ကျိုက်ထီးရိုးတောင် အမှိုက်ကိစ္စ စီမံခန့်ခွဲမှု သေချာဆုံးဖြတ် လုပ်ဆောင်ရန် လိုအပ်ဟုဆို

73

မော်လမြိုင် ဖေဖော်ဝါရီ

ကျိုက်ထီးရိုးတောင်ရှိ အမှိုက်ကိစ္စ စီမံခန့်ခွဲမှုကို သေချာဆုံးဖြတ် လုပ်ဆောင်ရန် လိုအပ်လျက်ရှိကြောင်း မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေး ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦးက မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားသည်။

အဆိုပါ ကိစ္စနှင့် စပ်လျဉ်း၍ ဖေဖော်ဝါရီ ၂၂ ရက်က ကျင်းပသည့် ဒုတိယအကြိမ် မွန်ပြည်နယ် လွှတ်တော် ၁၂ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် ဘီးလင်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ခင်နိုင်ဦးမှ ကျိုက်ထီးရိုးတောင်တော် စေတီတော် အစီရင်ခံစာတွင် တင်ပြခဲ့သည်။

ကျိုက်ထီးရိုးဂေါပကအဖွဲ့အနေဖြင့် ရသေ့တောင်စခန်းရှိ အမှိုက်များကို သိမ်းဆည်းခြင်း၊ သယ်ယူပို့ဆောင်ခြင်း လုပ်ငန်းကို ပီပြင်စွာ လုပ်ဆောင်နိုင်ရန် အစီအစဉ်ရေးဆွဲ အကောင်အထည်ဖော်သင့်ကြောင်း အစီရင်ခံစာတွင် ပါရှိသည်။

ထို့ပြင် ဂေါပကအဖွဲ့သည် ကေဘယ်လ်ကား ကုမ္ပဏီနှင့် ပေါင်းစပ်ညှိနှိုင်း၍ အမှိုက်စွန့်ပစ် သိမ်းဆည်း ပို့ဆောင် ဖျက်ဆီးသည့် လုပ်ငန်းအောင်မြင်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်သင့်ကြောင်း အစီရင်ခံစာတွင် အကြံပြုထားသည်။

ကျိုက်ထီးရိုးတောင်တော်နှင့် ရင်ပြင် ပတ်ဝန်းကျင်တွင် လက်ရှိစွန့်ပစ်နေသည့် အမှိုက်ပစ်ကွင်း ခုနစ် နေရာရှိပြီး အမှိုက်များကို ဖျက်ဆီးရန် ရင်ပြင်တော် အဝင်ယာဉ်ရပ်နား စခန်းအနီးတွင် တစ်ရက်လျှင် သုံးတန်ကျ အမှိုက်မီးရှို့စက် တစ်လုံး တပ်ဆင်ထားသော်လည်း အသုံးပြုခြင်း မရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ကျိုက်ထီးရိုးတောင်တော်ရှိ အမှိုက်များကို စနစ်တကျ စီမံခန့်ခွဲရန်အတွက် ဂေါပကအဖွဲ့ဝင်များနှင့် သက်ဆိုင်ရာများ ညှိနှိုင်းတိုင်ပင်ဆွေးနွေးရန် လိုအပ်လျက်ရှိပြီး ကနဦး အစီရင်ခံစာ တင်ပြခြင်းဖြစ်ကာ ဆက်လက်စောင့်ကြည့်သွားမည်ဖြစ်ကြောင်း ဒေါက်တာခင်နိုင်ဦးက အကြံပြုပြောဆိုသည်။

တေဇ

Advertisements

Leave a Reply