ကြက်သွန်နီဈေးနှုန်း ကျဆင်း

မော်လမြိုင် ဖေဖော်ဝါရီ

လက်ရှိ မော်လမြိုင် ကြက်သွန်နီဈေးကွက်တွင် လက်လီလက်ကား အရောင်းအဝယ်အေးနေပြီး အခြားမြို့နယ်များမှလည်း အော်ဒါမှာယူမှု နည်းနေသေးကြောင်း မော်လမြိုင်ကုန်စည်ဒိုင်မှ ကျွန်းဒီပါပွဲရုံပိုင်ရှင် ဦးတင်ခိုင်က ပြောသည်။

“အညာဘက်မှာ ကြက်သွန်နီအသစ်တွေ အများကြီးထွက်လာပြီဆိုရင် ကြက်သွန်နီတွေ လှိုင်လှိုင်ပေါတဲ့အတွက် ဈေးကတော့ ကျတာပဲ”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီတွင် ကြက်သွန်နီ မြစ်သားအကြီး တစ်ပိဿာကျပ် ၁,၃ဝဝ ၊ အလတ် ကျပ် ၁,၂ဝဝ ရှိခဲ့ရာမှ ယခုနှစ် ဖေဖော်ဝါရီ ၁၉ရက်တွင် မြစ်သားအသစ် တစ်ပိဿာကျပ် ၈ဝဝ ၊ ကြက်သွန်နီ (အကြီး)ကျပ် ၉၅ဝ ၊ အလတ် တစ်ပိဿာ ကျပ် ၉ဝဝ အထိ ဈေးလျော့ကျလာခဲ့သည်။

Advertisements

အထက်အညာဒေသမှ ကြက်သွန်နီများအသစ်ပေါ်ချိန်တွင် ပြည်တွင်းကြက်သွန်နီဈေးနှုန်းများ ကျဆင်းလေ့ရှိကြောင်း ဦးတင်ခိုင်က ပြောသည်။

မွန်ပြည်နယ် ကြက်သွန်နီဈေးကွက်အတွင်း ဈေးနှုန်းများ ကျဆင်းလာသည်သာမက အရောင်းအဝယ်ပါ အေးလျက်ရှိကြောင်း မော်လမြိုင် ကုန်စည်ဒိုင်ရှိ ရွှေနဒီပွဲရုံမှ တာဝန်ရှိသူကလည်း ပြောသည်။

“အရင်တုန်းကဆိုရင် ပြည်တွင်းကြက်သွန်နီ ဈေးတွေကျလာရင်လည်း တရုတ်နိုင်ငံဘက်က ဝင်လာတဲ့ ကြက်သွန်နီတွေက ရောင်းအားရှိနေသေးတော့ တော်သေးတာပေါ့၊ ဒီနှစ်မှာတော့ တရုတ် ကြက်သွန်နီရော၊ မြန်မာ ကြက်သွန်နီရော ဈေးလည်းကျနေတယ်၊ အရောင်းအဝယ်ကလည်း အေးနေတုန်းပဲ” ဟု ၎င်းက ပြောသည်။

ကြက်သွန်နီများကို မွန်ပြည်နယ်ဈေးကွက် အတွင်းသို့ အထက်အညာဒေသဖြစ်သော မြင်းခြံ၊ မြစ်သား၊ မုံရွာ၊ မြင်းမူူနှင့် မန္တလေးတို့မှ တင်သွင်းပြီး၊ မော်လမြိုင်မှ တစ်ဆင့် ဘားအံ၊ မုဒုံ၊ သံဖြူဇရပ်၊ ရေး၊ ထားဝယ်မြို့နှင့်ကော့သောင်းမြို့များအထိ ပြန်လည်းဖြန့်ဖြူးရောင်းချလျက်ရှိကြောင်းသိရသည်။

ထိုက်ထိုက်

Advertisements

Leave a Reply