ဆီးရီးယားနိုင်ငံတွင် နေအိမ်အလုံးပေါင်း ၂၀၀,၀၀၀ အီရန် ဆောက်လုပ်မည်

41

တီဟီရန် ဖေဖော်ဝါရီ ၂၅

အီရန်နိုင်ငံအနေဖြင့် ဆီးရီးယားနိုင်ငံတွင် နေအိမ်အလုံးပေါင်း ၂၀၀,၀၀၀ ကို ဆောက်လုပ်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးအဖွဲ့အစည်းတစ်ခု၏ တာဝန်ရှိသူတစ်ဦးက ဖေဖော်ဝါရီ ၂၄ ရက်တွင် ဖော်ပြခဲ့သည်။

အီရန်နိုင်ငံက ဆီးရီးယားအတွက် မြို့ပြရေးရာဆိုင်ရာ အဆောက်အဦးများထောက်ပံ့မှုသည် ပထမဦးဆုံးအကြိမ်ဖြစ်ပြီး သံတမန်အရေးသာမက နိုင်ငံရေးအရ ဆက်နွယ်မှုများလည်း ပိုမိုဖြစ်လာနိုင်ခြေရှိကြောင်း နိုင်ငံရေးလေ့လာသူ တစ်ချို့က သုံးသပ်သည်။

အီရန် နှင့် ဆီးရီးယားတို့သည် မကြာသေးမီက မြို့ပြတည်ဆောက်ရေး၊ ခရီးသွားလုပ်ငန်း နှင့် စိုက်ပျိုးရေးလုပ်ငန်း ဆိုင်ရာ စီမံကိန်းများ နှင့် ပတ်သက်၍ သဘောတူညီချက်များ လက်မှတ်ရေးထိုးခဲ့ကြောင်း တီဟီရန်ပြည်နယ် အကြီးစားဆောက်လုပ်ရေးအဖွဲ့အစည်း၏ ဒုတိယဥက္ကဋ္ဌ Iraj Rahbar ကပြောသည်။

အစီအစဉ်များအရ အီရန်နိုင်ငံ သည် အဓိကအားဖြင့် မြို့တော် ဒမတ်စကပ်စ်မြို့တွင် မိသားစုပေါင်းစုံ စုစည်းနေထိုင်သည့် လူနေတိုက်ခန်းပုံစံမျိုးဖြင့် လူနေအိမ်အလုံးပေါင်း ၂၀၀,၀၀၀ ကို ဆောက်လုပ်သွားမည်ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။

အဆိုပါ မြို့ပြအဆောက်အဦးများပံ့ပိုးရေးဆိုင်ရာသဘောတူညီချက်သည် လာမည့် မေလမှ စတင်ကာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး ၂၀၂၀ မကုန်မီတွင် အဆုံးသတ်ပြီးစီးရန် ရည်မှန်းထားကြောင်းသိရသည်။

Rahbar က ဆီးရီးယားအာဏာပိုင်များသည် အီရန်နိုင်ငံကို ယုံကြည်စိတ်ချရသော မိတ်ဖက်တစ်ဦးအဖြစ် လက်ခံနားလည်ထားကြောင်း ပြောကြားခဲ့သည်။

လွန်ခဲ့သည့် လက အီရန်နိုင်ငံ ပထမဒုတိယသမ္မတ Eshaq Jahangiri သည် နိုင်ငံရေး နှင့် စီးပွားရေးကိုယ်စားလှယ်အဖွဲ့တစ်ခုကိုဦးဆောင်၍ ဆီးရီးယားနိုင်ငံသို့ ရောက်ရှိလာခဲ့ပြီး နှစ်ဖက် အပြန်အလှန် သဘောတူညီချက် ၁၁ခုကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

NHK

Advertisements

Leave a Reply