ ဂျူလီယာဝှိုက်က ပြောပါတယ်။

စနစ်အတွင်းအသုံးပြုထားတဲ့ ကင်မရာတွေဟာ 1-megapixel ကနေ 12-megapixel အထိ ရှိပြီး မိုင်ခရိုဖုန်း ၇ခုအတွင်းပိုင်းမှာပံ့ပိုးထားတာကြောင့် ကွန်ပြူတာတစ်လုံးရဲ့ နှုန်းအတိုင်းအလုပ်လုပ်နိုင်မှာဖြစ်တယ်လို့ ဝှိုက်ကပြောပါတယ်။

အသစ်ထုတ်လုပ်မဲ့ စမတ်ကင်မရာဟာ အမေရိကန်ဒေါ်လာ ၃၉၉ ကျသင့်မှာဖြစ်ပြီး လက်ရှိမှာတော့ ကြိုတင် အော်ဒါမှာယူဖို့ လက်ခံနေပြီလို့ သိရပါတယ်။

နည်းပညာလောကမှာ AI စနစ်ထည့်သွင်းထားတဲ့ စမတ်ကင်မရာတွေဟာ ဈေးကွက်ကို လွှမ်းခြုံလာတာကြောင့် မိုင်ခရိုဆော့ကုမ္ပဏီကလည်း အမီလိုက်ထုတ်လုပ်တာဖြစ်တယ်လို့ Amazon အွန်လိုင်း ဝန်ဆောင်မှု ကုမ္ပဏီဘက်မှ ပြောပါတယ်။ အထူးသဖြင့် နည်းပညာသမားတွေ အထူးနှစ်ခြိုက်တတ်တာကြောင့် မိုင်ခရိုဆော့ရဲ့ စမတ်ကင်မရာတွေဟာ စောင့်ကြည့်သင့်တဲ့ ပစ္စည်းအသစ်ဖြစ်တယ်လို့ ဆိုထားပါတယ်။

Microsoft ကုမ္ပဏီနည်းတူ Google ကလည်း စမတ်ကင်မရာတွေ ထုတ်တော့မယ်လို့ မကြာသေးခင်က သတင်းတွေ ထွက်လာပေမဲ့ တရားဝင်အတည်ပြုခြင်း မရှိသေးပါဘူး။

Microsoft ကုမ္ပဏီဟာ Kinect နည်းပညာကို ၂၀၁၇ခုနှစ်ကစတင်ထုတ်လုပ်ခဲ့ပြီး Azure ဆိုတဲ့ အမည်နဲ့ စမတ်အသုံးအဆောင်ပစ္စည်းတွေကို ထုတ်လုပ်ခဲ့ပါတယ်။ AI စနစ်ပါတဲ့ ကင်မရာကိုတော့ ၂၀၁၉ခုနှစ် ဇူလိုင်လမှာ စတင်ပြီးဈေးကွက်ဖြန့်ချိသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

CNBC

Advertisements

Leave a Reply