လမ်းတွင် မူးယစ်ဆေးအချို့ စစ်ဆေးတွေ့ရှိရာမှ အိမ်ထိ လိုက်လံရှာဖွေ သိမ်းဆည်းခဲ့

မော်လမြိုင် ဖေဖော်ဝါရီ ၂၇

မော်လမြိုင်မြို့တွင် လမ်းသွားလမ်းလာတစ်ဦးထံမှ စိတ်ကြွဆေးပြား အချို့ စစ်ဆေးတွေ့ရှိရာမှ ထွက်ဆိုချက်အရ ၎င်း၏ နေအိမ်အထိ ရဲတပ်ဖွဲ့က လိုက်လံ ရှာဖွေခဲ့ရာ စိတ်ကြွဆေးပြားများနှင့် ဆေးခြောက်များ ထပ်မံ သိမ်းဆည်းရမိခဲ့ကြောင်း မော်လမြိုင် မြို့မရဲစခန်းမှ သိရသည်။

မွန်ပြည်နယ် မူးယစ်ရဲတပ်ဖွဲ့စုမှတပ်ဖွဲ့ဝင်များက မရမ်းကုန်းရပ်ကွက် အထက(၃)ကျောင်းရှေ့ လမ်းပေါ်တွင် ဖေဖော်ဝါရီ ၂၅ ရက် မွန်းလွဲပိုင်းက သတင်းအရ စောင့်ဆိုင်း စိစစ်ခဲ့ကြောင်း၊ ယင်းသို့ ဆောင်ရွက်နေစဉ် ငွေမိုးဆေးရုံဘက်မှ မောင်းနှင်လာသော Honda Wave အမျိုးအစား ဆိုင်ကယ်(နံပါတ်မပါ၊ အဖြူရောင်)ကို ရပ်တန့်စေပြီး စစ်ဆေးခဲ့ကြောင်း၊ ဆိုင်ကယ်မောင်းနှင်လာသူ ကိုစိုးသိန်း၏ ပုဆိုးတွင် ချိတ်ထားသည့် ဖုန်းထည့် ခါးချိတ်အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေး အပြား ၂၀ ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

ဆက်လက်၍ စစ်ဆေးမေးမြန်းခဲ့ရာ နေအိမ်၌ မူးယစ်ဆေးဝါးများ ကျန်ရှိသေးကြောင်း ထွက်ဆိုသဖြင့် ပန်းပဲတန်းရပ်ကွက်ရှိ နေအိမ်ကိုလည်း သွားရောက်ရှာဖွေခဲ့ကြောင်း၊ အိမ် လှေခါးအောက်တွင် သနပ်ခါးကျောက်ပျဉ်နှင့် ဖိထားသော အဖြူရောင်သနပ်ခါးဘူးခွံထဲမှလည်း စိတ်ကြွ ရူးသွပ်ဆေး ၂၆၂ ပြား ထပ်မံတွေ့ရှိကြောင်း သိရသည်။

Advertisements

ယင်းအပြင် လေးထောင့်သံပုံးဖြင့် ထည့်ထားသည့် ဆေးခြောက်ဟု ယူဆရသော အညိုရောင် အရိုး၊ အရွက်၊ အစေ့ ရောရာ ၅၆၀ ဂရမ်ခန့်ပါ လေးထောင့် သံပုံး နှစ်ပုံးကိုပါ အိမ်အောက်ထပ် အခန်းတွင် ထပ်မံ ရှာဖွေ တွေ့ရှိခဲ့ကြောင်း ရဲမှတ်တမ်း၌ ဖော်ပြထားသည်။

သို့ဖြစ်၍ စိုးသိန်း ( ပန်းပဲတန်းရပ်ကွက်နေသူ) ကို မော်လမြိုင် မြို့မရဲစခန်းတွင် မယ (ပ)၅/၂၀၁၉၊ မူးယစ်ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉ (က) အရ အရေးယူထားကြောင်း သိရသည်။

ကေအမ်

Advertisements

Leave a Reply