ပန်းဂေါ်ဖီစိမ်း

123

ဒီတစ်ပတ်အစာလည်းဆေး၊ဆေးလည်းအစာကဏ္ဍမှာ ဖော်ပြပေးချင်တာကတော့ ကမ္ဘာမှာပေါ်ပြူလာအဖြစ်ဆုံး အသီးအရွက်တွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပြီး ကျန်းမာရေးအတွက် အကောင်းဆုံးအစားအစာဖြစ်တဲ့ ပန်းဂေါ်ဖီစိမ်း (Broccoli)ပဲဖြစ်ပါတယ်။

ပန်းဂေါ်ဖီစိမ်းဟာ မုန်ညင်း၊မုန်လာမျိုးရင်းဝင်သီးနှံတစ်မျိုးဖြစ်ပြီး ပန်းဂေါ်ဖီဖြူလိုပဲ အေးမြတဲ့ရာသီဥတုကို ကြိုက်နှစ်သက်ပါတယ်။ဒါကြောင့်မို့ မြေပြန့်ပဲဖြစ်ဖြစ်၊တောင်ပေါ်ဒေသပဲဖြစ်ဖြစ် အေးမြတဲ့ရာသီဥတုရှိရင် တစ်နှစ်ပတ်လုံံး စိုက်ပျိုးနိုင်ပါတယ်။ပန်းပွင့်တစ်ခုလုံးကို စားသုံးနိုင်ပါတယ်။

လူတိုင်းနီးပါး စားဖူးကြပေမယ့် သူ့ရဲ့ဆေးဖက်ဝင်မှုကိုတော့ နှိုက်နှိုက်ချွတ်ချွတ်သိသူ နည်းလှပါတယ်။

ပန်းဂေါ်ဖီစိမ်းမှာ သံဓာတ်အမြောက်အမြား၊ပရိုတင်း၊ခရိုမီယမ်၊ကယ်လစီယမ်၊ကာဗွန်ဟိုက်ဒရိတ်၊ ဗီတာမင်အေနဲ့စီတို့ အများအပြားပါဝင်ပါတယ်။ဒါ့အပြင် ကျန်းမာရေးဆိုင်ရာမှာအဓိကကျတဲ့ Phytochemicals ဓာတ်ပေါင်းများနဲ့Antioxidantsများလည်းပါဝင်ပါတယ်။ပန်းဂေါ်ဖီစိမ်းမှာ ခန္ဓာကိုယ်အတွက် အားအင်ဖြစ်စေတဲ့ အင်တီအောက်စီးဒင်ဓာတ်တွေ အများကြီးပါဝင်တဲ့အပြင် ဗီတာမင်ဓာတ်တွေ များစွာပါဝင်တဲ့အတွက် ကိုယ်ခံအားစနစ်ကို အလွန်ကောင်းစေပါတယ်။ပြီးတော့ သူက ပန်းဂေါ်ဖီဖြူ၊ဂေါ်ဖီထုပ်တို့လိုပဲ ကင်ဆာရောဂါကို တိုက်ဖျက်နိုင်စွမ်းနဲ့ အစာခြေစနစ်အတွက် ကောင်းမွန်တဲ့ ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်ပါတယ်။

ရင်သားကင်ဆာနဲ့ သားအိမ်ကင်ဆာဖြစ်ပွားမှုကို ကာကွယ်ပေးတဲ့အတွက် စားသုံးသင့်ပါတယ်။ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီနဲ့ ဘရိုကိုလီ (အစိမ်းရောင်ပန်းဂေါ်ဖီ) လိုမျိုး Cruciferous အမျိုးအစားဝင် ဟင်းသီးဟင်းရွက်တွေကို အနည်းဆုံး တစ်ပတ်တစ်ကြိမ်လောက် စားသုံးပေးရင် ကင်ဆာဖြစ်နိုင်ခြေကို ဖြတ်တောက်နိုင်တယ်လို့ သုတေသီတွေက ဆိုထားပါတယ်။

သူ့မှာ ရောင်ရမ်းမှုကို လျော့ကျစေသည့် omega 3 fatty acids ပါဝင်တဲ့အပြင် အရိုးအဆစ်တွေ ရောင်ရမ်းပျက်စီးစေတဲ့ အင်ဇိုင်းတွေ တိုက်ဖျက်ပေးနိုင်စွမ်းရှိတဲ့ပSulforaphane ပါဝင်တဲ့အတွက်ကြောင့် အဆစ်ရောင်ရောဂါ ခံစားနေရသူတွေ စားသုံးပေးဖို့လိုပါတယ်။အမျှင်ဓာတ်တွေ ပါဝင်တဲ့အတွက်လည်း အစာကြေလွယ်ပြီး၊ ခန္ဓာကိုယ်မှာ မလိုအပ်တဲ့ ကိုလက်စထရောကို ကျဆင်းစေပါတယ်။အမျှင်ဓာတ်တွေဟာ အစာခြေစနစ်ကို အားကောင်းစေတဲ့ Bile acid ၏ လုပ်ဆောင်မှုကို ပိုမိုကောင်းမွန်စေပါတယ်။

ဗီတာမင်စီ အပြင် ကယ်လ်စီယမ် နဲ့ ဗီတာမင်ကေ မြင့်မားစွာ ပါဝင်တာကြောင့် အရိုးသန်မာစေပြီး အရိုးပွရောဂါကိုလည်း ကာကွယ်ပေးပါတယ် ။ မဂ္ဂနီဆီယမ် ၊ သွပ် ၊ ဖော့စဖော့ရပ် တွေလည်း ပါဝင်တဲ့အတွက် ကလေးငယ်တွေ၊လူကြီး တွေနဲ့ နို့တိုက်မိခင်တွေပါမကျန် စားသုံးသင့်ပါတယ်။

ပြီးတော့ ပန်းဂေါ်ဖီစိမ်းမှာ Beta-carotene, ဖော့စ်ဖော့ရပ် ၊ ဗီတာမင် A, B,C,E ပါဝင်တဲ့အတွက် မျက်စိကြွက်သားပျက်စီးခြင်းတွေနဲ့ ဖုန်း ၊ ကွန်ပျူတာကနေ အလင်းပြန်လာတဲ့ Radiations ဓာတ်ရောင်ခြည်တွေကြောင့်ဖြစ်တဲ့ မျက်လုံးထိခိုက်မှုဒဏ်ကိုလည်း ကာကွယ်ပေးပါတယ်။

မျက်လုံး အားကောင်းပြီး အတွင်းတိမ် ဖြစ်ခြင်းမှ ကာကွယ်ပေးကာ အသားအရေကိုစိုပြေလှပစေပါတယ်။

မျက်စိအာရုံနည်းပါးသူများလည်း စားသုံးပေးသင့်ပါတယ်။သူ့မှာပါတဲ့ အမျှင်ဓာတ်၊ Fatty acids,ဗီတာမင်ဓာတ် တွေကြောင့် ခန္ဓာကိုယ်ရှိ သွေးလည်ပတ်မှု ၊ သွေးဖိအား ကောင်းမွန်စေသလို မလိုအပ်တဲ့ ကိုလက်စထရောတွေကိုလည်း လျော့နည်းစေသဖြင့် နှလုံးကျန်းမာရေးအတွက် ကောင်းမွန်စေပါတယ် ။

သူ့ကိုပုံမှန်စားသုံးပေးရင် သွေးကြောများ ပျက်စီးခြင်း ဘေးမှလည်း ကာကွယ် ပေးပါတယ်။ခန္ဓာကိုယ်မှ uric acid ကဲ့သို့သော အဆိပ်တောက်များကိုလည်း ဖယ်ရှားပေးပါတယ်။ သူ့ရဲ့အာနိသင်မပျောက်ပျက်စေတဲ့အကောင်းဆုံးစားသုံးနည်းကတော့ ရေနွေးဖျောပြီး၊ တို့စရာအဖြစ်စားသုံးခြင်းက အကောင်းဆုံးပါပဲ။

ဒါကြောင့်မို့ ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးတွေကို ပေးစွမ်းနိုင်တဲ့ ပန်းဂေါ်ဖီစိမ်းကို အလျဉ်းသင့်သလို စားသုံးသင့်ပါကြောင်း တိုက်တွန်းလိုက်ရပါတယ်။

ဖိုးဝဇီ

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်